Thursday, July 25, 2019

(ဖေဿာဆိုတာ ဖဿနောက်ကလိုက်တာ)

0 comments

(ဖေဿာဆိုတာ ဖဿနောက်ကလိုက်တာ)
အဲ့ဇာတ်လမ်းက ရှင်းလိုက်မှကောင်းမှာ။ နို့မို့ဆို တယောက်ချင်းလိုက်ပြောနေရတော့ အာပေါက်တယ်။ ဒီလို။

အဲ့ကောင်မလေးက အရက်ဘာညာ မသောက်တတ်ဘူး။ အရင်ယောက်ျား ရှိတယ်။ ခု နောက်ယောက်ျားနဲ့က ကလေးတောင် ၃ ယောက်ရနေပြီ။ အကြီးဆုံးလေးက ဆယ့်သုံးနှစ်တောင် မရှိတတ်ရှိတတ်။ တရက် သူ့ ဘယ်နှ နှစ်မြောက် မွေးနေ့ဆိုလားလုပ်တယ်။ အရင်လည်းလုပ်နေကြတဲ့။ ဒီနှစ်တော့ ထူးထူးခြားခြားလုပ်တာမို့ ညနေခင်းအတွက် “အကိုတွေ“ ဘဲ ရွေးဖိတ်တာတဲ့။ မနက်ပိုင်း သူများတွေစားကြ ကိတ်လှီးကြမှာတဲ့။ ညနေကြ “အကိုတွေ“ချည်းပဲ သက်သက်တဲ့။ အိမ်လာခဲ့တဲ့။ လူမများဘူးတဲ့။ အသောက်ကောင်းစေရမယ်တဲ့။ ဘာမြည်း မလဲပြော၊ ညီမအကုန်လုပ်ထားမယ်“ဆိုပြီး ကျနော်တို့ လေးငါးယောက်ကို တပြိုင်တည်းဖိတ်တယ်။

ကျနော်တို့ဆိုတာကလည်း သဗ္ဗုရိသအပေါင်း သူတော်ကောင်းတွေ ခိုးကြောင်ခိုးဝှက်လုပ်တဲ့အလုပ်မှန်သမျှကို မျက်နှာဗြောင်တိုက်ပြီးလုပ်တာ။ ဟီရိသြတ္တပ္ဗကို ကိုယ့်အနက်နဲ့ကိုယ်ဖွင့်ပြီးနေတာ။ တယောက်ကဆို “ဟိရီ နတ်သမီးနဲ့ သိရီနတ်သမီးဆို လှချက်က စက်စက်ယိုလို့“ပြောတတ်တာ။ တသက်လုံးလည်း ကိုယ့်ကိုယ်ကိုယ် ကြောင်သူတော်အထင်ခံရမှာ သေမလောက် ကြောက်တဲ့ကောင်တွေ။ ထားပါတော့ ဖိတ်တဲ့ “အကိုတွေညီမ“ရဲ့ ယောက်ျားက ကိုယ်တွေကို ခင်လည်းခင်တယ် လန့်လည်းလန့်တယ်။ အင်း..လေးလည်း လေးစားတယ် ဆိုပါတော့။ သူအဲ့လိုဖိတ်တော့ ကိုယ်တွေလဲ တယောက်တမျိုး သောက်ချင်တာ မြည်းချင်တာတွေပြောတော့ အိုကေတဲ့၊ ညီမ အားလုံးစီစဉ်မယ်တဲ့။ ကိုယ်တွေလည်း ထူးထူးဆန်းဆန်း ဒီကောင်မ ဘာပေါက်တာလဲ မသိဘူး ဆိုပြီး အေးလာခဲ့မယ်လို့ ပြောလိုက်တယ်။ မေ့တော့မလို့။ အကိုတွေညီမကသာ မသောက်တတ်တာ။ သူယောက်ျားက နည်းနည်းသောက်တတ်တယ်။ ဝီစကီလိုဟာမျိုးဆို ၃ ပက်လောက်သောက်ပြီး ကမ္ဘာတခြမ်း စာလောက် မူးတတ်တဲ့ကောင်။ ဝမ်းက နည်းတတ်သေးတယ်။ မိန်းမကိုလည်းချစ်တာတုန်နေတယ်။ အူကလည်း တိုသလားမမေးနဲ့။ ငယ်လင်ငယ်မယား ချစ်တယ်ဆိုတာ ဒီကောင့် မမီဘူးပြောရမယ်ထင်တာဘဲ။

