Wednesday, August 14, 2019

စစ်ဗြူရိုကရက်များ ဆိုရှယ်လစ်အလံလွှင့်ထူခြင်း(ရန်သူကြီး ၃ ဦး)မှ

0 comments
စစ်ဗြူရိုကရက်များ ဆိုရှယ်လစ်အလံလွှင့်ထူခြင်း(ရန်သူကြီး ၃ ဦး)မှ
(၁) ဗမာပြည် ပြည်သူလူထုသည် ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးကို ကြိုက်နှစ်သက်ကြသည်မှာ ကြာပြီ။ လွတ်လပ်ရေး- ပဌမ။ ဒီမိုကရေစီရေး- ဒုတိယ။ ဆိုရှယ်လစ်ရေး- တတိယ… ဟူ၍ ဦးတည်ချီတက်ရာလမ်းကြောင်းကို ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက လက်ခံထားကြသည်။
အာဏာသိမ်းစစ်အစိုးရက ပြည်သူ့သည်းခြေကြိုက် ဆိုရှယ်လစ်ရေးကိုကြွေးကြော်လျှင် ပြည်သူတို့လက်ခံလိမ့်မည်ဟုတွေးကာ ဆိုရှယ်လစ်ရေးကို ကြွေးကြော်ခြင်းဖြစ်သည်။
ဆိုရှယ်လစ်ဆိုသော်လည်း မာ့က်စ်ဝါဒဆိုရှယ်လစ်နှင့် မတူစေရန် (နယ်ချဲ့သမားများ မျက်မုန်းကျိုးမှုကိုလည်းမခံရအောင်) “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ဟု လုပ်လိုက်သည်။ “လမ်းစဉ်” ဟူ၍ အပိုထည့်ခြင်းမှာလည်း ဟစ်တလာ၏ အမျိုးသားဆိုရှယ်လစ်(နာဇီ)နှင့် ရောသွားမည်စိုး၍တကြောင်း၊ ဆရာသမားဟောင်းများ၏ ဆိုရှယ်လစ်ပါတီနှင့်လည်း မရောစေရန်တကြောင်းကြောင့် ဖြစ်သည်။
ပါလီမန်ဒီမိုကရေစီကို အာဏာသိမ်းကာဖျက်သိမ်းခဲ့သော စစ်အုပ်စုက ဒီမိုကရေစီရေးဟုကြွေးကြော်လျှင် လူရယ်စရာဖြစ်မည်။ ပါလီမန်ဒီမိုကရေစီကိုဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီလုပ်၍မဖြစ်၊ ပြည်သူ့ဒီမိုကရေစီထူထောင်မည်ဟု ပို၍မဖြစ်၊ ကွန်မြူနစ်ပါတီ၏နောက်သို့ လိုက်သလိုဖြစ်လိမ့်မည်။
( ၂ )“ဆိုရှယ်လစ်တော်လှန်ရေး” ဟုကွေးကြော်ထားမှ စစ်အုပ်စု၏ပြိုင်ဘက် (သူတို့မျက်မုန်းလည်းအလွန်ကျိုးသော မနာလိုဝန်တိုမှုလည်း ရှိသော) သန့်ရှင်းဖဆပလ အရင်းရှင်အုပ်စုများကို အပြတ်ရှင်းပစ်နိုင်မည်။ “ပြည်သူပိုင်” တံဆိပ်ကပ်ပြီး လုပ်ငန်းအားလုံးကို စစ်အုပ်စုပိုင် သိမ်းနိုင်မည်။ ရုန်းကန်လှုပ်ရှားနေသော အမျိုးသားအရင်းရှင်လုပ်ငန်းများကို အသေသတ်နိုင်မည်။ စစ်ဗြူရိုကရက်အရင်းရှင်တို့၏ လက်ဝါးကြီး အုပ်မှုကို ပြီးပြည့်စုံနိုင်မည်။
(၃)ဆိုရှယ်လစ်ကို ရိုးရိုးသားသားယုံကြည်သူများကို သိမ်းသွင်းနိုင်မည်။ ရိုးသားဟန်ဆောင်၍ ကိုယ်ကျိုးရှာလိုသူများကိုလည်း စုစည်းနိုင်မည်။
အထက်ပါအကြောင်းများကြောင့် “ဆိုရှယ်လစ်” အလံထူခဲ့ခြင်းဖြစ်သည်။
စစ်ဗြူရိုကရက်အရင်းရှင်စနစ်သည် မဆလခေတ်တွင် အစွမ်းကုန်ကြီးထွားလာခဲ့သည်။ “ဆိုရှယ်လစ်”အလံလွှင့်ပြီး စစ်ဗြူရိုကရက်အရင်းရှင် စနစ်ကို ဇက်ကုန်ဖွင့်ပြီး ကြီးထွားအောင်လုပ်ခဲ့၍ဖြစ်သည်။
စစ်ဗြူရိုကရက်အရင်းရှင်စနစ်ကြီးထွားလာသဖြင့် -
-မင်းပြောင်းမင်းလွဲ ကာလပျက်စဉ်မှာပင် အငတ်ဘေးအကြီးအကျယ်မဆိုက်ခဲ့သော တိုင်းပြည်တွင်အငတ်ဘေးများဆိုက်ခဲ့သည်။
-အင်္ဂလိပ်နယ်ချဲ့တပ်က ဂျပန်ဖက်ဆစ်တို့၏ငွေစက္ကူကို တရားမဝင်ကြေညာခဲ့သလို ကိုယ်ထုတ်သောငွေစက္ကူကို ကိုယ်ကပြန်ပြီး တရားမဝင်ဟု နှစ်ကြိမ်တိုင်တိုင်ကြေညာခဲ့သည်။
-မှောင်ခိုလုပ်ငန်းများ ကြီးထွားလာခဲ့သည်။
-ထုတ်လုပ်ရေးများ ဘက်စုံကျဆင်းခဲ့သည်။ ပို့ကုန်အတွက် ပြည်ပဈေးကွက်ပျက်ခဲ့သည်။
-စစ်တပ်ကိုသုံးပြီး ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုများကို အကြမ်းဖက်နှိပ်ကွပ်မှုများ အကြိမ်ကြိမ် လုပ်ခဲ့သည်။
-ရက်ရက်စက်စက်သွေးစုပ်သဖြင့် ပြည်သူတရပ်လုံးမွဲပြာကျပြီး တိုင်းပြည်က ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်ဖြစ် သွားရသည်။ စစ်ဗြူရိုကရက်များကမူ စည်းစိမ်တိုးခဲ့သည်။
လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံတွင် ကျဆင်းခဲ့သည်။ အကျင့်စာရိတ္တနှင့် အမျိုးသားယဉ်ကျေးမှုဆုတ်ယုတ်ခဲ့သည်။

0 comments:

Post a Comment