Tuesday, August 27, 2019

ဗန်မော်တင်အောင်(သို့မဟုတ်) နရသိမ်ထောင်မှ အကျဉ်းသား

0 comments
ဗန်မော်တင်အောင်(သို့မဟုတ်) နရသိမ်ထောင်မှ အကျဉ်းသား
(၁) 
အမှန်အားဖြင့် “နရသိမ်ထောင်မှ အကျဉ်းသား” မှာ ယခု ဗန်းမောင်တင်အောင် မဟုတ်။ ဗန်းမောင်တင်အောင်၏ စိတ်ကူး ဝတ္ထုထဲမှ ဇာတ်လိုက် တယောက်သာ ဖြစ်ပေ၏ ။ သို့သော် ဗန်းမော်တင်အောင်အား ရှုကြည့်စူးစမ်း ထားသော လူကို လေ့လာခြင်း ကားချပ်၏ ခေါင်းစဉ်ကိုမူကား “နရသိမ်ထောင်မှ သူပုန် အကျဉ်းသား” ဟူ၍ တင်စားကာ ခေါ်လိုက်ရပေ၏ ။ 
“နရသိမ်ထောင်” မှာ သူ၏ ဝတ္ထုထဲမှ မြေရှင် ပဒေသရာဇ်၏ အကျဉ်းထောင် ဖြစ်သည်။ ချောမောလှပသော လှကလျာ ပြည်တော်သာ ခင်ခင်ဦး၏ ရူပါရုံမှ ယက်ဖောက်၍ထားသော ဇာတ်လမ်းထဲရှိ ပဒေသရာဇ် ဆန့်ကျင်ရေး သူပုန်မှာ နရသိမ်ထောင်ထဲတွင် အကျဉ်းချခြင်းခံလျက်ရှိပေသည်။ 
ချစ်လှစွာသော ဗန်းမော်တင်အောင်အား လူ၏ ရင်တွင်းမှ မေတ္တာစောင်းသံ၊ မေတ္တာရသဖြင့် တီးခတ်ဖွဲ့သီရပါမူ “ခင်မမကြူရဲ့မောင်” ဟူ၍လည်း ရင့်ကျူးတသ နိုင်ပါသေး၏ ။ 
ခင်မမကြူမှာ ချစ်ဖွယ်ရာကောင်းသော ရုံးစာရေးမကလေး ဖြစ်၏ ။ သူ့မောင်ကြီး ထွန်းလင်းအား အပြုံးဖြင့် ယုယပြုစုခဲ့၏ ။ သူ့မောင်ကြီးအား မိန်းမတို့၏ မိခင် ရင်ငွေ့ဖြင့် နွေးစေ, ထွေးစေသည်။ သူ့မောင်ကြီး၏ တော်လှန်ရေး သဘောထားများကို ကြင်နာစွာ ခေါင်းညိတ်၏။ ဝတ္ထုထဲမှ ခင်မမကြူ၏ မောင်ကား ဝတ္ထုရေးဆရာ ဗန်းမော်တင်အောင်ပင် ဖြစ်နေပေ၏ ။ အဘယ်ကြောင့် ဆိုသော် သူက စိတ်ကူး မှန်ကူကွက်ထဲတွင် ချစ်စယ်ရုံးစာရေးမကလေး ခင်မမကြူနှင့် အချစ်ဇာတ်လမ်းယက်ရှယ်ကြည့်သည်။ 
နရသိမ်ထောင်တွင်းမျာ အကျဉ်းသားကိုကား သူ၏ ဝတ္ထုများ၌ ထိတွေ့ရပေသည်။ 
“နရသိမ်” ဟူ၍ ပဒေသရာဇ်ခေတ်က လှပ ယဉ်ကျေးသော နာမဖြင့် မှည့်ခေါ်ထားည့် အကျဉ်းထောင်၍ ဗန်းမော်တင်အောင်၏ ဇာတ်လိုက် သူပုန်ကြီးသည် အကျဉ်းချခြင်းခံနေရသည့်အခါ ဂရုဏာ သက်မိသော ဝေဒနာကို မနေ့က ပုလိပ်ရုံးကြီး အချုပ်ခန်း သံတိုင်ကို မှီလျက် ရပ်နေသော ဗန်းမော်တင်အောင်အား တွေ့ရသည့် အခါ ခံစားလိုက်ရပေသည်။ 
ပုလိပ်ရုံးကြီး၏ အောက်ဆုံးထပ် ဒေါင့်ချိုးရှိ ကျဉ်းမြောင်းသော အခန်းငယ်ဝ သံတိုင်ကို ဆုပ်ကိုင်ကာ လင်းယုန် အယ်ဒီတာသည် ပြုံး၍ပြရှာ၏ ။ 
သမံသလင်း၏ စိုစွတ်ထိုင်းမှိုင်းသော အနံ့အသက်နှင့် အမိုးက နှိမ့်သဖြင့် လေးဘက် လေးတန်နံရံ၏ ကျဉ်းမြောင်းခြင်း မျက်စိအာရုံမှာ မွန်းအိုက်လာစေ၏။ 
သေနတ်များကိုင်ထားသော ပုလိပ်များမှာ အကျဉ်းသားတို့၏ အစောင့်အရှောက်များဖြစ်ကြ၏ ။ အခန်းငယ်၏ အစွန်းဘက်ရှိ ခုံရှည်ပေါ်၌ကား၊ လက်ထိပ်ခက်ထားသော ကုလား အကျဉ်းသားနှစ်ဦးကို တွေ့ရသေး၏ ။ ရာဇဝတ်ကောင်များနှင့် အတူ ဗန်းမောင်တင်အောင်ကို တခန်းထဲထားသည်ကို တွေ့ခဲ့ရသည်။ 
‘နေကောင်းရဲ့လား’ 
လုံနေသဖြင့် ဘေးဘီရှိ ပုလိပ်သားများ၏ စကားပြောသံ၊ သေနတ်ချသံ၊ အသံဘလံတို့ဖြင့် ဆူညံနေရာ၊ ကြားရအောင် သံတိုင်နားကပ်၍ မေးရသည်။ 
ဗန်းမောင်တင်အောင်က ဖြူဖြော့ဖြော့ မျက်နှာဖြင့် ခေါင်းညိတ်ပြသည်။ သူ၏ ဘေးတွင် ထမင်းချိုင့် တခုကို တွေ့ရသည်။ 
‘ နေရတာ ဘယ့်နဲ့လဲ ‘ 
သူသည် ချိုင့်သွယ်၍ ပိန်လျသော ပါးပြင်ကို ပြုံးလျော့လျက် ‘ အခန်းကျဉ်းလေးထဲ တယောက်ထဲနေရတာပေါ့၊ Cell လေးပေါ့ဗျာ ‘ 
ကျွန်တော်က အတွေ့အဆုံ၌ မချမ်းမြေ့ဘွယ်ရာကို ဟာသဖြင့် ရွှန်းစိုနေစေခြင်းငှာ ‘ဒါဖြင့် ခင်ဗျားခုမှ တကယ့် literally Cell ထဲ ရောက်နေတာပေါ့’ ဟု နောက်လိုက်၍ သူလည်း ရယ်မောနေလေသည် တော်လှန်ရေး အဖွဲ့အစည်းများ၌ အောက်ခြေရှိ အစုများကို cell (ကလာပ်စည်း) ဟူ၍ ခေါ်သည်ကို တင်စား၍ ဆိုခြင်း ဖြစ်သည်။ အကျဉ်းထောင်မှ အခန်းငယ်ကိုလည်း Cell ဟု ခေါ်ပေသည်။ 
ကိုတင်အောင်က ရယ်နေစဉ် ကျွန်တော်က ဆက်လက်၍ ‘ နရသိမ်ထောင်နဲ့ ဘယ့်နဲ့နေသလဲ ‘ ဟု မေးလိုက်လေသည်။ 
ဝတ္ထုရေးဆရာ၏ မျက်လုံးကြေးမုံပြင်မှ လူရိပ်များသန်းလာလေသည်။ လာရောက် မေးမြန်းကြသော မိတ်ဆွေ အယ်ဒီတာ၊ စာရေးဆရာ၊ ထုတ်ဝေသူများအား ညှိုးငယ်သော မျက်နှာကို သူ၏ တင်းထားသော ပြုံးဟန်ဖြင့် ဆင်ယင်ကာ ကြည့်လျက် အလ္လာပ သလ္လာပ ပြောလျက်ရှိသည်။
ကျွန်တော်ကမူ သုခုမ စောင်းကြိုး၌ မေတ္တာအကွက်များကို ဖန်တီးကာ တို့နေမိသည်။ 
