Wednesday, July 31, 2019

(၃ မိနစ်စာကိစ္စကို နာရီဝက်သာသာ ပြောတဲ့လူတွေ)

0 comments
(၃ မိနစ်စာကိစ္စကို နာရီဝက်သာသာ ပြောတဲ့လူတွေ)
ညက ပြည်တွင်းနိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေသူတဦးနဲ့ စကားလက်ဆုံမိပါတယ်။ ထုံးစံအတိုင်း နေကောင်းလားဘာညာပဋိသန္တာရဆိုပြီးတာနဲ့ အခြေအနေဘယ်လိုလဲကနေ စပါတယ်။ ပြောတာတွေ နာရီဝက်စာလောက်ရှိပါတယ်။ ကိစ္စကတခုတည်းပါ။ ကိစ္စတခုကို နာရီဝက်စာ ပြောတယ်ဆိုကတည်းက တော်တော်တော့ ကိစ္စရှိနေလို့မှန်း ရိပ်မိမှာပါ။ ကိစ္စက စစ်အုပ်စုက စစ်အသုံးစားရိတ်တွေ တိုးတောင်းတဲ့အကြောင်းပါ။ အဲ့ဒီကိစ္စကို နာရီဝက်စာပြောကြတယ်ဆိုတာဟာ တော်ရုံတန်ရုံလေးနက်မှုမဟုတ်လောက်ပါဘူး။ အဲ့သလောက်လေးနက်တဲ့ကိစ္စကို ရောက်လွယ်အောင် ချုပ်ပြောရရင်....
သူက... စစ်တပ်က အရင်တုန်းကလို စစ်အသုံးစားရိတ်ကို သုံးချင်သလိုသုံး၊ တိုင်းပြည်နဲ့လူထုက မသိရ၊ လွှတ်တော်တွေ ဘာတွေလည်းမရှိတော့ တိုင်းသိပြည်သိဖြစ်အောင် မေးလို့လည်းမရဘူး၊ ခု ရပြီ။ လွှတ်တော်မှာ တင်တောင်းလို့လူထုသိပြီ။ တိုးတောင်းတာပါသိပြီ။ ဒါ့အပြင် မသုံးဖြစ်လို့ ပိုနေတဲ့ငွေတွေပြန်အပ်ပါလို့ပါ ပြောလို့ရနေပြီ ဒါ ကောင်းတဲ့လက္ခဏာ၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု(သူ့စကားအရ) “အရွေ့“ ဖြစ်တယ်။
ကျနော်က ဟုတ်တယ် အရင်လို လူမသိသူမသိ ခိုးမလုပ်တော့ဘူး။ ခိုးထုတ်ခိုးထည်နဲ့မိစရာ မလိုတော့ဘူး။ ဗြောင် “လုပ်တယ်ကွာ ဘာဖြစ်လဲ“ လုပ်ခွင့်ရသွားပြီ။ မေးလို့ရလာပြီ ပြန်ဖြေတာကြားရပြီ။ နားရှိလို့ကြားရတဲ့သဘောထက် တက်မလာသေးဘူး။ အရင်လို ဓမြတိုက်သလိုတိုက်ယူစရာ မလိုတော့ဘူး။ တောင်းယူရတယ်။ ဒါပေမဲ့ သူတောင်းစားတောင်း တောင်းတာမဟုတ်ဘူး။ ပြန်ပေးတောင်း တောင်းတာ။ “ရွေ့“တော့ ရွေ့သွားတယ်။ သူရွေ့တာမဟုတ် ကိုယ်ရွေ့တာ။ ကိုယ်က ဓမြကင်းစောင့်ကနေ “လက်ထောက်ချအဖြစ်“ရွေ့သွားတာ။
နိဂုံးချုပ်တော့ သူက ကျနော့်ကို အဆိုးမြင်သမားလို့ပြောတယ်။ ကျနော်က “မင်း ဗော်လ်တဲယားရေးပြီး ဆရာကျော်အောင် ဘာသာပြန်တဲ့ အကောင်းမြင်သမား“ဖတ်ဖူးလားနဲ့စကားစသတ်တယ်။ ဒီညလည်း ပြောဖြစ်ကြမှာပါ။

အဲ့ဒါသာကြည့်။ ကျနော်တို့နှစ်ယောက် ဒီ ၃ မိနစ်စာလောက်ကို ကိစ္စကို နာရီဝက်သာသာကြာအောင်ပြောကြတာ။ လူနှစ်ယောက်ဟာ ကိစ္စတခုကို တထိုင်တည်းမှာ နာရီဝက်သာသာပြောနိုင်တယ်ဆိုကတည်းက ပြောစရာက တော်တော့်ကိုရှိနေပြီ။ မျိုးမြင့်ချို
ဂျူလိုင် ၃၁၊ ၂ဝ၁၉

0 comments:

Post a Comment