Saturday, July 27, 2019

ကျောင်းသားနိုင်ငံရေးနဲ့ NLD (ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)

0 comments
ကျောင်းသားနိုင်ငံရေးနဲ့ NLD
မြန်မာနိုင်ငံမှာ အသန့်စင်ဆုံး နိုင်ငံရေး နယ်ပယ်က ကျောင်းသားနိုင်ငံရေးပဲ။ ကျောင်းသားနိုင်ငံရေးက ဘာ့ကြောင့်သန့်စင်သလဲဆိုတော့ အာဏာနဲ့ မပတ်သက် မဆက်စပ်လို့ပဲ။ ကျန်တဲ့ပါတီနိုင်ငံရေးတွေဟာ အာဏာနဲ့ မလွှဲသာမရှောင်သာ ဆက်စပ်ကြရတယ်။ အဲသလို ဆက်စပ်လာတဲ့အချိန်မှာ ပြည်သူ အမြင် ရှင်းအောင် မလုပ်တော့ အမြင်ရှုပ်ထွေးစရာ၊ သံသယဝင်စရာ ဒွိဟဖြစ်စရာတွေ အများကြီးတွေ့လာရတယ်။ 
အာဏာမရခင်က ပြောတဲ့စကားက တမျိုး၊ အာဏာရပြီး ပြောတဲ့စကားက တမျိုးဖြစ်လာတယ်။ စစ်အာဏာရှင်ကို ရန်သူအဖြစ် ရင်ဆိုင်တဲ့အချိန်က တမျိုး၊ စစ်အာဏာရှင်ကို မိတ်ဆွေအရင်းအခြာလို့ သဘောထားချိန်မှာ လေသံက တမျိုးဖြစ်လာတယ်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားကို မိတ်ဆွေလို့ သဘောထားချိန်မှာ လေသံက တမျိုး၊ ငါတို့ အစိုးရကို အနှောင့်အယှက်ပေးတဲ့သူတွေလို့ ထင်လာချိန်မှာ လေသံက တမျိုးဖြစ်လာတယ်။ 
NLD ဟာ စစ်အာဏာရှင်နဲ့ သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တယ်။ NLD နဲ့ စစ်အာဏာရှင် အကြား ရန်စည်းကို ကိုယ့်ဖက်ကနေ တဖက်သတ် ဖျက်သိမ်းခဲ့တယ်။ စစ်အာဏာရှင်တွေ ကိုယ့်အပေါ် ယုံကြည်စိတ်ဖြစ်ပေါ်လာရေး စိတ်ကူးယဉ်ပြီး ကိုယ့်ဖက်ကနေ အနစ်နာခံ အလျှော့ပေး လိုက်လျောတာတွေကိုလည်း ဖောဖောသီသီ ရက်ရက်ရောရော လုပ်ခဲ့တယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် စစ်အာဏာရှင်တွေရဲ့ ရင်ခွင်မှာ NLD ပါတီရဲ့ အပျိုစင်ဘဝတက်ကြွမှုတွေအားလုံး အနစ်နာခံပြီး ပုံအပ်ရမယ်ဆိုရင်တောင် ပုံအပ်ပါမယ်လို့ သဘောထားခဲ့တယ်။ (တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် ဦးနေဝင်းကို ထိုင်ကန်တော့ရမယ်ဆိုရင်တောင် ကန်တော့ပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာဟာ ဒီအတွေးအခေါ်ပါပဲ။ ဦးဝင်းထိန်စာအုပ်မှ) လက်တွေ့မှာတော့ NLD ပါတီ ပန်းကောင်းအညွန့်ကျိုးဖြစ်ရတာသာ အဖတ်တင်တယ်။ တိုင်းပြည်အတွက်က ဘာတခုမှ ဖြစ်မလာဘူး။ NLD ပါတီ ပန်းကောင်းအညွန့်ကျိုးဖြစ်ရပြီလို့ ပြောတာဟာ ပါတီထဲမှာ သာကူးတွေ၊ လာဘ်စားတွေ၊ စစ်အာဏာရှင်ဟောင်း၊ စစ်ဗျူရိုကရက်ဟောင်းတွေ ပြည့်နှက်နေပြီး ပါတီခေါင်းဆောင်တွေဟာလည်း တနေ့တခြား အာဏာရှင်ဆန်လာကြတာကို မြင်ရလို့ ပြောတာဖြစ်ပါတယ်။
စစ်အာဏာရှင်နဲ့ သူတို့ NLD ကြားက ရန်စည်းကို တဖက်သတ်ဖျက်သိမ်းပေးခဲ့ပေမယ့် စစ်အာဏာရှင်နဲ့ ဗမာအပါအဝင် တိုင်းရင်းသားပြည်သူလူထုကြီး တရပ်လုံးအကြားမှာရှိတဲ့ ရန်ငါစည်းကို မဖျက်သိမ်းနိုင်ဘူး။ တော်လှန်ရေးသမား၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား အားလုံးကို စစ်အာဏာရှင်က ရန်သူလို့ တိတိကျကျ သတ်မှတ်ချေမှုန်းနေချိန်မှာ ရန်ငါစည်းပျောက်မသွားတာ ဘာမှမဆန်းဘူး။ 
NLD နဲ့ စစ်အာဏာရှင်ဟာ ရန်သူမဟုတ်၊ မိတ်ဆွေလုပ်လိုက်ကြတယ်။ ဒါပေမယ့် စစ်အာဏာရှင်နဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ လက်နက်ကိုင်တော်လှန်ရေးသမားတွေကတော့ မိတ်ဆွေ မဖြစ်၊ ရန်သူဖြစ်မြဲဖြစ်နေတယ်။ ဒီတော့ ရန်သူကို မိတ်ဆွေ ဖွဲ့လိုက်တဲ့ NLD အတွက် မိတ်ဆွေတွေဟာ အလိုလို ရန်သူဖြစ်လာတယ်။ NLD ရဲ့နောက်မြီးဆွဲတွေဟာ ကျောင်းသားကို ရန်မူပြီး ရန်သူလိုဆက်ဆံလာရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ အဲဒါပဲ။ ကျောင်းသားတွေ ဆန္ဒပြတာကို စမြင်လိုက်ရချိန်မှာ ဒေါ်စုမျက်နှာ ဟန်မဆောင်နိုင်လောက်အောင် ပျက်သွားတဲ့ အကြောင်းရင်းဟာလည်း ဒါပဲ။ NLD ရွေးချယ်တဲ့ စစ်အာဏာရှင်နဲ့ ချစ်ကြည်ရေးလမ်းစဉ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပဲ။ သူတို့ရဲ့ ရွေးချယ်မှုကြောင့် မလွှဲမရှောင်သာ ဖြစ်လာရတဲ့ အခြေအနေတွေပဲ။ သူတို့ရဲ့ ဘဝပေးအခြေအနေကနေ ထွက်လာတဲ့ အတွေးအခေါ်ပဲ။ အဲဒီအတွေးအခေါ်ကြောင့် ဖြိုးမင်းသိန်းဟာ ခင်ညွန့်ကို ထိုင်ကန်တော့ပြီး ကျောင်းသားကို ရန်သူလို ဆက်ဆံလာတာပဲ။ အဲဒီအတွေးအခေါ်တွေ၊ အဲဒီချစ်ကြည်ရေးလမ်းစဉ်ရဲ့ အကျိုးဆက်အနေနဲ့ ပေါ်ပေါက်လာတဲ့ အကျိုးစီးပွားတွေကြောင့် တချိန်က သူတို့ရဲ့ ကျေးဇူးရှင်ဖြစ်ခဲ့တဲ့ ကျောင်းသားတွေကို ဒီနေ့ခေတ်မှာ ရန်သူလိုထင်လာတာပဲ။ ရန်ကုန်တက္ကသိုလ်ထဲက ဆန္ဒပြ ကျောင်းသားတွေကို NLD ပါတီနောက်ဆွဲတွေက ဝိုင်းတိုက်ကြတာဟာ အဲဒါက အဓိက အကြောင်းရင်းပဲ ကျန်တာတွေက အသေးအဖွဲ အကြောင်းပြချက်တွေပါ။