ယခု သူရပ်နေသော သမံတလင်း၊ သံတိုင်၊ အုတ်နံရံခန်းကား သူ၏ ဝတ္ထုထဲမှ “နရသိမ်ထောင်” မဟုတ်။ ပုလိပ်ရုံးကြီး၏ အချုပ်ခန်းဖြစ်၏ ။ သူကား ဖဆပလ အစိုးရ၏ အကျဉ်းသား ဖြစ်နေလေပြီ။ ဝတ္ထုထဲရှိ “နရသိမ်ထောင်တွင်းမှ သူပုန်အကျဉ်းသား” မဟုတ်တော့ပြီ။ 
နရသိမ် ထောင်တွင်းမှ သူပုန် ဝတ္ထု ဇာတ်လမ်းကို စိတ်ကူးလျက်ရှိစဉ် (ဝါ) စိတ်ကူးယဉ် တော်လှန်ရေး စာရေးဆရာဘဝတွင် ကျွန်တော်နှင့် စတွေ့ကြသည်။ ထိုခေတ်ကို ရောက်အောင် လွန်ခဲ့သော (၆) နှစ်ခန့်က တာရာ မဂ္ဂဇင်း အယ်ဒီတာထံ ပေးစာများ ဖိုင်တွဲကို အမြှေးအမျှင် ပင့်ကူအိမ်များ ကြားထဲမှ ဆွဲယူ ကြည့်ရပေလိမ့်မည်။ 
(၂) 
၁၉၄၆။ ။ ပြည်မြို့ နဂါးလိမ်တန်းရှိ တခါမျှ မသိဖူးသော သူစိမ်းတဦးထံမှ စာစောင်တစောင် ရောက်လာသည်။ 
“တာရာ မဂ္ဂဇင်း ထုတ်ဝေမည့် အကြောင်း သိရသဖြင့် သစ်ဆန်းနုလွင်သော စာများ ဖတ်ရတော့မည့်အတွက် ဝမ်းမြောက်လှပါသည်။ 
ကျွန်တော်လည်း ပြည်မှနေ၍ သီတင်းကျွတ်လမှ အစပြုလျက် “လင်းယုန်” လစဉ် ထုတ်ဝေရန် စီစဉ်နေပါသည်။ 
ကျွန်တော်၏ ပွဲဦးထွက်စာစောင်တွင် ကိုဌေးမြိုင် ၁၉၃၈၊ ၃၉ က ကောလိပ်မဂ္ဂဇင်းတွင် ရေးဖူးသော “နေရစ်တော့ သက်လှယ်ရယ်” ဝတ္ထုတိုကလေးအား သုံးခွင့်ပြုနိုင်ဖို့အခွင့်ကို တောင်းခံလိုပါသည်။ 
တာရာ မဂ္ဂဇင်း အတွက် ပြည်၊ ရွှေတောင်၊ ပန်းတောင်းနှင့် ပေါက်ခေါင်းအတွက် ကျွန်တော်ဖြန့်ချီပေးပါမည်။ 
ကိုဌေးမြိုင်ရေးခဲ့သော ကဗျာကလေးများထဲမှလည်း ရွေးချယ် ထည့်သွင်းချင်ပါသည်။ ကဗျာ ကလေးများလည်း ယခုအခါ လူတွေအတော်ဘဲ တောင့်တကြပါသည်။ 
ကျနော် ပေးနိုင်မည့် အကူအညီကို စာရေး၍ တောင်းပါ။ အသင့်ရှိပါသည်။ ….
‘တင်အောင်’ ဟု လက်မှတ်ထိုးထားလေသည်။ ပထမတော့ ဘယ်သူဘယ်ဝါမှန်းမသိ။ အောက်နားဆီမှ ‘ဗန်းမော်တင်အောင်’ ဟု တွေ့ရမှ ဂျာနယ်ကျော်တွင် “နော်မူဂေး” ဝတ္ထုရေးသူဟု သိလိုက်ရသည်။ 
ကျနော့မှာ အရေးပိုင်ရုံးသို့ တာရာ မဂ္ဂဇင်း ထုတ်ဝေမည် ဖြစ်ကြောင်း လျှောက်လွှာတင်ထားကာ သတင်းစာထဲတွင် ကြော်ငြာ ထည့်ထားခိုက် ဖြစ်ပေ၏ ။ ထိုစာမှာ တာရာ မဂ္ဂဇင်း အယ်ဒီတာ ဖိုင်တွဲ၌ ပထမ ဆုံး ဖောက်၍ သွင်းရသော စာရွက်ဖြစ်ပေသည်။ 
ကျနော်၏ အမည်ရင်းကိုပင် သိကာ ကောလိပ် မဂ္ဂဇင်း (၁၉၃၉) မှ ‘နေရစ်တော့ သက်လှယ်ရယ်’ ဝတ္ထုစာရေးဆရာဟု နားလည်ထားလိုက်သည်။ 
‘နော်မူဂေး’ မှာ ဝတ္ထုတို အနေဖြင့် လှပ၍ ချစ်ဖွယ်ကောင်းသော စာတပုဒ်ဖြစ်ပေ၏ ။ စာရေး နွဲ့နှောင်းသူ တယောက်ဟု ထင်ထားခဲ့၏ ။ ကျနော်လည်း စာပြန်လိုက်၏ ။ နောက်မေ့နေ၏။ 
ကျနော့်မှာ တာရာ အတွက် ပြင်ဆင်နေစဉ်၊ နောက် တလလောက်ကြာသော အခါ ဗန်းမော်တင်အောင်ထံမှ တာရာအတွက် ‘တရံရောခါ’ အမည်ရှိ ဆောင်းပါးတပုဒ် ပေးပို့လိုက်ရာ၊ စာတိုက် သပိတ်ကြောင့် ပြန်လာကြောင်း နောက်ထပ် ရောက်အောင် ပို့မည် ဖြစ်ကြောင်း၊ စာကို ဖတ်ရလေသည်။ 
သူ၏ စာတွင် ‘ရန်ကုန်မှာ တော်တော်လေး ဆူနေရော့မယ်၊ မကျေနပ်မှုတွေက လူတန်းစား အသီးသီးတိုင်းမှာ အများကြီးရှိနေကြတော့ တုံ့ပြန် ရိုက်ခတ်ချက်တွေပဲ။ ခုလို ဓားပြမှုတွေ၊ နောက်ပြီး သပိတ်တွေ ဖြစ်ရုံဆိုရင် တော်သေးတာပဲ၊ ကျနော့ ထင်မြင်ချက်သဘောထားအရ ဆိုရင် စေ့စပ်ရေးနဲ့ မစေ့စပ်ရေးရဲ့ လမ်းဆုံ လမ်းခွမှာ ရောက်နေပြီလို့ ပြောချင်တယ်။ လူထုကိုတော့ ထားပါတော့၊ လူထုကို ခေါင်းဆောင်မယ့် ခေါင်းဆောင်တွေဟာ ဘယ်သင်းကို ရွေးကြမလို့တဲ့လဲ။ ခင်ဗျားတော့ သိမှာပဲထင်တယ်’ ဟု ရေးလိုက်သည်။ 
သူက ရင်းရင်းနှီးနှီး ရေးလိုက်သည်။ ကျနော့်မှာ ရင်းနှီးခင်မင်သော သူ၏ သဘောထားကြောင့် လူကို မမြင်ဖူးသေးသော်လည်း စိတ်ဝင်စားလာမိသည်။ 
ဂျာနယ်ကျော်တွင် စစ်မဖြစ်ခင်က ‘မဟာအောင်’ အမည်ဖြင့် စစ်ထွက် ယောက်ျား၊ ကြင်မည့်သူ၊ စသော ဝတ္ထုတိုများရေးကြောင်းလည်း သိရသည်။ ‘ဖုန်းမေ့နိုင်ဘူး’ ဝတ္ထုကို သူသည် သူဌေးအေးတိုက်မှ (၁၈)နှစ်သား၌ ရေးခဲ့ဖူးသည်။ 
သူ၏ ဂျာနယ်ကျော်ရှိ ဝတ္ထုများမှာ ရေးပုံ ဆန်းနုသည်။ ဇာတ်လိုက်မများကို ချစ်စဖွယ် ဖန်တီးထားတတ်သည်။ ပွင့်လင်းရဲရင့်သော ဖျပ်ဖျပ်လတ်လတ် လူငယ်များကို ဇာတ်လိုက် အဖြစ်ထားတတ်သည်။ 
ဤသို့ ဝတ္ထုရေးသူ အနေဖြင့် နားလည်ထားရာမှ ယခု သူ၏ စာတွင် ပါသော နိုင်ငံရေး ထင်မြင်ချက်များကို ဖတ်ရသောအခါ နိုင်ငံရေး၌လည်း စိတ်ဝင်စားသူ လူငယ်ဟု တိုး၍ ထင်ထားလိုက်ရလေသည်။ 
