Thursday, July 25, 2019

(Tips ပေးတာမို့ Tips ပေးတာလို့ပြောပါရေစ)

0 comments
(Tips ပေးတာမို့ Tips ပေးတာလို့ပြောပါရေစ)
အမေရိကန်က စားသောက်ဆိုင်တွေမှာ စားပွဲထိုးလေးတွေကို Tips ပေးတဲ့အလေ့ရှိပါတယ်။ ပေးကြရတယ်လို့မဆိုသာပေမယ့် ပေးကြတယ်လို့ဆိုရမှာပါ။ တချို့လည်း အဲ့ဒီ Tips ပေးတဲ့အလေ့ကို မနှစ်ခြိုက်လို့(ကျေးကျွန်နဲ့သခင်ဆန်တယ်၊ အစေအပါးနဲ့မင်းစိုးရာဇာဆန်တယ်ဆိုပြီး) မကျင့်သုံးတော့ဖို့ ဆော်သြနေတာတွေရှိပါတယ်။ ဒီနေရာမှာ Tips ကို ဗမာလို ဘယ်လိုပြန်ရကောင်းမလဲတွေးမရတာမို့ Tips လို့ပဲ သုံးပါရစေ။
Tips ပေးကြတာမှာ ပုံစံအမျိုးမျိုးရှိပါတယ်။ တမျိုးက ဆိုင်ရှင်က စားပွဲထိုးကို တနာရီဘယ်လောက် တနေ့ဘယ်နှနာရီလုပ်၊ ကိုယ့်စားပွဲအလိုက် ကိုယ်ရကိုယ်ယူစနစ်ပါ။ စားပွဲထိုးနဲ့စားသုံးသူ အပေးအယူဖြောင့်ရင် ဖြောင့်သလောက် များများရသွားတတ်ကြပါတယ်။ ဆိုင်ကိုပေးစရာမလိုဘူး။ စားပွဲထိုးအချင်းချင်းလည်း ဝေမျှယူဖို့မလိုဘူး။
နောက်တမျိုးက စားပွဲထိုးတွေကို တနာရီဘယ်လောက် တနေ့ ဘယ်နှနာရီဆိုပြီး ငှားလိုက်တယ်။ စားပွဲထိုးအားလုံးက ရသမျှ Tips တွေကိုယူပြီး မန်နေဂျာ ဒါမှမဟုတ် ငွေကိုင်လက်အပ်ရတယ်။ ဆိုင်သိမ်းတဲ့အခါကျမှ ရသမျှအကုန်ပေါင်း စားပွဲထိုးဦးရေနဲ့စားပြီး အညီအမျှခွဲပေးလိုက်တာပါ။ သူ့စားပွဲကပိုရတယ် ငါ့စားပွဲက နည်းရတယ်မဖြစ်ရအောင်လို့နဲ့တူပါတယ်။ ဝိုင်းကြီးချုပ်သဘောပေါ့။ သူမသာကိုယ်မနာနည်းပေါ့။
နောက်တမျိုးက စားပွဲထိုးကို တနာရီဘယ်လောက်နဲ့ငှားလိုက်တယ်။ စားပွဲထိုးတဦးချင်းစီက သူတို့ရတဲ့ Tips တွေကနေ ဆိုင်ရှင်က ဘယ်နှရာခိုင်နှုန်း စားပွဲထိုးက ဘယ်နှရာခိုင်နှုန်းဆိုပြီးပြန်ခွဲယူတာပါ။ ဒီပုံစံကို တချို့ကကြိုက်ပြီး တချို့ကတော့ ထပ်ဆင့်ဝေစုခွဲတာလို့မြင်ပြီး ဘဝင်မကျတတ်ကြပါဘူး။ ဂတုံးပေါ်ထိပ်ကွက်တာလို့ ပြောရမလားမဆိုနိုင်ပါ။