အဲ့လိုနဲ့ ရောက်သွားရော။ သောက်ကြရော။ ဧည့်ခန်းထဲမှာ မူးစပ်စပ်လေးတွေလည်းရှိရော သူ့ယောက်ျားက အတော်ကောင်းနေပြီ။ သီချင်းတွေဘာတွေ ဆိုကုန်ပြီ။ အဲ့လိုကောင်းနေတုန်း သူ့မိန်းမက ခနနော်ဆိုပြီး အခန်းထဲ ဝင်သွားတယ်။ တအောင့်လောက်ကြာတော့ အခန်းထဲကနေ “မောင် အသိတွေ Birthday Wish လုပ်နေတာ ခန စကားပြောလိုက်ဦးနော် မောင်သောက်နေနှင့်တဲ့။ ဟိုကောင်က “အေ“တခွန်းပြောပြီး မျက်နှာက တယ်မကောင်း ချင်ဘူး။ ကိုယ်တွေကလည်း သောက်သာနေမယ့် လူကဲခတ်က မခေတော့ တခုခုဘဲလို့ထင်သား။ ဒါပေမယ့် ဘာမှ မပြောဖြစ်ကြဘူး။ ခနလည်း နေရော ဒီကောင် အိပ်ခန်းထဲ ထလိုက်ဝင်သွားတယ်။ လူက ယိုင်ထိုးနေပြီ။ အထဲက ဗလုံးဗထွေးလိုလို အသံတွေကြားတယ်။ တခုခုလည်း ပြုတ်ကျသံလိုလိုကြားတယ်။

ခနနေတော့ အကိုတွေညီမ ပြန်ထွက်လာတယ်။ ပုလင်းမေးငေါ့ပြီး မချိုမချဉ်မျက်နှာပေးနဲ့ “အကိုတို့ညီ လာရစ် နေတာ။ ညီမလည်း ပြန်ရစ်မယ်။ နည်းနည်းလောက် ငှဲ့ပေး၊ ဒါမှ မောင် ခန့်ငြားသွားမယ်“တဲ့။ ခတ်ရွတ်ရွတ် တကောင်က “အေး ငါက Bar Tender လုပ်လာတာ။ မိန်းကလေးကြိုက် စပ်တတ်တယ်“ဆိုပြီး ဖန်ခွက်ကြီးထဲ ဝီစကီ ၃ ပက်လောက်ကို အချိုရည်တွေ သံပုယိုသီးတွေ အရောင်ဆေးတွေဘာတွေနဲ့ စပ်တယ်။ ပြီးတော့ ရေခဲဘာညာ ခြစ်ချက်ထည့်ပြီး စတီးလ်အလုံဗူးထဲမှာ သမတယ်။ နည်းနည်းမြည်းကြည့်ပြီး “ချ ညီမ အဲ့ဒါ ပြင်သစ်က မှူးမျိုးမတ်နွယ် လေဒီတွေသောက်တဲ့ အစပ်အဟပ်“ ဆိုပြီး ခွက်ထိုးပေးတယ်။ ပြီးတော့ ပြောသေးတာ “အဆီဓာတ်မပါတဲ့ အစေ့အဆန်နဲ့မြည်းရင်မြည်း မမြည်းရင် သံလွင်သီးဆားရယ်စိမ်နဲ့ မြည်းရတာ“တဲ့။

ဟိုကောင်မလည်း ဘုမသိဘမသိနဲ့ ချပါရော။ ချတာမှ အရက်ကို အရက်သောက် သောက်တာမဟုတ်ဘဲ နွားငတ်ရေကျ တရှိန်ထိုးမော့တာ။ ၃ ပက်စာကို ၃ ခါ ခွဲမော့ထည့်တာ ခွက်ထဲပြောင်ရော။ ကိုယ်တွေလည်း ဒီကောင်မတော့ ကွဲတော့မယ်ဆိုပြီး မျက်လုံး ပြူးကုန်တယ်။ လူက အူရိုင်း။ ပြီးတော့ သောက်တာက ဂေါ်ရင်ဂျီမော့။ ချက်ခြင်း မျက်နှာတွေရဲတက်လာပြီး “လာ အကိုတို့ပါ အဲ့ဒါတွေယူခဲ့။ အခန်းထဲသွားမယ်“ ဆိုပြီးလုပ်ရော။ ဟဲ့ ဘာသွားလုပ်မှာလဲဆိုတော့ “အကိုတို့ မသိပါဘူး“တဲ့။ ကိုယ်တွေလည်း ပုလင်းတွေခွက်တွေ အမြည်းတွေသယ်ပြီး ထလိုက်သွားကြတယ်။