ထိုအခါက ဖဆပလ လှုပ်ရှားမှု ခေတ် ဖြစ်ပေရာ ဘုရင်ခံ၏ စက္ကူဖြူကို ပြတ်ပြတ်သတ်သတ် တိုက်မည့်ဘက်နှင့် ခြေလှမ်းခပ်ဆုတ်ဆုတ်နှင့် ကျေအေးမည့်ဘက်တို့ လွန်ဆွဲနေသော အခါ ဖြစ်ပေသည်။ ထိုအချက်ကို သူလည်း အကဲခတ်နေသူ ဖြစ်သည်။ 
သူ၏ ‘တရံရောခါ’ ကို တာရာ ပထမပတ်တွင် ထည့်ရန် ရွေးချယ်ထားလိုက်လေသည်။ အပြင်မှ သူ့အပြင် မောင်ထင်၊ သခင်သန်းမြိုင်တို့လောက်သာ ရေးကြသည်။ ကျနော်က ဒိုင်ခံကာ လောဘတကြီးနှင့် ရေးစဉ်က ဖြစ်သည် ။
ထို့နောက် သူ့ထံမှ စာများဆက်တိုက်လာသည်။ ကျနော်ကလည်း သူရေးသလောက် စာပြန်ရေးလေသည်။ သူ၏ စာတွင် ရင်းနှီး ခင်မင်ခြင်း စိုလန်းနေ၍ ကျနော်ကလည်း ရင်းနှီးစွာပင် ရေးလိုက်သည်။ 
စာတစောင်တွင်ကား ‘ရန်ကုန်ကို မကြာမီ လာဖို့ အခင်းတော့ ရှိသည်။ ဒီအခါ လာရင်တော့ ကျနော့်(....) လဲ ပါလိမ့်မယ် ထင်တယ်’ ရေးသည်ကို ဖတ်ရသည်။ ကျနော်ကတော့ သူ၏ ချစ်ဇနီးပျို ပါလာမည်ကို’ ရေးတာပဲ ဟု အောက်မေ့ကာ စာဖတ်ရင်း ပြုံးမိသည်။ 
နောက်၌ကား သူ့စာကို သတိမရတော့ပဲ၊ တာရာ အတွက် အလုပ်ရှုတ်နေသည်။ လူငယ်များထံမှ စာများပို့ကြသည်မှာ တသွင်သွင် ဖြစ်ပေရာ၊ ထိုစာများကို ဖတ်နေရသည်။ ကျောင်းသားသမဂ္ဂခေတ်က သိသော လူငယ်များထံမှ ကျနော်၏ မဂ္ဂဇင်းကို အားထားကြောင်းရေးကြသည်။ တချို့ကလည်း ဝတ္ထု၊ ကဗျာများ ပို့ကြသည်။ တပ်မတော်နှင့် ကွန်မြူနစ်ပါတီမှ လူငယ်ပိုင်းက စာများစွာ ပို့ကြသည်။ 
တာရာထွက်လာသော အခါ၌လည်း ရှေ့အပတ်များအတွက် ဆက်လက်စီစဉ်နေရပြန်သည်။ 
(၃) 
ရန်ကုန် မိန် တပေါင်းလမှ လှပဖူးလှပ်လိုက်သော နွေသရစ်ကို သစ်ရွက်ရော်ရီ ဣန္ဒနိဖြင့် တီတီတာတာမမြင်ရတတ်။ 
နေငွေ့ဖြင့် ပူလောင်သော လေသည် တိုက်ခတ်နေ၏ ။ ဗုံးကျထားသဖြင့် ပြိုလဲနေသော တိုက်နံရံထက်မှ အောက်သို့တွဲလောင်းကွေးကောက်ကျနေသည့် မဲယော်ယော် မီးလောင်ယက်မ ကြားမှ မှန်သားကဲ့သို့ နီလာရောင် ကောင်းကင်ပြာကိုသာ တွေ့နိုင်၏ တခါတရံ ပင်လယ်ပြာ၌ တိမ်ဖြူတဆုပ် နှစ်ဆုပ်လောက်သာရွက်တိုက်လွှင့်ထူသွားကြသည်။ 
ကျနော်သည် ‘မတ်လ တော်လှန်ရေး’ ကဗျာကို စပ်ရင်း လိုချင်သော ကာရန် အတွဲမရသဖြင့် စာရေးစားပွဲမှ ခေတ္တထကာ စန္ဒယားခုံသို့ သွားထိုင်ပြီး (စာရေး စိတ်ကူးမရလျှင် ဤသို့ ကြားဖြတ်လုပ်တတ်သည်။) မယ်မယ် ရရ သီချင်းမဟုတ်ဘဲ တေးသံဆန်း ကလေးများကို တို့ကာ ပင့်ကာ စမ်းနေစဉ် ဧည့်သည် တယောက် ဝင်လာသည်။ 
အရပ်မြင့်မြင့်၊ အသားညိုညို၊ ကိုယ်လုံးကိုယ်ထည်မှာ မဝသော်လည်း ခပ်သွယ်သွယ်ဟုလည်း မခေါ်နိုင်။ သို့သော် တောင့်တင်းတည့်မတ်သည်။ ဆံပင်ကို သပ်ယပ်စွာပင် ဖီးသပ်ထားခြင်း ရှိလျက်၊ သက္ကလပ်အပေါ်ဖုံး၊ ခပ်မှိုင်းမှိုင်း ပိုး လုံချည်နှင့်၊ ဆေးတံကို ကိုင်ထားသည်။ ကောလိပ်ကျောင်းသား အသိထဲကလား။ ဘယ်ကလဲဟု စိတ်က မဝေခွဲနိုင်သဖြင့် ထိုယောက်ျားပျိုအား နေရာ ထိုင်ခင်းပေးရသည်။ 
ထိုသူသည် ခပ်ရို့ရို့ခပ်ကိုင်းကိုင်း အမူအရာဖြင့် ပြုံးကာ ကျနော့်အား ကြည့်နေသည်။ ကျနော့်အား သိကျွမ်းသည့် ဟန်ပန်ပေါ်နေ၍ မေ့တတ်သည့် မိမိစိတ်ကို အပြစ်တင်စောနေမိသည်။ 
ထိုယောက်ျားပျိုသည် မဂ္ဂဇင်း ဘယ်တော့ ထွက်မည်လဲ စသည်ဖြင့် စကားစ ကာ တာရာ မဂ္ဂဇင်းအားထင်မြင်ချက်ပေးနေသည်။ ကျနော်မှာ စကားသာုလိက်ပြောနေရသော်လည်း မည်သူ မည်ဝါမှန်းမသိ၍ ခပ်ကြောင်ကြေင်ပင် ဖြစ်နေသည်။ 
ကျနော့ အမူအရာကို သိ၍လားမသိ ထိုယောက်ျားပျိုက ‘ကျနော်တင်အောင်ပါ’ ဟု ပြောသည်။ မရိပ်မိသေး။ နောက်ဆက်လက်၍ ‘တရံရောခါ’ ကို ဘယ်ပုံရေးဖြစ်သည့် အကြောင်း ရောက်လာတော့မှ ဗန်းမော်တင်အောင်မှန်း သိတော့သည်။ 
သူ၏ ရင်းနှီးသော သဘောကို နားလည်လာသည်။ သူနှင့် စကားပြောရသည်မှာ ဝတ္ထုထဲကနှင့် တူနေသည်။ စကားလုံးကို ရွေးချယ်၍ သုံးသည်ဟု ထင်မှတ်ရသည်။ ယဉ်ယဉ်ကျေးကျေး ခမ်းခမ်းနားနား စကားကို သီကုံး၍ ပြောသည်။ မေးမြန်းသည့်အခါ နားထောင်သည့်အခါ အမူအရာမှာ ရို့လွန်း ကိုင်းလွန်း၍ တဖက်သား အနေရပင် ကြပ်သည်။ 
ဥရောပ အဘိဓမ္မာ အကြောင်းများများပြော၍ ကောလိပ်ကထွက်သလားဟုပင် မေးယူရသည်။ မေမြို့ စစ်ကျောင်းတွင် နေဖူးကြောင်း ပြောသောအခါ၊ သူ့ဝတ္ထုထဲမှ စစ်ဗိုလ်များကို သွားသတိရသည်။ ကျနော်၏ ဝတ္ထု၊ ကဗျာများ မဖတ်ဖူးသည် မရှိ ဖြစ်နေ၍ အံ့ဩရသည်။ ကောလိပ် မဂ္ဂဇင်းတွင် ပါဖူးသော ‘ပွင့်ခါစ’ ကိုပင် မှတ်မိနေသည်။ 
