Thursday, August 1, 2019

(ရအောင်ပြင်မှာပေါ့နဲ့ မရတော့ပါ)

0 comments
(ရအောင်ပြင်မှာပေါ့နဲ့ မရတော့ပါ)
၉ဝ ရွေးကောက်ပွဲအပြီး ဂန္ဒီခန်းမကိစ္စတွင် အင်န်အယ်လ်ဒီကဟန်ရေးပြသလိုလို ဒေါင်းကသလိုလို မစို့မပို့သွားလုပ်တော့ စစ်အုပ်စုက “အပြတ်တွယ်“ထည့်လိုက်တာ လူတိုင်းမှတ်မိကြဦးမည်ထင်သည်။ လူဖမ်းပွဲကြီး ဟီးဟီးထသွားသည်။ တောထဲရောက်သည့်အမတ် ရောက်။ ထောင်ထဲရောက်သည့်အမတ် ရောက်။ ရောက်ကုန်ကြသည်။ မင်္ဂလာဒုံအမတ် ကိုကြည်ဝင်းတို့ ကိုတင်ထွန်းမောင်(ရုပ်ရှင်မင်းသား ဒွေး၏ ဖခင်)တို့လို အစကတို့မပြောလားဟု ဂန္ဒီခန်းမခေါင်းဆောင်သူတွေကို လက်ညှိုးထိုးရင်း သူတို့လုပ်တာတို့မပါဟု စစ်အုပ်စုကို လေပြေထိုးသူတွေလည်း မနည်းလှ။ နောက်တော့ အဲ့သလိုလူတွေက အင်န်အယ်လ်ဒီကို အရင်ဆုံး “ကန်“ကြသည်။ သစ္စာဖေါက်ကြသည်။ စစ်အုပ်စုနှင့် ဗြောင် ပလူးသည်။ ဘက်ကူးသွားသည်။ ထိုအချိန်က အင်န်အယ်လ်ဒီအတွင်း ဗိုလ်စောမောင်ပြောသည့် စစ်တန်းလျားပြန်မှာဆိုသည်ကို ယုံကြည်သူများ အမှန်ပင်ရှိခဲ့သည်။ ငြင်းမရပါ။ ထောင်ထဲရောက် အင်န်အယ်လ်ဒီတွေပါးစပ်ကပြောတာ နားနှင့်ဆတ်ဆတ်ကြားဖူးသည်။ စစ်အုပ်စုအပေါ် အတွေးအခေါ်အရ ပြက်ပြက်ထင်ထင်မရှိမှန်း ဖော်ပြချက်တခုဖြစ်သည်။
ဂန္ဒီခန်းမကိစ္စ ကဖြဲကရုန်းဖြစ်သွားရခြင်းအခြေခံမှာ ကြောက်ရုံသက်သက်ကြောင့်မဟုတ်ပဲ ထိုစစ်တန်းလျားပြန်ကတိကို ကောက်ရိုးမျှင်လိုဆွဲနေခြင်းလည်း ပါသည်။ ဖွဲ့စည်းပုံဆွဲရေးကို စစ်အုပ်စုကသာလုပ်မည်ဟု ခင်ညွန့်က ထွက်ပြောသော်လည်း ဂန္ဒီကို “ကိုင်“ပြီးသည်အထိ ဘယ်လိုလုပ်ရမှန်း “နည်း“ကို သူတို့လက်မှာ ရေရေရာရာမရှိသေး၊ ချမပြနိုင်သေး။ ဒီတော့ အင်န်အယ်လ်ဒီကလည်း လွှတ်တော်ခေါ်ပေးပါ လွှတ်တော်ခေါ်ပေးပါနှင့် လူမမာအမဲခြောက်တောင်းသလို တစာစာလုပ်လို့ရနေသည်။ စစ်အုပ်စုက တုတ်တုတ်မှမလှုပ်။ လှည့်တောင်မကြည့်။ သို့သော် အကြံရခက်တော့နေ၏။
