Friday, June 4, 2021

“တပ်တွင်းဒီမိုကရေစီ”

0 comments

“တပ်တွင်းဒီမိုကရေစီ”

စစ်တပ်ဆိုတာ အမိန့်အာဏာနဲ့အုပ်ချုပ်ရတာမှန်ပေမယ့် စစ်အာဏာရှင်စနစ်မှာမှတပါး ဘယ်နိုင်ငံရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာမဆို ဆိုင်ရာတပ်မတော်တွေမှာ “တပ်တွင်းဒီမိုကရေစီ”ရှိပါတယ်။ တပ်တွင်းဒီမိုကရေစီ ကျင့်သုံးပုံက နိုင်ငံတနိုင်ငံငံရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေပေါ် အခြေတည်ပြီး အနည်းနဲ့အများ ကွာခြားတတ်တာ ကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ တရုတ်ပြည်တော်လှန်ရေးကာလမှာရော လွတ်မြောက်ပြီးတဲ့နောက်မှာရော ပါတီတွင်းဒီမိုကရေစီ၊ ပြည်သူတွင်းဒီမိုကရေစီနဲ့ တပ်တွင်းဒီမိုကရေစီတွေ ရှင်သန်အားကောင်းနေဖို့ ဥက္ကဌမော်က တိတိကျကျ မှာကြားဆောင်ရွက်စေပါတယ်။ ကျင့်သုံးစေပါတယ်။

 

တပ်တွင်းဒီမိုကရေစီလို့ဆိုရာမှာ စစ်သည်တွေဟာ တိုင်းသူပြည်သားတွေလို ရပိုင်ခွင့်တွေအတွက်၊ မတရားမမျှတတာတွေအတွက်၊ အခွင့်အရေးဆုံးရှုံးရတာတွေအတွက်၊ အခွင့်အလမ်းတွေ ပိတ်ပင်ခံရတာအတွက်၊ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေမှာ ကျင့်ဝတ်နဲ့မညီတာတွေအတွက်၊ တိုင်းပြည်နဲ့လူထုအကျိုးစီးပွားကို ထိခိုက်နေတာတွေအတွက် သမဂ္ဂတွေ၊ အသင်းအပင်းတွေဖွဲ့စည်းပြီး အရေးဆိုလို့ တောင်းဆိုဆန္ဒပြလို့တော့ မရပါဘူး။ အဲ့သလိုသာ ခွင့်ပြုလိုက်မယ်ဆိုရင် စစ်တပ်ကိုအုပ်ချုပ်ဖို့ရာ ခဲယဉ်းသွားမှာပါပဲ။ အထူးသဖြင့် စစ်တိုက်ဖို့ မဖြစ်နိုင်တော့မှာပါပဲ။

 