‘တာရာက မြင့်လွန်းနေမလားပဲ။ (၅) နှစ်လောက် စောနေတယ် ထင်တယ်။ တာရာလို့ ဆိုထားတော့လဲ စောတယ်လို့ မဆိုနိုင်တော့ဘူးလေ။ ကျနော့်မှာလဲဗျာ..... သစ်လုပ်ငန်း တွေက ပြတ်ပဲ မပြတ်နိုင်သေးပါဘူးဗျာ........နောက်ထပ် ဝတ္ထုတွေကို ဆက်ပို့ဖို့ကို ကြိုးစားနေပါတယ်’။ 
ထို့နောက် ဆက်လက်ကာ စာပေအကြောင်း ရောက်သွားပြီး သူဝတ္ထုတပုဒ် ရေးနေကြောင်း၊ ပြောပြလေသည်။ ဇာတ်လမ်း အကျဉ်းချုပ်ကို ကျနော့်အား ပြောပြသည်။ ထိုဝတ္ထုထဲမှာ “ ဘုန်းမောင့်တယောက်ထဲရယ်” ဖြစ်သည်။ 
သူက “လူ” ဟူ၍ အမည်ပေးချင်ကြောင်း ပြောလေသည်။ တော်တော်ကြာကြာ စကားကောင်းနေကြပြီး၊ စန္တယားသံကြားချင်သည်ဆို၍ ‘ပန်းဟေဝန်’ ယိုးဒယားဖိန်းချားကလေး တီးပြရသေးသည်။ သူက ယိုးဒယားကို နားထောင်ချင်သည်။ 
‘တယောပြား ကလေးရှိရင် ကောင်းမှာပဲ ဗျာ။ လိုက်ထိုးရတာပေါ့’ ဟု သူသည် ညည်းသလိုက်သည်။ 
အတော်ကလေး ရင်းနှီးသွားကြသည်။ ‘ပြန်ခါနီး၌ ရန်ကုန်ဆင်းလာရင် ဝင်ခဲ့ဦးမယ်ဗျာ.....။ လင်းယုန်ကတော့ မထုတ်ဖြစ်သေးပါဘူး’ ဟု ဆိုလေသည်။ 
နောက်ထပ် ‘လေလွင့်နေသော သတို့သား’ ကို ရ၍ ထည့်ရန် ပန်းချီအပ်လိုက်သည်။ ‘သစ်ဆန်းသော စိတ်ကူးနှင့် လူ့ဘဝ’ ကို ကား မထည့်ဖြစ်။ ထို့နောက် ‘ဘုန်းမောင့်တယောက်ထဲရယ်’ ကြော်ငြာပို့လိုက်သည်။ စာထဲတွင် တောတက်နေ၍ မအားလပ်ကြောင်း။ သစ်အလုပ်ကို စွန့်၍ စာပေလောကသို့ ဝင်လိုကြောင်းများပါသည်။ စိတ်ဓာတ်ပြင်းထန်နေသော လူငယ် တဦးဟုပင် အမှတ်ထားလိုက်သည်။ 
ကျနော်လည်း စာပုံနှိပ်စက်နှင့် စက္ကူပုံများအကြောင်း နစ်နေစဉ် ၁၉၄၈-ခု၊ မိုးသည်းထန်စွာ ရွာနေသော တညနေ၌ ကိုတင်အောင် အိမ်ထဲဝင်လာပေသည်။ သက္ကလပ် အင်္ကျီမှာ မိုးရေဖြင့် ရွှဲကာ စိုစွတ်နေ၏ နှုတ်မှလည်း ‘ကျနော့မှာ ငွေတွေ ပါလာတယ်ဗျို့။ သစ်အလုပ်လဲ ဖြုတ်လိုက်တော့မယ်။ ငွေတွေ ခင်ဗျား ယူထားပါ။ တာရာမှာ သုံးချင် သုံးပါ’ ဟု အားတက်သရော ပြောသည်။ 
ကျနော်က မိုးမိလာသည်ကို ကြည့်ကာ သူ၏ စိတ်အားထက်သန်မှုကို အံ့ဩနေသည်။ 
သူသည် မီးခြစ်တောင်းကာ ဆေးတံကို ဆေးထည့်နေသည်။ အပြင်ဘက်၌ကား မိုးသက်လေပင် ဝှေ့ပါလာကာ လမ်းပေါ်၌ ရေဖြင့် ဖွေးနေတော့သည်။ ‘ကျနော့ ငွေတွေကို တာရာမှာ သုံးပါဗျာ’ ဟူ၍ တတွတ်တွတ် ပြောနေသာ အသံသည် မိုးပေါက်သံနှင့် အတူမြည်နေသည်။ 
ကျနော်ကမူ သူ၏ ပြင်းထန်သော အားတက်သရောစိတ်ကို မည်သို့ ပြန်ကြားရမည်ကို စဉ်းစားနေသည်။ 
လက်ရှိ သစ်လုပ်ငန်းကို စွန့်ခွာ၍ သူ မတွေ့ကြုံရသေးသော ကြမ်းတမ်း မာကျောသည့်၊ ချုံနွယ် ပိတ်ပေါင်းများကို ရှင်းလင်းတိုးဝင်ကာ သွားရမည့် လမ်းသစ် ခုတ်ထွင်ရေး၌ ကျနော်နဲ့ အတူ ဒုက္ခခံမည်ကို သိရသဖြင့် ပို၍ ရင်းနှီးသွားသော အသိကို ခံစားရပါ၏ ။ 
ထိုအခါက ကျနော့်မှာ ငွေကလည်း ပြည့်စုံနေသေးသည်။ ထို့ပြင် သူက စာပေထက် သတင်းစာ ဂျာနယ်၌ စိတ်ညွတ်နေသည့်ပြင်၊ လက်ရှိ အလုပ်ကို ပစ်၍ စာပေဘက် ကျွံလာပြီးနောက် သူ့ငွေ မရော့ဟု အာမ မခံနိုင်သေး။ ကြင်နာစွာနှင့် သူ ရက်ရက်ရောရော ထိုးအပ်သော ငွေများကို ‘အခြားမှာ သုံးပါဗျာ’ ဟု ပြောရသည်။ သူက ရင်းနှီးစွာပင် ကျနော်နှင့် တွဲဖက်လုပ်လိုသည်။ 
သူသည် စိတ်ပျက်အားလျော့ပေလိမ့်မည်။ 
သူ၏ ‘ဘုန်းမောင့်တယောက်တည်းရယ်’ ဝတ္ထုနှင့် ပတ်သတ်၍ ဝေဖန်ချက်များကို ပြောပြသည်။ သူ့၏ ဝတ္ထုကို ဂျာနယ်ကျော် မမလေးက ‘ဦးချစ်မောင်၏ ဇနီး’ အမည်ဖြင့် နိဒါန်းရေးပေးလေသည်။ သူနှင့် ဦးချစ်မောင်တို့မှာ ရင်းနှီးစွာ သိကျွမ်းပုံရသည်။ ဦးချစ်မောင်ကို အားကျကာ သတင်းစာ လောကဘက် ယိမ်းနေသည်ဟု ထင်ထားလိုက်သည်။ 
စကားပြောရင်း သူသည် မကြာခဏ သမ်းဝေလာသည်။ ကျနော်က အလိုက်မသိတတ်။ အိမ်က လူများက ကော်ဖီပူပူ လာချသည်။ အဖျားတက်မည့် အရိပ်အရောင်ဟု နောက်မှ သိရသည်။ 
စာပေ ပြဿနာ နိုင်ငံရေးရာ စသည်များကို စကားကောင်းနေကြပြီး၊ အမှောင်ရိပ် သန်းလာစဉ် သူလည်း ပြန်သွားလေသည်။ ကုလားထိုင်မှ ထသောအခါ ‘ ရန်ကုန်မှာ ရှိတုန်းတော့ မကြာခဏလာရမှာပဲ’ ဟု ပြောသည်။ သူသည် မိုးရေထဲ ထွက်သွားလေသည်။ သို့သော် ၄-၅-၆ ရက် မပေါ်လာ။ နောက်မှ တည်းအိမ်တွင် ဖျားနေကြောင်း သိရသည်။ သည့်နောက် ၂ ရက် ခြားလောက် ပေါ်လာသည်။ ဂျာနယ်ကျော်တွင် သွား၍ လေ့လာ ဆည်းပူးနေကြောင်း ပြောပြသည်။ 