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ဟိုကောင်က ခွေနေတယ်။ အိပ်နေတာမဟုတ်ဘူး မူးပြီးအိပ်ချင်ယောင် ဆောင်နေတာ။ အဲဒါ အကိုတွေညီမက “မောင် ကလည်း၊ မောင့်ကို မ ဘယ်လောက်ချစ်တာမောင်သိသားနဲ့“ တွေဘာတွေ ပလီပလာလုပ်ပြီး နသားပါယားလုပ်ပါလေရော။ ဖက်ပါနမ်းပါလေရော။ ဟိုကောင်မ မထဘူး မူပြီးတင်းခံနေတယ်။ ဒါနဲ့ ကျနော်က ဟေ့ကောင်ရ ထပါဦး“။ ဘာတွေများ ဖြစ်ကြတုန်း ပြောပါဦး“ ဆိုတော့ ကောက်ကာငင်ကာ ခုမှ နိုးလာတဲ့ဒီဇိုင်းနဲ့မူးသံကြီးနဲ့ “အကိုတို့ညီမပေါ့၊ ဟိုကောင့်ကို မောင်တဲ့“ သိလိုက်ပြီ သူပြောတဲ့ဟိုကောင် ဘယ်ကောင်မှန်း။ ဘယ်လိုဖြစ်တာလဲဆိုတော့..သူက

“ကျနော် အခန်းထဲဝင်လာတော့ သူက ဟိုကောင်နဲ့ ရီလားမောလားတွေပြောနေကြတာ၊ နောက်ပြီး မောင်တဲ့။ မောင် အဆင်ပြေရဲ့လားတဲ့။ မလည်း ဒီလိုပါဘဲတဲ့တွေ ပြောနေတာ အကိုရ“တဲ့။ “အကိုတွေ“ထဲက ကျပ်တဲ့ နေရာမှာ ရွပ်ရွပ်ချွံချွံတယောက်က လုပ်ပါဦးဟ တို့လည်းသိရအောင်ဆိုပြီး တပက်လောက် ငှဲ့လည်းပေး အမဲခြောက်ကြော်လေးပါ ဖဲ့ပေးလိုက်သေးတာ။ ဟိုကောင်က တရှိန်တိုးမော့ချပြီးမှ ဘာမပြောညာမပြော ဟီးဟီး ဟီးဟီးနဲ့ ချုံးပွဲချငိုပါလေရော။ ကျနော်က ဂုရု( မောင်မြင့်အောင်ခေါ် မောင်နေလ)ပြောတဲ့ မျက်ရည် ဗူးသီးလုံးလောက်ဆိုတာ ဒါများလို့တောင် တွေးမိသေးတာ။ ဒါနဲ့ တယောက်က “လုပ်ပါဟ ကောင်ရဆိုတော့ “မောင်က ကျနော့်တယောက်တည်းကို သူခေါ်ရမှာ၊ ကျနော်ကလွဲပြီး ဘယ်သူ့မှ သူ မောင်မခေါ်ရဘူး၊ ကျနော်က သူ့ မောင်“ဆိုပြီး နှာရည်တွေညှစ်လိုက် ခေါင်းအုံးနဲ့ မျက်ရည်တွေ သုတ်လိုက်တွေဖြစ်တော့မှ ဗြောင်းဆန်အောင် မူးနေတဲ့ အကိုတွေညီမက “မောင်ရယ် မောင်ကလည်းကွာ ကလေးလေးကျနေတာဘဲ“ ဘာညာတွေလုပ်လိုက် ဖက်လိုက်နမ်းလိုက် ဟိုကောင်က တွန်းလိုက်ထိုးလိုက်နဲ့။ တယောက်နဲ့တယောက် ဖက်လုံးနေတာ။ သတ်ပုတ်တာတော့ မဟုတ်ဘူး။ ထွေးနေတာ။ ခုန အရက်စပ်တဲ့ကောင်က ဒီတခါတော့ ဗြောင်ချည်း တပက်စာ လောက်ထပ်ထည့်ပြီး “ရော့ညီမ ချလိုက် ဒီကောင့် နင့်ကို သိတ်မခန့်သေးဘူး“ဆိုပြီး ပေးတယ်။ သူကလည်း မျက်နှာတွေရှူံ့မဲ့ပြီးကို ချထည့်တာ။ ဟိုကောင့်ကိုလည်း တယောက်က တဘက်ကနေ ထည့်ထည့်ပေးတယ်။ ခနနေတော့ အဲ့ ၂ ယောက် အိပ်ယာပေါ်လုံးရင်းထွေးရင်း ထမိန်မနိုင် ပုဝါမနိုင်တွေဖြစ်ကရော။ အိမ်နေရင်း ဆိုတော့ ပုဆိုးတွေ ထမိန်တွေနဲ့။ အကိုတွေညီမလည်း အပေါ်ပိုင်း ဗလာလုံးလုံးကျင်းသွားပြီ။ အောက်မှာက ပင်န်တီလေးပဲကျန်တော့တယ်။ ဟိုကောင်လည်း ပုဆိုးက ခြေမျက်စေ့ရောက်နေပြီ။