တပ်တွင်းဒီမိုကရေစီမှာ တပ်အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ တပ်မှူးတပ်သားတွေဟာ အမြဲတမ်း ဆွေးဆွေးနွေးနွေး တိုင်တိုင်ပင်ပင်ရှိနေရပါမယ်။ တပ်မှူးဖြစ်သူက အောက်ခြေထု အရာရှိအရာခံ အကြပ်တပ်သားတွေရဲ့ခံစားချက်တွေ စိတ်ကူးစိတ်သန်းတွေကို နားလည်စာနာတတ်ရပါမယ်။ သူတို့ရဲ့ အခက်အခဲတွေ တင်ပြချက်တွေကို လေးလေးနက်နက်နားထောင်ပြီး  ပြေပြေလည်လည်ဖြစ်အောင် ကျကျနနဖြေရှင်းပေးနိုင်ရပါမယ်။ တပ်တွင်းသက်သာချောင်ချိရေးကိစ္စတွေ၊  တပ်မိသားစုဝင်တွေရဲ့ လူမှုရေးနဲ့ သာရေးနာရေးကိစ္စတွေမှာ အဆင့်အတန်းမခွဲပဲ တန်းတူရည်တူခံစားပိုင်ခွင့် ပေးထားရပါမယ်။ တပ်မိသားစုဝင်တွေကို အဓမ္မလုပ်အားပေး စေခိုင်းတာမျိုး မလုပ်ရပါဘူး။ အထက်အမိန့်တွေဟာ စစ်သည်တော်ကျင့်ဝတ်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေတဲ့အခါ၊ တိုင်းပြည်နဲ့လူထုရဲ့အကျိုးစီးပွားတွေကို ထိခိုက်စေတဲ့အခါမျိုးတွေမှာ အဲ့ဒီအမိန့်တွေကိုမနာခံပဲနေဖို့ အထက်ကို အဆင့်လိုက် ကျိုးသင့်ကြောင်းသင့် တင်ပြခွင့်ပေးထားရပါမယ်။ အထက်ကအမိန့်ကို အောက်ခြေထုကိုယ်၌က သေသေချာချာနားလည်သဘောပေါက်ပြီး လိုလိုလားလား အကောင်အထည်ဖော်လာအောင် လုပ်ပေးရပါမယ်။ စစ်သားဖြစ်လို့ အမိန့်နာခံရလို့ မလွဲသာမရှောင်သာ  စိတ်မပါလက်မပါ လိုက်အကောင်အထည်ဖော်ရတာမျိုး မဖြစ်စေရပါဘူး။ စစ်စည်းကမ်းဖောက်ဖျက်လို့ အရေးယူအပြစ်ပေးခံရတဲ့အခါမျိုးမှာလည်း စစ်ဥပဒေနဲ့အညီ ခုခံခွင့် လျှောက်လဲခွင့် အယူခံတင်ခွင့်တွေ အပြည့်အဝပေးထားရပါမယ်။ နယ်ဘက်ကစီရင်ရမယ့် ပြစ်မှုမျိုးဖြစ်ရင်တော့ နယ်ဘက် တရားရုံးတွေကိုလွှဲပေးပြီး ဆိုင်ရာတရားရုံးတွေမှာ အမှုရင်ဆိုင်တာ စီရင်ခံရတာဖြစ်ရပါမယ်။ တပ်မှူးတပ်သားတွေအားလုံး မိမိတို့ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို သိမြင်နားလည်နေအောင် လုပ်ပေးထားရပါမယ်။ ရာထူးတိုးတာချတာ၊ လူစားထိုးတာ ဖယ်ရှားတာ၊ တပ်ပြောင်း နေရာပြောင်းလုပ်တာတွေမှာလည်း ဘာသာ လူမျိုးခွဲခြားဆက်ဆံတာ ရှောင်ကျဉ်ရပါမယ်။ အလုပ်ခံရသူတွေအတွက် မျှမျှတတနဲ့ ကျေကျေနပ်နပ်ဖြစ်အောင် ဆောင်ရွက်ပေးရပါမယ်။ တပ်တွင်း အထက်ကနေအောက်ကို အဆင့်လိုက် ကြီးနိုင်ငယ်ညှဉ်းလုပ်တာ၊  နိုင့်ထက်စီးနင်းလုပ်တာ၊ ထိုးတာကြိတ်တာ၊ ဆဲတာဆိုတာတွေမဖြစ်အောင် ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ရပါမယ်။ အဲ့သလိုတွေ လုပ်လာရင် လုပ်တဲ့စစ်သည်ကို အပြစ်ပေးအရေးယူရပါမယ်။ ဒါမှ ထိုးတာကြိတ်တာ ရိုက်တာနှက်တာ ဆဲတာဆိုတာတွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ ပြင်ပနိုင်ငံရေးအခြေအနေတွေနဲ့ တပ်မှူးတပ်သားတွေကို မျက်ခြေမပြတ်အောင် လုပ်ထားပေးရမှာဖြစ်ပြီး မိမိတို့ကြိုက်နှစ်သက်ရာ၊ ယုံကြည်ရာ နိုင်ငံရေးပါတီတွေကို လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့်လည်း ပြည့်ပြည့်ဝဝ ရှိထားရပါမယ်။ တပ်တွင်းနိုင်ငံရေးတရားပွဲတွေမရှိရဘူးဆိုပေမယ့် တပ်မှူးတပ်သားတွေကြားမှာ နိုင်ငံရေးဆွေးနွေးမှုတွေကိုတော့ တံခါးဖွင့်ထားပေးရပါမယ်။

 