(၂) ပတ်လောက် ကြာသော အခါ နှုတ်ဆက်ရန် ရောက်လာသည်။ 
‘ပြန်ချေဦးမယ်ဗျာ သစ်ကိစ္စတခုက စာရလို့ ပေါက်ခေါင်းဘက် ဆင်းရဥိးမယ်။ နောက် လာဦးမှာပဲ၊ ကိုသိန်းဖေနဲ့လဲ တွေ့တယ်ဗျို့၊ အဲတာတွေ ပြည်ထောင်ထဲ ဝေဖို့ ယူလာခဲ့တယ်’ 
ကွန်မြူနစ်ပါတီ တောခိုသည့်ရက်က လက်နက်ကိုင် တော်လှန်ရေး မှားကြောင်း ရေးထားသော ကိုသိန်းဖေ၏ စာတမ်းဖြစ်သည်။ နေ့စဉ် သတင်းစာများ၌ ညှပ်၍ဝေသော စာတမ်းဖြစ်သည်။ ကျနော်က ထိုစာတမ်းအား ဝေဖန်ရှင်းလင်းပြသည်။ ကိုတင်အောင်သည် ကျနော်၏ ဝေဖန်ချက်ကို စဉ်းစားနေသည်။ (နောက်ဝေဖြစ် မဝေဖြစ် မသိတော့) 
‘တခေါက်တော့ ဆင်းလာဦးမှာပါပဲ။ ဒီတခေါတော့ အပြီးအပြတ် ဆင်းလာနိုင်လိမ့်မယ် ထင်တယ်ဗျာ။ ဝတ္ထုရှည်ကြီး တပုဒ်လဲ ခင်ဗျားဆီပဲ ပို့လိုက်မယ်။ (‘လွမ်းရစ်တော့ သက်လှယ်ရယ်’ ဖြစ်သည်။) ကြည့်လုပ်ပေးပါ။ တာရာမှာ မသုံးတဲ့ ငွေတွေတော့ ပြန်ယူသွားရဦးမှာပေါ့လေ’ ဟု ညိုးငယ်စွာ ပြုံးကာ ထွက်သွားလေသည်။ 
(၄) 
ယခု အခေါက်မူ အပြီးအပြတ် ဆင်းလာလေသည်။ ၁၉၄၉ - ခုနှစ် နယ်အခြေအနေ မကောင်း၍ တာရာမှာ လ, မမှန်ဘဲ ခက်ခက်ခဲခဲ ရင်ဆိုင်နေရစဉ် ဖြစ်သည်။ 
ဒီအခါတော့ တောထဲက ငွေတွေလည်း လိုက်မကောက်တော့ဘဲ တခါတည်း လာခဲ့တာပဲ ဗျို့……’ ဟု ကိုတင်အောင်သည် အပြာရင့်ရင့် ကုတ်အင်္ကျီကြီးထဲ လက်နှိုက်ကာ ဆေးတံကို ဖွာရင်း ပြောသည်။ (နောက် ထိုအပြာရင့်ရောင် အင်္ကျီကို မချွတ်တမ်း ဝတ်တော့သည်ကို တွေ့ရတတ်သည်။ ) 
နှစ်ယောက်သား ‘ငွေလရောင်’ လက်ဖက်ရည်ဆိုင်ပြေးကြသည်။ ရှု့မဝတိုက်တွင် ပုံနှိပ်စက်များ ရွှေ့ထားကာ ပုံနှိပ်မှု၊ ဖြန့်ချီမှုကို ရှုမဝပင်တာဝန်ယူ လုပ်ဆောင်စေခိုက်ဖြစ်၍ ကျနော်တို့ စကားကောင်းနေစဉ် ပရုပြင်ရန် စာရွက်ကို လက်ဘက်ရည်ဆိုင်လာပြရသည်။
‘ဒီတခါတော့ ငွေမပါဘူးဗျာ....။ သစ်တုံးတွေထဲရောက်ကုန်ပြီ....။ စောင့်လဲ မတောင်းနိုင်ဘူး။ တာရာ ဘယ့်နဲ့လဲ။ ကျနော် လာထိုင်ပေးမယ်ဗျာ။ ဒီတခါတော့ ဦးနှောက်ပဲ သုံးပေတော့.....’ 
ကျနော့် ငွေရေးကြေးရေး ကြပ်နေခိုက်သူ့မှာ ငွေမရှိတော့။ ကျနော်က အခက်အခဲများကို ပြောပြရသည်။ 
‘ခင်ဗျားလခ, တပြားမှ ပေးဖို့ မလိုပါဘူးနော်။ ပေးရင် စိတ်ဆိုးရလိမ့်မယ်..... အဲဒါပဲ ပြောလိုက်မယ်။ ကျနော် လုပ်ပေးမယ်.....။ ယုံကြည်ချက်နဲ့ ကူမှာပါ......။ ခင်ဗျား ယုံကြည်တဲ့ တော်လှန်ရေးအတွက် ကူမှာပါ....’ 
ထိုအခိုက် စားပွဲသို့ ဇော်ဂျီ၊ မင်းသုဝဏ်၊ မဟာဆွေ၊ သန်းဆွေ၊ မင်းရှင်၊ သော်တာဆွေ စသော စာရေး ဆရာများ ရှုမဝမှ ရောက်လာကြသည်။ ကျနော်တို့မှာ စကားလက်ဆုံ ကျနေပြန်သည်။ ကိုတင်အောင်မှာ စာရေး ဆရာများအလယ်တွင် ရောက်နေလေသည်။ 
ကိုတင်အောင်မှာ တနေ့လုံးလိုလို ကျနော်တို့နှင့် ရှိသည် သာမက ညဘက်ပင် ပရုကြည့်ပေးသည်။ 
‘ခင်ဗျားပြန်တော့ …. ပရုတွေ ကျနော် ကြည့်လိုက်မယ်’ ဟု ဆိုသည်။ 
အပြာရင့်ရောင် ကုတ်အင်္ကျီပင် ဝတ်ထားသည်။ ညဘက် မီးရထားသံလမ်း ဖြတ်ကာ ဘုရားလမ်းရှိ ‘တော်ဝင်’ ၌ အိပ်သည်ဟု သိရသည်။ လက်ဖက်ရည်တွင်တွင် သောက်နိုင်သည်ကို အံ့ဩရသည်။ ညဘက် တခါတလေ ထမင်းပင် မစားရဟု ထင်သည်။ သို့သော် ခံနိုင်ရည်ရှိပုံ ရသည်။ 
ကိုတင်အောင်သည် ပုံနှိပ်စက်များအပါး၌ ရပ်ကာ ပုံနှိပ် ထုတ်ဝေရေး ပညာကို လက်တွေ့ ဆည်းပူးနေလေသည်။ တာရာအတွက်လည်း မုတ်သုန်ဦး၊ ယမုန်တွင်းဆီက စသည်များ ရေးပေးသည်။ 
ကျနော်တို့ နှစ်ယောက်ကား အနေအထိုင်ပင် ရင်းနှီးလာပေပြီ။ သူ၏ သစ်တောဘက်မှ ငွေများလည်း လုံးဝ ပြန်မလာတော့။ အဝတ်အစားလည်း ‘ဒါဝတ်’ ဖြစ်ကာ ပုံနှိပ်တိုက်လောက လှည့်လည်နေလေသည်။
တခါတရံ အလုံသစ်စက်ထဲမှာ အိပ်သည်ဟု သိရသည်။ နောက် ဘောက်ထော်ရှိ သူ၏ မိတ်ဆွေအိမ်သို့ ပြောင်းသွားလေသည်။ သို့သော် မနက်စောစော မီးရထားနှင့် လာကာ တနေ့လုံး မြို့ထဲ၌ ရှိသည်။ 
ဘောက်ထော် မမပု အိမ်၌ကား လူငယ် စာရေးဆရာများ စုကြပြန်သည်။ ဂျာနယ်ကျော်မမလေးက ကိုတင်အောင်နှင့် ပတ်သတ်သော စာရေးဆရာများအား ထမင်းဖိတ်ကျွေးလေသည်။ ဘုန်းမြင့်၊ ကြပ်ကလေး၊ ရဲဘော်နေအောင်တို့ပါသည်။ 
ကိုတင်အောင်နေသည့်အိမ်မှာ ခြေတံရှည် ဖြစ်လေရာ အိမ်ဘေး မြေကြီး မြက်ခင်းပေါ်၌ ဖျာတချပ် ခင်းကာ လက်ဖက်ရည်ကြမ်းဝိုင်းနှင့် စကားလက်ဆုံကျနေကြသည်။ 
