Sunday, February 26, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၀

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၀)

ထိုသူက ယဉ်မောင်းနေရာ၏နောက်ကျောတည့်တည့်ကို ကျောခိုင်းကာ ကားပေါ်ပါသူများနှင့်မျက်နှာချင်းဆိုင် ရပ်လိုက်၏။ လက်ခုပ် သုံးလေးချက်တီးလိုက်ပြီး သူ့ကိုယ်သူမိတ်ဆက်သည်။ ထိုနောက် သူမှာ လုပ်ငန်းတခု၏ ကြော်ငြာသမားဖြစ်ကြောင်း၊  ယခု ကြော်ငြာပေးမည်မှာ ယိုးဒယားမှလာသည့် အစွန်းချွတ်ဆေးတမျိုးဖြစ်ကြောင်း၊ ဘယ်လို အစွမ်းထက်ကြောင်းတွေ၊ နှစ် ၂ ဆယ်က ဖားဥစွဲနေတာကိုပင် ချွတ်လို့ရကြောင်း၊ ဈေးလည်းဘယ်လို ချိုကြောင်း၊ သူလက်တွေပြမည်ဖြစ်ကြောင်းတွေကို ခတ်တိုတိုပြောသည်။ ထိုနောက် သူ့တွင် အသင့်ပါလာသည် ပိတ်စအဖြူတစအပေါ်သို့ မင်အိုးထဲကမင်တွေကို စုပ်ပြွန်လေးဖြင့်ညှစ်ယူပြီး ဖျစ်ချလိုက်ပါသည်။ ပိတ်စတွင် အပြာရောင်မင်ကွက်ကြီး စွန်းသွားပါသည်။ ထိုမင်ကွက်ကြီးစွန်းနေသည့်ပိတ်စကို အသင့်ပါလာသည် ရေဖန်ခွက်ထဲ နှစ်ချပြီး မွှေလိုက်ပါသည်။ ရေတွေ မင်ရောင် ပြောင်းသွားပါသည်။ ထို့နောက် ဆက်တိုက်မွှေပေးရာ ရေမှာ ပြန်ကြည်သွားပါသည်။ ထို့နောက်ပိတ်စကိုထုတ်၍ ရေညှစ်ချလိုက်ရာ မင်များတစက်မှမရှိတော့ပါ။ မျက်လှည့် ပြလိုက်သလား အောင့်မေ့ရပါသည်။ 

 

သူ့မှာ ကြော်ငြာပေးရုံသာဖြစ်သောကြောင့် အထုတ်သေးသေးလေးများသာပါကြောင်း၊ ဖောက်သည်ယူ၍ ပြန်လည်ရောင်းချလိုသူရှိပါက သူ ဖုန်းနံပတ်နှင့် လိပ်စာပေးမည်ဖြစ်ကြောင်းတွေပြောကာ ဆေးမှုန့်ဖြူဖြူလေးတွေထည့်ထားသည့် ပလပ်စတစ်အထုတ်သေးသေးလေးတွေကို ကာပေါ်ရှိ လူတိုင်းစေ့ လိုက်ဝေပါသည်။ ယူသူကယူပြီး မယူသူကမယူကြပါ။  ဆရာဝဏ္ဏယူသလို ငတင့်လည်း တထုတ်ယူပါသည်။ ဆရာဝဏ္ဏက ကျွန်တော့်ကိုကို ခေါင်းညိတ်ပြသဖြင့် ဘုမသိဘမသိဖြင့် ယူထားလိုက်ပါသည်။ 

 