အကိုတယောက်က “မင်းကလည်းကွာ သူက မင်းကိုချစ်တာပါ ငါတို့သိတာပေါ့“လို့ပြောတယ်။ “သူ တကယ် ချစ်ရင် ဟိုကောင့်ကို ဘာ မောင်မှ ခေါ်စရာမလိုဘူး၊ နောက်ပြီး ဒီနေ့က ကျနော်တို့ မင်္ဂလာဆောင်တာ ၁၄ နှစ်ပြည့်တဲ့နေ့ကြီး၊ အဲ့ဒါပြောတာ“တဲ့။ အကိုတယောက်က “သူ့ ရင်ထဲက တကယ်ခေါ်တာ ဟုတ်ချင်မှ ဟုတ်မှာပါကွာ၊ နှုတ်ကျိုးနေလို့နေမှာပါ၊ ခွင့်လွှတ်လိုက်ပါကွာ။ ယောက်ျားဆိုတာ တကယ်ချစ်ရင် သဝန် မကြောင်ရဘူး၊ အူမတိုရဘူးကွ“ဘာညာနဲ့ တရစပ် ဆက်လှော်တယ်။ ငိုနေရက်ကို ချုံးပွဲချအောင်လုပ်တယ်။ ကျနော်ကပါဝင်ပြီး “ငါဆိုကြည့်…“ပဲရှိသေးတယ် “အကို့မိန်းမက အဖွားကြီးဗျ သဝန်က ဘာတိုစရာရှိလဲ အူဘယ်လိုလုပ်တိုမလဲ၊ ကျနော့်မိန်းမက ခုမှ ၄၆ နှစ်“ ဆိုပြီး ကျနော့်လှည့်ရန်ထောင်တာနဲ့ အသာလေး နေလိုက်ရတယ်။ အကိုတွေညီကမ အကောင်းလွန်ပြီး မှောက်ချင်သလိုဖြစ်နေပေမယ့် သူ့ယောက်ျား ကိုတော့ ကိုယ်တုံးလုံးနဲ့ ခွထားတယ်။ ပါးစပ်ကလည်း မောင်ရာ မောင်ရာလုပ်နေတယ်။