နောက်တမျိုးက စားပွဲထိုးကို နာရီနဲ့ငှားလိုက်တယ်။ တနာရီဆယ်ဒေါ်လာ တနေ့ ဆယ်နာရီလုပ်ရတယ်ဆိုပါတော့။ သူအနည်းဆုံးတနာရီလုပ်ခက ဆယ်ဒေါ်လာ တနေ့လုပ်ခက ဒေါ်လာ တရာဆိုတဲ့သဘောပါ။ ဆယ်နာရီပြည့်လို့ စားပွဲထိုးရတဲ့ Tips စုစုပေါင်းက ဒေါ်လာတရာဖြစ်နေတယ်ဆို ဆိုင်က တပြားမှထပ်မပေးတော့ပါ။ ဒေါ်လာ တရာအထက် ဘယ်လောက်ဖြစ်ဖြစ်လည်း ဆိုင်က ဖြတ်မယူပါ။ တခြားစားပွဲထိုးတွေနဲ့လည်း ဝေမျှနေစရာမလိုပါ။ တကယ်လို့ ဆယ်နာရီစားပွဲထိုးပေမယ့် သူရလိုက်တာက ဒေါ်လာ ရှစ်ဆယ်ပဲဖြစ်နေတယ်ဆိုရင်တော့ ဆိုင်ရှင်ဘက်က ဒေါ်လာ ၂ ဆယ်စိုက်ပြီး တရာပြည့်အောင်ပေးပါတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာပါကွာလို့ ပြောကြည့်တော့ ဇနီးက သူ့ဟာနဲ့သူအပေးအယူတော့ တည့်နေကြတာဘဲလေတဲ့။
တူတဲ့အစားအသောက်၊ တူတဲ့ဒေသ၊ တူတဲ့အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်တွေရှိနေလင့်စကား ပုံစံမတူတဲ့အငှားမို့ တနာရီငှားခတွေလည်းမတူပါ။
ထူးခြားချက်က အီတလီ၊ ပြင်သစ်၊ ဂျာမန်စတဲ့အစာတွေသက်သက် ရောင်းတဲ့စားသောက်ဆိုင်တွေမှာက စားပွဲထိုးလေးတွေက Tips ပိုရတတ်တာကတော့သဘာဝပါ။ ဆိုင်ရှင်တွေ မန်နေဂျာတွေကလည်း အဲ့ဒီလူမျိုးတွေဖြစ်ကြသလို စားပွဲထိုးလေးတွေကလည်း အဲ့ဒီလူမျိုးဖြစ်ကြတာ များပါတယ်။ အနိမ့်ဆုံး အဲ့ဒီလူမျိုးမဟုတ်တောင် စားပွဲထိုးလေးတွေက အဲ့ဒီစကား ထမင်းစားရေသောက် အလုပ်ဖြစ်ရုံတော့ ပြောတတ်ကြပါတယ်။
လူဆိုတာကလည်း မျိုး နဲ့ တွဲမိရင် သံယောဇဉ်က အမျှင်ပိုတန်းတတ်ကြရိုး မဟုတ်လားခင်ဗျာ။ ကျနော်တောင် နူးယော့်က တိုင်းမ်းစကွဲယားသွားတော့ နောက်နားက ဗမာစကားသံကြားတော့ လှည့်ပြီး ဗမာပြည် ဘယ်နယ်ကလဲမေးပြီး မိတ်ဆက်သေးတာကိုး။ သူတို့လည်း သူတို့လူမျိုးတွေပိုင်တဲ့ဆိုင် သူတို့အစားအစာတွေစားရင်း သူတို့စကားပြောတဲ့စားပွဲထိုးလေးတွေဆို Tips ပိုပေးချင်ကြမှာဓမ္မတာပါဘဲ။
မျိုးမြင့်ချို
ဂျူလိုင် ၂၅၊ ၂ဝ၁၉

0 comments:

Post a Comment