အပြောများကြတဲ့ အသေးအဖွဲတွေ အကြောင်းကိုလည်း နည်းနည်းကြည့်ကြရအောင်ပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အဓိက ဆန္ဒပြတောင်းဆိုချက်တွေက ဘာတွေလဲ။ အဓိက အကျဆုံးက ၇ ဇူလိုင်နဲ့ပတ်သက်ပြီး ဖမ်းထားတဲ့ ကျောင်းသားတွေ ပြန်လွှတ်ရေးပဲ။ ၇ ဇူလိုင်နဲ့ ပတ်သက်တဲ့ အထင်ရှားဆုံးလက္ခဏာက ကျောင်းသားတွေ အသတ်ခံရတဲ့အချက်၊ ကျောင်းသားတွေရဲ့ အားထားရာ မိခင် သမဂ္ဂအဆောက်အအုံကြီး အဖြိုခွဲခံရတဲ့အချက်ပဲ။ ၇ ဇူလိုင်အထိမ်းအမှတ်လုပ်တယ်ဆိုတာဟာ လူသတ်ဝါဒကို ဆန့်ကျင်တာ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တာပဲ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လို့ ကျောင်းသားတွေကို ဖမ်းတယ်။ ဖြိုးမင်းသိန်းဖမ်းခိုင်းလို့ ဖမ်းတယ်လို့ ဆိုတယ်။ NLD နောက်ဆွဲတချို့ကတော့ ပြည်ထဲရေးက ဖမ်းတာလို့ ဆိုပြီး ပြည်ထဲရေးက ဖမ်းတာကို ဒေါ်စုဆီလာပြီး ဆန္ဒပြရမလားလို့ အပြစ်တင်ပြီး တက်ထောင်မောင်းနင်း ဆဲကြဆိုကြတယ်။ ပြည်ထဲရေးကပဲ ဖမ်းဖမ်း၊ ဖြိုးမင်းသိန်းကပဲ ဖမ်းဖမ်း အစိုးရခေါင်းဆောင်လုပ်နေတဲ့ ဒေါ်စုမှာ တာဝန်ရှိတယ်ဆိုတာတော့ လူတိုင်း လက်ခံရလိမ့်မယ်။ “မင်းအောင်လှိုင်တို့ စိန်ဝင်းတို့ကို ငါမှမနိုင်ပဲ၊ ဘယ်လိုလုပ်သွားပြောမှာလဲ၊ မင်းတို့ ကျောင်းသားတွေကိုတော့ နိုင်လို့ ပြောတယ်၊ နိုင်လို့ ဖမ်းတယ်”ဆိုတဲ့ သဘောလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဖမ်းတာ NLD မဟုတ်ဘူးထားဦး။ NLD မှာလွှတ်ပေးနိုင်တဲ့ အာဏာတော့ ရှိတယ်။ သမ္မတမှာ လုပ်ပိုင်ခွင့်ရှိတယ်။ ဘာလို့ မလုပ်သလဲ။ အဲဒီလုပ်ပိုင်ခွင့်ကို သုံးဖို့ ကျောင်းသားတွေက ဆန္ဒပြတာပဲ။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကို NLD ကဘာလို့ ဖမ်းသလဲ၊ သို့မဟုတ် ဘာလို့ ပြန်လွှတ်မပေးသလဲ။ ရှင်းပါတယ်။ စစ်အာဏာရှင်နဲ့ မျက်နှာ မပျက်ချင်လို့ပါ။ 