ဒါတွေက တပ်တွင်းဒီမိုကရေစီနဲ့ပတ်သက်လို့ ကျနော်လေ့လာထားမိသမျှဖြစ်ပါတယ်။ ကျနော့်ထက် ပိုလေ့လာ သိရှိထားသူတွေအနေနဲ့လည်း ပြောစေရေးစေချင်ပါတယ်။ ကျနော်တို့ဟာ Army Reform (တပ်ပြုပြင်ပြောင်းလဲရေး) ကိစ္စကိုပြောကြပါတယ်။ ပြောတဲ့အခါတွေမှာ စစ်တပ်တတပ်ကို နိုင်ငံရေးအရ၊ အတွေးအခေါ်အရ၊ ရပ်တည်ချက်အရ၊ စိတ်ဓာတ်ရေးရာအရ ပြုပြင်ပြောင်းလဲမှုတွေ အဓိကထားပြီးပြောကြပါတယ်။ တိုင်းပြည်နဲ့လူထုက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကိုနာခံလာအောင်ဘက်ကိုသာ ဇောင်းပေးဆွေးနွေးကြတာပါ။  တပ်တွင်းဒီမိုကရေစီ ကျင့်သုံးမှုအကြောင်းတော့ အပရိကသဘောပြောကြသလို၊ ဒါဟာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲပြီးတပ်တတပ်ရဲ့ တပ်တွင်းကိစ္စသဘောမျိုး ထားကြတာလည်းရှိပါတယ်။ ကျနော့်အမြင်မှာတော့ တပ်တွင်းဒီမိုကရေစီကျင့်သုံးမှုကို တပ်ကိစ္စသက်သက်အဖြစ်သဘောမထားပဲ နိုင်ငံရေးသမားတွေကအစ အလေးအနက်ထားဖို့လိုပါလိမ့်မယ်။

 

ကျနော်အပေါ်မှာ တင်ပြခဲ့တဲ့ တပ်တွင်းဒီမိုကရေစီအခွင့်ရေးကိုကြည့်ပြီး ကောင်းတော့ကောင်းပါရဲ့ လိုက်နာ ကျင့်သုံးဖို့ခက်ခဲတဲ့ ရွှေစည်းမျဉ်း Golden Rules တွေလို့ မြင်သူတွေလည်းရှိနိုင်ပါတယ်။ နိုင်ငံရေးအခြေခံ အတွေးအခေါ်မတူကြတဲ့ အမေရိကန်၊ ရုရှား၊ တရုတ် စတဲ့နိုင်ငံတွေက တပ်မတော်ကြီးတွေရဲ့ တပ်တွင်းဒီမိုကရေစီ ကျင့်သုံးပုံတွေကို ကျနော်တို့ လက်လှမ်းမီသမျှ လေ့လာစိစစ်ကြည့်ကြဖို့လည်း လိုလိမ့်မယ်ထင်ပါတယ်။

 

ချုပ်ပြောရရင်တော့ ဗမာပြည်စစ်အုပ်စုမှာ တပ်တွင်းဒီမိုကရေစီကျင့်သုံးတာ မရှိပါ။ အမိန့်ပေး အမိန့်နာခံ စနစ်တခုတည်းသက်သက်နဲ့ သွားနေတာပါ။ တပ်တွင်းဒီမိုကရေစီမရှိတဲ့အလျှောက် ပဒေသရာဇ်ဆန်တဲ့ တပ်အုပ်ချုပ်ရေးပုံစံနဲ့အတူ တပ်တွင်းနိုင့်ထက်စီးနင်းလုပ်တာ ထိုးတာကြိတ်တာ ရိုက်တာနှက်တာ ဆဲတာဆိုတာတွေရှိနေတာပါ။ ယဉ်ကျေးတဲ့တပ်မတော် ဖြစ်မနေတာပါ။ 

 

တိုင်းပြည်နဲ့လူထုကိုနာခံတဲ့တပ်မတော်တရပ်ဖြစ်ဖို့ဆိုရင် အဲ့ဒီတပ်မတော်ဟာ နိုင်ငံရေးအရ၊ အတွေးအခေါ်အရ၊ ရပ်တည်ချက်အရ၊ စိတ်ဓာတ်ရေးရာအရ တည်ငြိမ်ရင့်ကျက်နေမှဖြစ်မှာပါ။ အဲ့သလိုဖြစ်ဖို့ဆို တပ်တွင်းဒီမိုကရေစီ ရှိကိုရှိနေရမှာ ဖြစ်ပါတယ်။ ကျနော်တို့ထူထောင်လိုတဲ့ ဖက်ဒရယ်လ်အာမီဟာ တပ်တွင်းဒီမိုကရေစီအပြည့်ရှိတဲ့ တပ်မတော်တရပ်ဖြစ်ဖို့လိုပါတယ်။ ဒါမှ ပြည်သူ့တပ်မတော်ဖြစ်ပါလိမ့်မယ်။ မျိုးမြင့်ချို၊ ဇွန် ၄၊ ၂၀၂၁