မောင်ရေအေး (ယခု ကွယ်လွန်ပြီ) ကမယ်ဒလင်တီးကာ တေးဆိုသည်။ ပြည်မှ ရောက်လာသော ကိုအုံးကျော်နှင့် အဘိဓမ္မာ ငြင်းကြသည်မှာ ဆူညံနေသည်။ ကိုအုံးကျော်ကို ကိုတင်အောင်က ‘ပါမောက္ခ ဒေါက်တာ အုံးကျော်’ ဟု ပြောင်ခေါ်လေ့ ရှိသည်။ သူ့အကြောင်း ‘လွတ်နေသော ပါမောက္ခ’ ဟု ဝတ္ထုဖြင့် စဖူးသည်။ ကိုအုံးကျော်မှာ အဘိဓမ္မာ ဂုဏ်ထူးနှင့် ဘီအေ အောင်သူ ဖြစ်သည်။ အဘိဓမ္မာဟောင်း သဘောတရားကို ကျနော်တို့က တိုက်ခိုက်ကြသည်။ 
ကိုအုံးကျော်မှာ စိတ်က သိပ်မမှန်သူ ဖြစ်ရာ ‘ကြက်ဥနှင့် ကြက် ဘယ်ကစလာ။ ကြက်နှင့် ကြက်ဥ၊ ကြက်ဥနှင့် ကြက်’ ဟူ၍ တေးသီကာ အရက်မာန်ပါပါ ရယ်မောနေတတ်သည်။ ကိုနေအောင်က မျက်လုံးနီကာ နားထောင်နေသည်။ ဘဲသားဟင်း တောချက် ချက်၍ တပျော်တပါးကြီး စားကြပြန်သည်။ 
ဤ ပတ်ဝန်းကျင်မှ နေ၍ ကိုတင်အောင်သည် လင်းယုန် ဂျာနယ်အတွက် အစီအစဉ်များ ပြုလုပ်နေလေသည်။ 
ထိုအတွင်း တာရာအတွက် ‘လမ်းဘယ်မမြင်’ ၊ ထား’ ဝတ္ထုများကို ရေးပေးသေးသည်။ စာရွက် တရွက်တွင် ‘လင်းယုန်’ နမူနာ လုပ်ကြည့်နေသည်။ အမှတ်အသား လုပ်ရန် လင်းယုန်ရုပ်ပုံ လိုက်ရှာနေသည်။ ပထမ ‘ပြည်သူ့လင်းယုန်’ ဟု အမည်ပေးထားရာ၊ ကျနော် အကြံပေး၍ ‘လင်းယုန်’ ဟု ပြင်လိုက်လေသည်။ 
(၅) 
မြေကြီးမှာ မြေဝတ်ပျံကာ အမြဲတမ်း စိုထိုင်းနေတက်သည်။ အိမ်သာ မရှိသဖြင့် နောက်ဘေးလမ်းမှ မစင်နံ့မှာ လေသွေးတိုင်း ကြိုင်လှောင်နေပေသည်။ 
စာစီခုံများမှာ နေရာလု၍ ထားရသဖြင့် လူချင်းတိုးဝှေ့သွားရသည်။ မိုးအုံ့နေသည့်အခါ မှောင်နေ၍ မိုးရွာသည့် အခါ ရေစက်များ ဓနိမိုးမှ တပေါက်ပေါက် ကျဆင်းသည်။ ညဘက်တွင် ရေနံဆီမီးခွက်မှ မှိုင်းတလူလူနှင့်...... 
တဘက်ခန်း ကုလားတဲတန်းလျားများနှင့် ကြူထရံသာ ကာခြားလေရာ၊ ဂေါ်ရင်ဂျီ ကစားဝိုင်းမှ ဆူသံမှာ အမြဲတမ်း ညံနေတော့သည်။ တခါတရံ ရေဘုံဘိုင်မှ ကလေးများ ရန်ဖြစ်သံ၊ မိန်းမများ၏ ဆဲဆိုသံများ လွင့်လာတတ်သည်။ 
အနီးအပါးမှ လံချား ဂိုဒေါင်၊ လက်သမား အိမ်၊ ပြည့်တန်ဆာ ထပ်ခိုး။ …..
ကုလား ပွဲတော်နေ့ကျလျှင် ဗုံသံဖြင့် ပဲ့တင်ထပ်နေတော့သည်။ မီးလောင်ပြင် နေရာ ကွက်လပ်၌ တဲထိုးရခြင်း ဖြစ်၍ မြူနီစီပါယ် ပုလိပ်က မကြာခဏ လာမောင်းချ၍ စာခုံများ ပေါ်သို့ သက်ငယ်စများ၊ ဝါးလုံးများ ကျရောက်တတ်သည်။ ထိုတဲအိမ်ဖျက်သည့် ပုလိပ်သားများ ရောက်လာလျှင် အိမ်ရှေ့၌ အဝတ်ဗလာ ကိုယ်လုံးတီးကလေးများ၊ ထမီရင်လျားနှင့် မိန်းမများသည် ဝိုင်းအုံကာ ဖြုတ်ချသွားသော ‘လင်းယုန် ဂျာနယ်’ ဟူသော စာတမ်းကပ်ပြားကို ငေးကြည့်နေကြသည်။ 
ဤသို့ မြို့တော်၏ အလယ်၊ လူနေ ကျပ်သိပ်ပြွမ်းတီးသော ၃၈ လမ်း၊ ၃၉ လမ်း တိုက်ပျက်များအကြား မြို့နေ ဆင်းရဲသား ရပ်ကွက်ရှိ၊ တဲငယ်၌ လင်းယုန်ဂျာနယ်တိုက်သည် ဖွင့်လှစ်ထားပေသည်။ 
အယ်ဒီတာလုပ်သူမှာ နေ့အချိန်၌ စက္ကူဝယ်ရန် ဟိုပြေး ဒီပြေး ပြေးလွှားကာ ငွေလျှောက်ဆွဲရပြီး၊ ညဘက်တွင် လံချားသမား ဂေါ်ရင်ဂျီ ဗုံသံနှင့် ရန်ဖြစ်သံများကို နာခံလျက် တလူလူ ထွက်နေသော ရေနီဆီ မှိုင်းစားပွဲ၌ လင်းယုန် ခေါင်းကြီးကို ညှစ်၍ ရေးနေရသည်။ စက္ကူဖိုး လိုနေ၍ ဝတ္ထုရှည်များ ရေးရသေးသည်။ 
ယခင်ကလို သက္ကလပ် အင်္ကျီဝေးစွ၊ အပြာရင့် ကုတ် အင်္ကျီပင် မဝတ်နိုင်။ မီးပူ မတိုက်ရသဖြင့် တွန့်ကြေနေသော ကာကီလက်တို ဝါကျင့်ကျင့်ကို ဒုံးခံ၍ နေရသည်။ 
လက်ပတ် နာရီမှာ လက်နှင့် အပေါင်ဆိုင် တလဲစီ စံမြန်းနေသည်။ ကရိလမ်းထိပ် တမူးတန် ထမင်းကြော်၊ ငါးသေတ္တာ တမူးဖိုးနှင့် ပြီးသည့် အခါ ပြီးရသည်။ 
လက်ဖက်ရည်ကို တသောက်ထဲ သောက်နေသည့် အချက်တွင်ကား ဒေါက်တာ ရေချမ်းနှင့် တူသည်။ ဝတ္ထုထဲရှိ ဒေါက်တာ ရေချမ်းကဲ့သို့မူ ခြံကြီးထဲ မနေ၊ ကိတ်မုန့် နှင့် ဆင်းဒဝတ်ကိုကား မစားနိုင်ရှာ။ 
ကျနော်ကမူ ကိုတင်အောင်သည် လင်းယုန်ဂျာနယ်နှင့် ပင်ပန်းကြီးစွာ နပန်းလုံးနေသည်ဟု သဘောရသည်။ အအိပ်မမှန်၊ အစားမမှန် နေနိုင်သည့် သူ့ကျန်းမာရေးကို အံ့ဩရသည်။ ပြည်သူ၏ ဘက်မှ သည်တစောင်မှာ မပျက်မကွက် ထွက်နေသည်။ 