အောင်သပြေ အယ်လ်ဖာ ဘိလပ်မြေစက်ရုံအမှုက အင်မတန်ဆိုးဆိုးဝါးဝါး မတရားတဲ့အမှုဆိုတာ အမြင်သာကြီးပါ။ အဲဒီစက်ရုံကို အကြမ်းဖက်လို့ဆိုပြီး ကိုးတန်းကျောင်းသား မောင်တူးဝေယံကို ဖမ်းတယ်။ ရဲကနှိပ်စက်ပြီး မတရားထွက်ချက်တောင်းတယ်။ မောင်တူးဝေယံက စက်ရုံကို တိုက်ခိုက်ထားတဲ့ စီစီတီဗီ မှတ်တမ်းရှိတယ်လို့ ပြောတယ်။ တရားရုံးမှာ စီစီတီဗီ မှတ်တမ်း ဗီဒီယို တင်ခိုင်းတော့ မတင်ပြနိုင်ဘူး။ ဓာတ်ပုံကိုပဲ တင်ပြတယ်။ ဓာတ်ပုံက မထင်ရှားဘူး။ ဒါ့ကြောင့် ကိုးတန်းကျောင်းသား မောင်တူးဝေယံကို လွှတ်ပေးဖို့ ကျောင်းသားတွေ တောင်းဆိုတယ်။ ဒါဟာ သမဂ္ဂရဲ့ အလုပ်ပဲ။
ကျောင်းဆောင်တွေပြင်နေလို့ ကျောင်းသားတွေ နေရေးထိုင်ရေး အဆင်မပြေဘူး။ ကျောင်းဆောင်စည်းကမ်းတွေကို ပြင်ဆင်ချင်တယ်။ ကျောင်းသားတွေနဲ့ တိုင်ပင်ဆောင်ရွက်စေချင်တယ်။ ဒီတောင်းဆိုချက်ကရော ဘာများမှားသလဲ။ ကျောင်းသားတွေရဲ့ နစ်နာချက်နဲ့ ပတ်သက်ပြီး ရင်ဖွင့်ထားတဲ့ ဗီဒီယိုကို အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/thein.abc/posts/2584110584933620?__xts__[0]=68.ARBRtSD4U6ONI4HKgXMAGu4oa36NHSBWNa6qzh_ptY_770tn7GdFsMqfLfgXps9_52_qOI9nOeCY8hEObejq6kZBPocAG7OOzj5Qt6pgvwMYEmjRzrtFfQ_RkoJ4fgUb3s2KA0ItH1UoiZP8435LwzAEycQRTNHfKCMoJUABm7UurqP943xXyOsAmXQjECYV3KNDVbCDj5ZywTGOxVIfLeVs6JPbD41qB97lnOPtmAi2i6HGBCCEh21Sd6DkAG9d3Qodz3b-l2ntK7zT2mJSU-Y7cYP-bzMQS7rjEzlkVvapODMGNYhgxtPw0Sfy9E_U_G3cvLfseE8QtcdFeSFdaANTfspNlmqtRsBz&__tn__=-R
ကျောင်းသူတွေ ထိပါးနှောင့်ယှက်ခံရလို့ ဆန္ဒပြတယ်။ ဒါကရော မပြသင့်ဘူးလား။ သထုံလမ်းပေါ်မှာ ကျောင်းသူတွေကျောင်းဆင်းလာချိန်မှာ ယောက်ျားတယောက်က တကိုယ်ရည်အာသာဖြေပြ(ဂွင်းတိုက်ပြ) သတဲ့။ သူတို့တောင်းဆိုဆန္ဒပြတာသင့်မသင့်ချင့်ချိန်ကြည့်ပါ။ အောက်ကသတင်းမှာ ဆက်ဖတ်ပါ။
http://7daydaily.com/story/161794…