ထို့နောက် ကျိုက္ကဆံအစည်းအဝေးကိုင်ပြီး ထွက်ချလာ၏။ ပတ်ကြမ်းတော့ မတိုက်သေး။ ချော့နည်းမြျူနည်းက အဓိက။ ဒါကို အင်န်အယ်လ်ဒီဘက်ကလည်း သိ၏။ သည်တော့ စစ်အုပ်စုကို နည်းနည်းသွေးတိုးစမ်းပြန်၏။ လွှတ်တော်ခေါ်ပေးကို ကလေးလို ပူဆာ၏။ ဒီတော့ စစ်အုပ်စုက ဗိုလ်အောင်ရွှေ့ကိုင်ပြီး ဒေါ်စုနှင့်ဦးတင်ဦးကို ပါတီဝင်အဖြစ်မှထုတ်ခိုင်းသည်။ သူကလည်း ထုတ်ပေး၏။ တပြည်လုံး ပါတီဝင်ထုတ်ပွဲ ထွက်ပွဲတွေ အုံအုံးကျွက်ကျွက်။ တကယ့်ကို ရုန်းရင်းဆန်ခတ်ကာလကြီး။
နောက် ကျိုက္ကဆံအစည်းအဝေးကနေ အမျိုးသားညီလာခံ “ညောင်နှစ်ပင်အစည်းအဝေးလိုင်း“ ပိပီပြင်ပြင်ကျသွား၏။ အင်န်အယ်လ်ဒီကိုလည်း ညောင်နှစ်ပင်စားကျက်ထဲ လွှတ်ကျောင်းထားလိုက်၏။ ဒါတောင် စားကျက်ထဲမှာ ဒီအတိုင်းလွှတ်တာတော့ မဟုတ်။ ကြိုးရှည်ရှည်နှင့်လှန်ထားသည့်သဘောမျှ။ နောက်တော့ အားလုံးသိကြသည့်အတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံနျင့် စစ်အုပ်စုအထိုင်ကျသွား၏။ အင်န်အယ်လ်ဒီကိုကြောက်စရာမလိုတော့။ လိုအပ်လို့ ထုတ်ကစားရုံမှတပါး သိတ် ခေါင်းလေးခံကာ စဉ်းစားနေစရာမလိုတော့။
ခုလွှတ်တော်နည်းသက်သက်ဖွဲ့စည်းပုံပြင်ရေးလည်း မထိတထိလုပ်သည့်နှယ်ဖြစ်နေသည်။ ပြင်လို့မရရင် ဘာလုပ်မလဲဆိုသည့် သာမန်ပြည်သူတဦး၏အမေးကို “ရအောင်ပြင်မှာပေါ့“ဟု စကားနိုင်လုခဲ့တာကို လူတွေမေ့ကြမည်မထင်ပါ။ လောလောလတ်လတ်ပြောထားသည့် ပြင်လို့မရတဲ့ဥပဒေမရှိဆိုသည့် သီဟနာဒကြုံးဝါးသံကလည်း မင်ပင်မခြောက်သေး။ မနေ့ကတော့ “တိုင်းပြည်သည်မလွယ်ကူသည့်အနေအထားတွင်ရောက်နေပြီ“ဟု ထွက်ပြောလာပြန်သည်။
ကျနော်တို့ကြည့်ရဦးမည်။ ကျနော်တို့ဆိုသည်မျာ လူထုကိုဆိုပါသည်။ လောပြီး ပြောဖို့ထားဦး လောပြီးမတွေးမိအောင်ပင် ဆင်ခြင်နေရသည်။ မကြခင်တွင် “ပြင်လို့မရရင် ဘာလုပ်မလဲ“အမေးကို ဒေါ်စုဖြေရတော့မည်။ “ရအောင်ပြင်မှာပေါ့“တော့ လုပ်ဖို့မလွယ်တော့။
မျိုးမြင့်ချို
သြဂုတ် ၁၊ ၂ဝ၁၉

0 comments:

Post a Comment