၁၉၅၀ ခုနှစ် လင်းယုန် ထွက်စက ကျနော့်မှာလည်း တာရာ မဂ္ဂဇင်း ပိတ်စဖြစ်၍ တတ်အားသမျှ ကူခဲ့သည်။ တာရာ ဧည့်သည် စာတည်းခဏ်း အပြင်၊ အလယ်မျက်နှာ နိုင်ငံရေး ဝေဖန်ချက်များကို ‘မောင်သစ္စာ’ အမည်ဖြင့် အပတ်စဉ်လိုလို ရေးပေးခဲ့သည်။ သူကလည်း အချိန်တန်၍ မရလျှင် လူလွှတ်ကာ စောင့်ယူသည်။ ကိုရီးယား အရေး အီးစီအေ အရေးတို့တွင် ပြင်းပြင်းထန်ထန်ရေးပေးခဲ့သည်။ 
ခင်ဗျားဗျာ အရေးထဲ တာရာ ရပ်ထားရတယ်၊ ယဉ်ကျေးမှု နယ်ပယ်မှာက တာရာ မရှိတာ ခက်တာပဲ၊ ပြန်ထုတ်ဖို့ ကြိုးစားပါ’ ဟု ကိုတင်အောင်က တတွတ်တွတ် ပြောသည်။ ကျနော့်မှာ စက်များကိုပင် ရောင်းလိုက်ပြီးပေပြီ။ 
သူသည် သတင်းစာလုပ်ဖို့ ထက်သန်နေပြန်သည်။ ကျနော့်သဘောမူ ဂျာနယ်ကို ဖိဖိစီးစီး လ်ုစေချင်သေးသည်။ အခြေခိုင်မှ ဆက်လုပ်တန် လုပ်ရပေမည်။ 
‘သတင်းစာ ထုတ်ရင်တော့ ‘သစ္စာ’ သတင်းစာဆိုပြီး ထုတ်ရအောင်ဗျို့ ……. ခုတော့ နေဦး ‘ ဟု ကျနော် ပြောသည်ကို ပြုံးနားထောင်နေသည်။ သို့သော သတင်းစာ ထုတ်ဖို့ကို စိတ်စောနေပုံရသည်။ 
ဂျာနယ်မှာ နယ်က အကြွေးကျ၍ သတင်းစာ ထုတ်လျှင်ကိုယ်စားလှယ်ကို နိုင်မည်လားဟု တွက်သလားလည်း မပြောတတ်ပေ။ တိုးတက်သော သတင်းစာတစောင်လိုသည်ကား မှန်သည်။ သို့သော် သတင်းစာပိ၍ ဂျာနယ်ကို ခိုက်မှာစိုးသည်။ 
ကိုတင်အောင်သည် သတင်းစာကို ၁၉၅၁ ခု မိုးတွင်းဘက်၌ ထုတ်ဝေလိုက်လေသည်။ ကိုတင်အောင်မှာ ပို၍ ပန်းလာသည်ကို တွေ့ရသည်။ စက္ကူထုတ်ဖိုး အတွက် ဗျာများနေအောင် ငွေရှာရသည့် တာဝန်မှာ ပို၍ ကြီးလေးလာသည်ကို တွေ့မြင်ရသည်။ ကြော်ငြာက သိပ်မရ။ သူ့ကြည့်ရသည်မှာ ဖျော့လာသည်။ မကြာမီ ဂျာနယ်ကို မူသစ်လဲရကာ၊ နောက်ပန်းလွန်း၍ သတင်းစာကို ရပ်ပစ်လိုက်ရလေသည်။ 
လူငယ်တို့ဘာဝ ထက်သန်ခြင်းကိုလိုလားပါ၏ ။ သို့သော် တခါတရံ ထက်သန်ခြင်းထက် လုပ်ငန်းတရပ်အနေ ပြည့်စုံကုံလုံခြင်း မရှိလျှင် ပျက်တတ်သည်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့သည် ဖြစ်ရာ၊ ကိုတင်အောင်မှာ လူးလှိမ့်ကာ နေရာမှ ဂျာနယ်ကိုပင် ပြန်ကိုင်မည်ကို သိရသော အခါ အားတက်မိသည်။ သို့သော် ‘ပုံသစ်’ နှင့် ထွက်လာလေသည်။ မူလ ဂျာနယ် မဟုတ်လာတော့ပေ။ လင်းယုန် ဗမာစာပေ မဂ္ဂဇင်း ထုတ်ရန် စီစဉ်ပြန်သည်။ 
‘တကယ်ဆိုတော့ဗျာ။ ခင်ဗျား ခုတ်ထွင်ခဲ့တဲ့ လမ်းကြောင့် စာပေ မဂ္ဂဇင်းဟာ အောင်မြင်တာပါဘဲ’ ဟု စာပေ မဂ္ဂဇင်းထွက်ပြီး အရောင်းသွက်ခြင်းနှင့် ပတ်သတ်၍ ပြောပြလေသည်။ 
ကျနော်နှင့်ကား ပို၍ ရင်းနှီးလာသည်။ သဘောချင်း အယူအဆချင်း မတိုက်ဆိုင်တာတွေလည်း တွေ့ရ၏။ စာပေသစ် ဂိုဏ်းခွဲရေးသမားလေးနှင့် စပ်လျဉ်း၍ ကျနော်၏ သဘောထားကို ပထမတော့ သူက နားမလည် ဝေနေ၏။ 
‘သူတို့ဂိုဏ်းခွဲတဲ့ စာတွေ ထည့်နေရင်တော့ ကျနော့်စာတွေ မထည့်ပါနဲ့တော့ဗျာ’ ဟု ပြောရသည်အထိ ‘တင်း’ ထားခဲ့ဖူးသည်။ နောက်၌ကား ထိုဂိုဏ်းခွဲရေးသမားသည် စာပေလောကတွင် ဖောက်ပြန်ရေးဘက်အား အကျိုးပြုနေသည်ကို လက်တွေ့မြင်ရသော အခါ ‘ခင်ဗျားကို ကျုပ် လက်ဝဲ စာရေးဆရာလို့ကို အသိအမှတ်မပြုဘူး’ ဟု ထိုသူအား ပြောပစ်လေသည်။ 
အမှန်အားဖြင့် ဂျာနယ်နှင့် စိတ်ပင်ပန်းနေခိုက် ခက်ထန်စွာ ပြောလိုက်ဟန်တူ၏။ 
လင်းယုန်ဂျာနယ်တွင်ပါသော မင်းမဲ့ ဝါဒဘက်သို့ လွဲမှားနေသည့် ဆောင်းပါးတချို့ကို ကျနော်က ဝေဖန်သော အခါ ပထမတော့ သူက သိပ်မထင်လှသေး။ နောက်သူသည် သိမြင်ကာ တခါတည်း ပယ်ပစ်လေသည်။ လင်းယုန်ဂျာနယ်မှာ ပြည်သူဘက်တွင် ရှိနေပေရာ အယ်ဒီတာ၏ တာဝန်သည် ကြီးမား၍ လာသည်။ အကြပ်အတည်းများ ကြားထဲမှာပင် ကိုတင်အောင်သည် လူးလွန့်ကာ လင်းယုန်ကို တပတ်မှ မပြတ်ရအောင် ပျံသန်းစေသည်။ 
နည်းပရိယာယ် အရာ၌ကား ကျနော်နှင့် သူကွဲလွဲချက်များ ရှိပေမည်။ လုပ်ဟန်၌ မတူတာတွေ ရှိပေမည်။ 
သို့သော် အရင်းရှင်နယ်ချဲ့ ဆန့်ကျင်ရေး၊ စစ်မဖြစ်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး သေနင်္ဂဗျူဟာ၌ကား မကွဲလွဲ။ 
လူချင်းကား ရင်းနှီး၍ လာသည်။ သူသည်နောက်တတ် ပြောင်တတ်သည်။ တခါတရံ ကျနော့်အား ‘စာပေသစ် ဖခင်ကြီး’ ဟု စ လေ့ရှိ၏ ။ တွေ့လျှင် ‘ပိုက်ဆံပါလား လက်ဖက်ရည်တိုက်ဗျာ’ ဟု ရွှေဗမာဆိုင်သို့ ခေါ်၏။ သို့သော် သူကပင် တိုက်ရသည်ကများသည်။ ‘ခင်ဗျားရဲ့ လူ့ဘဝဟာ မပြည့်စုံသေးဘူးဗျ။ ကျနော့လို ကလေးနဲ့ မိန်းမနဲ့ နေရတယ်ဗျ။ ဟော…. ခုပြန်ရင် မိန်းမနဲ့ အိပ်ရမှာ’ ဟု ပြောပြီး ကျနော့်အား ရယ်မောနေတတ်သည်။ 