ဒီချုပ်နောက်မြီးဆွဲတွေက ကျောင်းသားတွေကို ကဗျာရေးပြီးဆဲလို့ဆဲ၊ ကျောင်းသူတွေကို ကာတွန်းဆွဲပြီး အသရေဖျက်လို့ဖျက်လုပ်နေတာ ပြောပြစရာ မရှိလောက်အောင် အောက်တန်းကျရိုင်းစိုင်းလွန်းတယ်။ မိန်းကလေးတယောက်ကို အင်မတန်နိမ့်ကျတဲ့နည်းနဲ့ စော်ကားအသရေဖျက်တာဟာ ရမ်းကားလွန်းတယ်။ NLD ပါတီခေါင်းဆောင်ဆိုတဲ့ လူတယောက်ကပါ ကဗျာရေးပြီး စော်ကားတာကို မြင်ရတော့ တော်တော် စက်ဆုပ်ရွံရှာမိတယ်။ အခုချိန်အထိ ပါတီက အရေးယူတယ်လို့ မကြားရသေးဘူး။ ကျောင်းသားကို စော်ကားမယ်ဆိုရင်တောင် ပါတီအလံပေါ်မှာတင်ထားတဲ့ ခွပ်ဒေါင်းကို အားနာသင့်သေးတယ်။ ကျောင်းသားကို မှီခိုပြီး အာဏာရခဲ့တာကို မမေ့သင့်ဘူး။ တချိန်က ခွပ်ဒေါင်းပါတီဟာ ခုတော့ ဖွတ်ဒေါင်းပါတီဖြစ်နေပြီ။ ဖွတ်နဲ့ ပေါင်းပြီး ကျောင်းသားကို ဆိတ်တဲ့ ပါတီဖြစ်နေပြီ။ 
တက္ကသိုလ်ရာပြည့် အကြောင်းပြ မဲဆွယ်ဖို့ မစဉ်းစားနဲ့ ပြောလိုက်တော့ ဆတ်ဆတ်ခါ နာကြပြန်သေးတယ်။ မဲဆွယ်တဲ့ အပြုအမူမျိုးကို သူတို့လုပ်မလုပ်သိရအောင် ဓာတ်ပုံတင်ပေးလိုက်ပါတယ်။ သစ်ပင်စိုက်ပွဲတဲ့။ ကျောင်းရှေ့မှာ ဒီချုပ်ပါတီအလံတွေ မြင်မကောင်းဘူး။ သူတို့ NLD တွေ မဲဆွယ်ဖို့ပဲ စဉ်းစားမနေနဲ့ ပြောတော့ ကြံ့ဖွတ်ပါတီကလူတွေလားလို့ ထင်တဲ့သူက ရှိသေးတယ်။ တချို့ NLD နောက်မြီးဆွဲတွေဟာ အဲသလောက်အထိ အသိဥာဏ်တိမ်ကြတာကိုလည်း တွေ့ရတယ်။ ကျောင်းသားတွေဟာ NLD ထက် အဆပေါင်းများစွာ စစ်အာဏာရှင်စနစ်ကို ရွံမုန်းတဲ့သူတွေဆိုတာ နည်းနည်းပါးပါး လေ့လာရင်တောင် သိနိုင်တယ်။ 
အခုကျောင်းသားတွေကို ဆန့်ကျင်ရာမှာ NLD တွေနဲ့ စစ်တပ်လော်ဘီ စစ်ခွေးတွေဟာ တသွေးတည်း တသံတည်းဖြစ်နေတယ်ဆိုတာကို ပြန်ဆင်ခြင် စဉ်းစားကြည့်ကြရုံနဲ့တင် ထင်ထင်ရှားရှားသိနိုင်လောက်တယ်။ အဲဒါကို မြင်ရုံနဲ့ ကိုယ်ဘယ်ဘက်မှာ ရပ်မိနေသလဲဆိုတာ ပြန်တွေး တောကြပါလေ။ စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ NLD ကိုမဲပေးပြီးကာမှ ဘာလို့များ စစ်ခွေးတွေနဲ့ တဖက်တည်းဖြစ်သွားပြီး ကျောင်းသားတွေကို ပြန်ဆော်တဲ့လူဖြစ်လာသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်ကြည့်သင့်ပါပြီ။ 
ခွပ်တဲ့ဒေါင်းမှာ ခွပ်ဒေါင်း ဖြစ်တယ်။ ဖွတ်နဲ့ပေါင်းရင် ဖွတ်ဒေါင်းပဲဖြစ်လိမ့်မယ်။
ဇော်ဝင်း
၈၈ ဗကသ

0 comments:

Post a Comment