အကျပ်ချန်ပီယံ အကိုတယောက်က မျိုးမြင့်ကတော့ထားပါတော့၊ ငါဆို ဘယ်လိုလုပ်မလဲ ငါ့မိန်းမက ငယ်ငယ်လေး၊ ငါတော့ အူ မတိုပေါင်ကွာ၊ ကိုယ့်ချစ်သူကို တကယ်ချစ်တာဆို ကြည်ဖြူရမှာပေါ့ကွာ။ ခုနေ ငါ့မိန်းမက အကိုရေ ညီမတော့ ချစ်ရမယ့်တခြားတယောက်နဲ့ တွေ့နေပြီလို့ပြောလာရင်တောင် အေးပါကွဆိုပြီး ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်မှာ“ဆိုပြီး မျက်နှာသေလေးနဲ့ပြောတော့ ဟိုကောင်က “အကိုမျိုးမြင့် ကားပါလား။ ပါရင် ကျနော့်သော့ပေး“တဲ့။ “ဘာလုပ်မလို့လဲကွ“ဆိုတော့ “ဒီအကို့မိန်းမ သွားခေါ်မလို့“တဲ့။ “ခေါ်ပြီး မင်းက ဘာလုပ်မလို့လဲဟ“ဆိုတော့ “သူ့ရှေ့မှာ သူ့မိန်းမကို ရည်းစားစကားပြောမယ်“တဲ့။ အဲ့တော့ ခု ငကျပ်ကောင်က “အေးပြောတာကတော့ ပြောပါကွာ၊ သူက ပြန်ကြိုက်ရင်တော့ ရတယ်ကိစ္စမရှိဘူး၊ ငါ့မိန်းမ မင်းနဲ့ထားခဲ့မယ် တကယ်လို့ သူက ပြန်မကြိုက်ဘူးဆိုရင်ရော“ဆိုတော့ “အဲ့ဒါက အဲ့ဒီတော့မှကြည့်လုပ်……“ပဲရှိသေးတယ် အကိုတွေညီမက ကုတင်ပေါ်ကနေ အောက်ကို ဝုန်းကနဲလှိမ့်ချပြီး ကြမ်းပြင်ပေါ်လဲကျသွားရက်ကနေ မရှိမဲ့ရှိမဲ့ ပင်န်တီလေးပါ ဗြုတ်ဆို ချွတ်ချလိုက်ရော။ တကိုယ်လုံး မိမွေးတိုင်းဖမွေးတိုင်း အဝတ်ချည်းစည်းနဲ့။

ကိုယ်တွေလည်း ကြောင်နေတယ်။ အကိုတွေညီမက ဟိုထိုးဒီထိုးနဲ့ လူးလဲထပြီး ကိုယ်ဟန်ပြမယ်လျှောက်သလို တွေ လျှောက်၊ ရှေ့နောက်တွေလှည့်လှက်ပြ၊ ကော့ကော်ကန်ကားတွေလုပ်ပြီး “မောင် မ က အရင်လို လှသေးရဲ့ဟင်၊ မောင် မကို စွဲသေးရဲ့လားဟင်၊ မောင့်ကို မက တကယ်ချစ်တာ။ မောင် ဘယ်သူ့မှမချစ်ရဘူး၊ ချစ်ဖို့မပြောနဲ့ ကြည့်တောင်မကြည့်ရဘူး။ မောင်က ဘယ်သူ့ကို ရည်းစားစကားပြောမှာလဲ၊ မကိုလား ပြောလေမောင်ရဲ့၊ ဒီနေ့ ၁၄ နှစ်ပြည့်လေ မနဲ့ မောင်နဲ့ မင်္ဂလာဆောင်တာလေ“ ဗလုံးဗထွေးတွေပြောဆိုပြီး ကုတင်ပေါ်ပြန် ကုပ်ကပ်တက်တယ်။ မျက်စေ့က မပွင့်တော့ဘူး။ လက်တွေကလည်း ဟိုစမ်းဒီစမ်းတွေ။