ကျနော်ကမူ သူ့ဝတ္ထုများထဲမှ ခင်အေးကြည်၊ ခင်မမကြူ၊ မခင်နီ၊ ထား စသည့် ချောမောလှပယဉ်ကျေးသည့် မိန်းမပျိုများ အကြောင်း တွေးမိနေ၏။ သူ၏ တကယ့် ဘဝကိုကား မသိ။ ဝတ္ထုထဲက အချစ်ဇာတ်လမ်းကိုကား ဖတ်ရှုခဲ့ရ၏ ။ 
နောက်ဆုံး အဖမ်းမခံရခင်တနေ့က ကျနော်တို့ နှစ်ယောက် ပြည်သူ့ စာပေစာအုပ်ဆိုင်သို့ လမ်းလျောက်သွားကြသည်။ သူက ကျနော့ လုံချီကိုကိုင်ကာ ‘တယ်အသွေးကျတဲ့ အစိမ်းပဲ။ ကျနော်တို့ဟာ လူလတ်တန်းစားကပဲဗျ၊ မတတ်နိုင်ဘူး ….. ခင်ဗျားကတော့ ငွေဇွန်းကိုက်မွေးလာတာ’ ဟု စနေ၏။ တခါတရံ သူက ‘ကိုဌေးမြိုင်လေး’ ဟု သူ့ ဝတ္ထုထဲကလို ညည်းတတ်သည်။ 
စာအုပ်ဆိုင်တွင် ဂေါ်ကီ၏ ‘မတုန့်ပြန်သော မေတ္တာ’ ဝတ္ထုကို ဝယ်ရင်း ‘ခင်ဗျားနဲ့ ကျနော် အတူ ဖတ်တာပေါ့ဗျာ’ ဟု ကျနော့ ခါးကို ဖတ်ကာ ပြောသည်။ 
အပြန်တွင် သူ၏ စာစီခုံထားရာတဲသို့ ဝင်ကြသည်။ တိုက်ပျက် နံရံကြားထဲမှ တဲငယ်ကို လမ်းမမှ မော့ကြည့်ကာ ‘စိတ်ချရရဲ့လား’ ဟု မေးသည်ကို သူက ရယ်မောကာ ဖြေကြားနေသည်။ 
‘ဘယ့်နဲ့လုပ်မလဲဗျ၊ ပစ္စည်းမဲ့ ဘက်ကနေရင် သည်လိုပဲ နေရမှာပဲ’ 
ရေညှိတက်နေသော အုတ်နံရံမှ တိုးထွက်နေသည့် စိမ်းသော ညောင်ပင် ပေါက်စလေးကို ငေးကာ သူ့ ‘သူပုန်ကြီး’ ဝတ္ထုထဲမှ အဖိနှိပ်ခံရသော နင်းပြားအလုပ်သမားကြီး ဘခက်ကို တွေးမိသည်။ 
(၆)
သေနတ်ကိုင်ထားသော ပုလိပ်သားသည် ကျနော်တို့ကြားထဲမှ တိုးဝင်လာကာ သံတိုင်မှ သော့ကို လာဖွင့်သည်။ 
ကိုတင်အောင်သည် သံတိုင်ကို မှီထားရာမှ မတ်လိုက်ကာ ‘သွား ရ တော့ မယ်’ ဟု တချက်ပြောပြီး မျက်နှာ ညှိုးသွားသည်။ သံချိတ်တွင် ချိတ်ထားသော အရောင် ခပ်မွဲမွဲ ပိုးအနက် အပေါ် အင်္ကျီနွမ်းကလေးကို ကောက်ဝတ်သည်။ 
ပြည်က ဆင်းလာခါစကဲ့သို့ သေသပ်တောက်ပစွာ မဟုတ်။ ထိုအခါက သူသည် လမ်းလျှောက်ရင်း သူတောင်းစားနှင့် တွေ့လျှင် ရပ်ကာ ဘေးချင်းယှဉ်ပြီး ‘ဟေ့ ညီလေး’ ဟု ခေါ်၍ ပိုက်ဆံပေးလေ့ရှိသည်။ တခါတရံ စကားပင်ပြောသည်။ ထိုအခါက သူသည် ပစ္စည်းမဲ့ ဆင်းရဲသားဘဝကို တက်နိုင်သလောက် ရှု့ကြည့်ကာ ထို အဖိနှိပ်ခံ ပြည်သူတို့ လှုပ်ရှားမှုများကို စိတ်ကူးထဲ၌ ယဉ်ကျူး၍ ဖွဲ့သီခဲ့သည်။ 
သူပုန်ဘဝကို စိတ်ကူးယဉ်သော စာရေးဆရာဟု ထင်ထားခဲ့၏။ ထို့ကြောင့်ပင် နရသိမ် ထောင်တွင်းမှ သူပုန် အကျဉ်းသားဟု ယခင် ဗန်းမောင်တင်အောင်ကို သူ့ဝတ္ထုထဲမှ စာလုံးများနှင့် တင်စားခြင်း ဖြစ်ပေသည်။ 
ယခု နိုင်ငံရေးနှင့် စာပေ အကျဉ်းသား ကိုတင်အောင်ကား ……. ပုလိပ်က တံခါးသော့ကို ဖွင့်ပြီးသော အခါ ၊ ဘေးမှ ထမင်းချိုင့်ကလေးကို ကောက်ဆွဲလိုက်သည်။ ကျနော့မှာ ရင်ထဲ၌ တမျိုးဖြစ်သွားသည်။ ကျနော်တို့ကို မကြည့်ဘဲ သေနတ်ကိုင် ပုလိပ်ရှေ့မှ စိုက်စိုက်စိုက်စိုက်နှင့် ထွက်သွားသည်။ ပုလိပ်များဘေးမှ ခြံရံကာ ပုလိပ်ရုံးကြီးမှ ထွက်၍ အချုပ်ကား ရှိရာသို့ သွားသည်။ 
မည်သူမျှ စကားမပြောနိုင်ကြ။ 
လှမိုးသူဇာ၊ ဒေဝစ္ဆရာ ပြည်တော်သာ ခင်ခင်ဦးက သူပုန် တပ်သားကြီး ဇေယျအား မြလက်စွပ် ချွတ်ပေးသော ရှု့ခင်းမဟုတ်။ သူ၏ လှပသော စိတ်ကူးထဲမှာကဲ့သို့ ‘ကြော့ရှင်း၍ ကြည်ပြုံးကာ ချစ်စရာကောင်းလှသော’ ပဒေသရာဇ်အလျာ မျိုးချစ်မယ် ခင်ခင်ဦး၏ နူးညံ့သော လက်ကား ကမ်းမလာ၊ နက်ပြာရောင် ကာကီဝတ် အစောင့် ပုလိပ်က အချုပ်ကားပေါ် ဆွဲတင်လိုက်သည်။ 
ထို့နောက် တဖန် နှစ်ယောက်တွဲ လက်ထိပ်ခတ်ထားသော ရာဇဝတ်ကောင် နှစ်တွဲကိုလည်း ကိုတင်အောင်နှင့် အတူ အချုပ်ကားထဲ ထည့်လိုက်သည်။ သံဇကာအကြားမှ ကိုတင်အောင်သည် မည်သူ့ကိုမျှ မကြည့်ဘဲ ခေါင်းငုံ့ကာ ထိုင်နေသည်ကို လှမ်းမြင်ရ၍ စိတ်ထဲတွင် ထိခိုက်သွားသည်။ 
သူ၏ စိတ်ကူး ဝတ္ထု၌ ဖန်တီးခဲ့သော နင်းပြားသူပုန်ကြီး ဘခက်ဘဝ၊ နရသိမ်ထောင်တွင်းမှ အကျဉ်းသမား တပ်သားကြီး ဇေယျဘဝသို့ ယခု သူတပ်အပ် ရောက်နေပေပြီ။ စာပေ အရေးအသားကြောင့် ဖ-ဆ-ပ-လ အစိုးရ၏ အကျဉ်းသား အဖြစ် ပထမဆုံး အဖမ်းခံရသည့် စာရေးဆရာ အယ်ဒီတာ ကိုတင်အောင်ကို တင်ဆောင်သော အချုပ်ကားသည် ရန်ကုန် ဗဟိုထောင်ကြီးသို့ မောင်းရန် စက်နှိုးလေပြီ။ 
ရန်ကုန် မြစ်ကမ်းမှ လေသည် တိုက်ခတ်လာသည်။ ကျနော်၏ ရင်ထဲ၌ကား ချစ် မိတ်ဆွေ ဗန်းမော်တင်အောင် လိုက်ပါသွားသော အချုပ်ကားကြီး ပျောက်ကွယ်ထားသည်အထိ လှုပ်ရှားနေရစ်ပေသည်။ 
ဒဂုန်တာရာ။
ဩဂုတ်- ၁၉၅၂

0 comments:

Post a Comment