ဒီတော့မှ သူ့ယောက်ျားလည်း အငိုတွေဘာတွေတိတ်ပြီး ပုဆိုးစတွေ ဟိုဆွဲဒီဆွဲ ဖြစ်တော့တာ။ ကျနော်တို့လည်း ဘာမှမပြောဘဲ ဒီအတိုင်းထိုင်ကြည့်နေကြတာ။ ရယ်လည်းရယ်ကြတယ်။ ကိုယ်တွေလည်းသောက်၊ အဲ့ကောင်လည်း ထပ်ငှဲ့ပေးပြီး မြန်မြန်မူးအောင်လုပ်ရတယ်။ အဲ့ဒီတုန်းမျာ အကိုအကျပ်ကြီးတယောက်က “မြနဲ့မောင်နဲ့ ခုမှတွေ့တာ xxx လူဝါး မဝခင်ထဲက ပြောရတော့ ရယ်စရာပါxxx ထမိန်လေးတိုတိုဝတ်ကာ မြငယ်စဉ်အခါ xxx လူထဲမဝင်တုန်းက အလှပြင်နေရှာ xxx မြရင်ကုန်ကုန်ကုန်ပြောမယ့် တော့ဓလေ့မို့ ဘယက်ဒွာဒယာ xxx ရွှံ့တွေကပ်စီကပ်စီ ပုတီးလုပ်ကာ ဆွဲတတ်ပေတာ xxx အုန်းမှုတ်ခွက်ကိုရှာ ရှာ xxx ဒေါ်လာပြားကြီး ဆယ့်ငါးပြားလောက်ဆွဲတတ်တာ xxx ကိုကိုများက မြှောက်စားပေမယ့် ဟိုတုန်းကလိုမပျော်ပါ xxx မောင်မောင်များက မြှောက်စားပေမယ့် ဟိုတုန်းကလို မပျော်ပါ xxx မြတို့ရွာကို လိုက်လို့ပို့မယ်xxx လိုက်လို့ပို့ပါပြောလို့ သူညာxxxx ရွှေပြည်စိုး ရွှေပြည်စိုး ရွှေပြည်စိုး ဝိုးဝိုး လွမ်းပိုဖွယ်ရာxxxx ဆိုပြီး အသံဗြဲနဲ့ ထလည်းအော်ရော အကိုတွေညီမယောက်ျားလည်း ထ ကမလို့ မတ်တပ်ရပ်လိုက်တာ အကိုတွေညီမအပေါ် အားယားမှောက်ကြီးကျသွားပါလေရော။ နှစ်ယောက်လုံး ငြိမ်သွားပါလေရော။

အကိုတွေလည်း အိုကေသွားပြီ စိတ်ချရပြီဆိုတဲ့အထာနဲ့ တယောက်ကိုတယောက်မျက်စပြစ် ပုလင်းတွေ ဖန်ခွက်တွေမပြီး ဧည့်ခန်းဘက်ပြန်ကူးခဲ့ပြီး မိုးတလင်းနီးနီး ဆက်ချကြတော့တာ။

အဲ့ဒါ အဖြစ်မှန်ပါ။ ဘယ်လူတွေလဲ၊ ဘယ်မှာလဲ၊ ဘယ်အချိန်ကလဲကတော့ ကာယကံရှင် “ကျနော်တို့တတွေ“ ကလွဲလို့ ဘယ်သူမှမသိပါ။ မေးလည်း မပြောရေးချ မပြောပါ။ အဲ့ဒီထက် ဘယ်သူမှ ဘာမှမပိုခဲ့ကြသလို အကိုတွေညီမကိုလည်း မြင်စရာရှိသမျှ တွေ့ရရုံကလွဲလို့ ဘာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရာပစ္စယာ ဝိဉာဏာ၊ ဝိဉာဏာပစ္စယာ နာမရူပါ၊ နာမရူပါပစ္စယာရာ သဌယတနာ ၊ သဌယာတနာပစ္စယာ ဖဿ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာဘာညာနဲ့ အထက်ဆက်တက်သွားတော ဘဝတွေဘာတွေရောက်ရက်ပြီး ပဋိစ္စသမုဒ်ပတ် တပတ်လည်ရော မဟုတ်လား။ “အကိုတွေ“က ကိုယ့်ညီမဖင်တုံးလုံးကြည့်ပြီး ဖေဿာတာင်မဖြစ်ခဲ့ကြပါ။ ဖေဿာဆိုတာက ဖဿက စတာမဟုတ်လား။ ဖဿတောင်မဖြစ်မှတော့ ဘယ်လိုလုပ် ဝေဒနာတွေ တဏှာတွေ ဖြစ်ပါမတဲ့တုန်း။

အဲ့ဒါနောက်နေ့မနက် အနာကျပြေဆိုပြီး ထပ်ခေါ်ပြီး ဘရိတ်ခ်ဖာ့တ်တွေဘာတွေကျွေး အအေးတွေဘာတွေတိုက်။ “အကိုတွေ“ကတော့ တယောက် ၃ ပက်လောက်စီပြန်ဖြေတာပေါ့။ ဖြေရင်း တယောက်က မင်းတို့ညက ဖြစ်တာတွေ မှတ်မိလားဆိုတော့ ၂ ယောက်လုံး “ဟီးဟီး“ တဲ့။
မျိုးမြင့်ချို ဂျူလိုင် ၂၅၊ ၂ဝ၁၉

0 comments:

Post a Comment