ထို့နောက် ထိုလူကြီးက အထုတ်ကလေးတွေမှာ သေးပင်သေးငြားလည်း အဝ်ဘယ်နှထည်အထိလျှော်နိုင်ကြောင်း၊ သုံးလို့ပိုနေလျှင် လေလုံအောင်ပိတ်ထားစေလိုကြောင်း၊ တထုတ်ဆောင်ထားလျှင် တသက်သုံးရမှာဖြစ်ကြောင်းတွေ ပြောပါသည်။ လူတွေလည်း အူကြောင်ကြောင်နှင့် အထုတ်ကလေးတွေ လက်ထဲကိုင်ထားသူကကိုင်၊ ပါလာသည့် ဆွဲခြင်းတို့ တောင်းတို့ အိတ်တို့ထဲထည့်သူက ထည့်ကြပါသည်။ ထိုနောက် ထိုလူကြီးက ထိုအထုတ်လေးတွေမှာ ကြော်ငြာပေးရုံသက်သက်ဖြစ်သောကြောင့် တထုတ်မှ တကျပ်သာကျကြောင်း၊  ငွေတကျပ်မှာ ကွမ်းစား ဆေးသောက် ကျပျောက်သလောက်သာရှိသော်လည်း ယခုဆေးထုတ်လေးအတွက်သုံးလိုက်လျှင်တော့ ဘယ်တော့မှနောင်တရရမှာ မဟုတ်ကြောင်းပြောပါသည်။ 

 

ထိုအခါ ဆေးထုတ်လက်ထဲကိုင်ထားဆဲရှိသူတချို့က ပြန်ပေးရန် လက်ကမ်းကြပါသည်။ တချို့ကလည်း လက်တဖြင့်ကိုင်က အခြားလက်တဘက်ဖြင့် အိတ်ကပ်ထဲနှိုက်ကြပါသည်။ အဆိုးဆုံးမှာ ဆေးထုတ်လေးတွေကို အလကားရသည်ထင်ကာ ဆွဲခြင်းထဲ အိတ်ထဲ တောင်းထဲထည့်ထားမိသည့် အမျိုးသမီးတွေဖြစ်ပါသည်။ သူတို့ ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြစ်နေကြပါသည်။ ပြန်ပေးရကောင်းနိုးနိုး ဆက်ယူထားရ ကောင်းနိုးနိုးတွေ ဖြစ်နေကြပါသည်။ ဆေးထုတ်လေးတွေပြန်သိမ်းမည်ဖြစ်ကြောင်းပြောကာ ပြန်သိမ်းတော့ အစကတည်းက တကယ်ဝယ်လိုသူတွေက အားတက်သရော ငွေထုတ်ပေးပြီး အလကားရသည်မှတ်ကာ ယူထားမိသူများက အင်တင်တင်နှင့် ခတ်ရှက်ရှက်နှင့် ပိုက်ဆံထုတ်ပေးကြပါသည်။ ကျွန်တော့အတွက် ငတင့်က ၂ ထုတ်စာ ငွေနှစ်ကျပ်ကို အားတက်သရောနှင့် အရင်ဆုံးပေးလိုက်ပါသည်။ ထို့နောက် ထိုသူလည်းဆင်းသွားပါသည်။ ကားက မထွက်သေးပါ။ 

 

ငတင့်က ဈေးဗန်းကြီးလက်ပေါ်တင်ကာ စမူဆာ ဘယာကြော်ဟုအော်ရောင်းသည့် ကုလားကြီးထံမှ စမူဆာ တထုတ်ဝယ်ပြီး ကျွန်တော့်ကို တဝက်ကျွေးပါသည်။ ကျွန်တော်က ငတင့်ကို ဆေးထုတ်လေးကိုပြရင်း ဒါတွေက ဘာလုပ်ဖို့လဲကွ မင်းလိုလို့လားဟု မေးပါသည်။ ငတင့်က ဘာမှပြန်မပြောမီ ကြားသွားဟန်တူသည့် ဆရာဝဏ္ဏက ကျွန်တော့်ကို မျက်လုံးလှန်ကြည့်ပြီး မသိမသာခေါင်းယမ်းပြပါသည်။ သူ့အကြည့်နှင့် မျက်လုံးမှာ လန့်စရာကောင်းသည်ဟုထင်ပါသည်။ ကျွန်တော်လည်း ဆက်မမေးရဲတော့ပါ။ ငတင့်က သူ့ဆေးထုတ်လေးကို အိတ်ထောင်ထဲထည့်သဖြင့် ကျွန်တော်ကလည်း ကျွန်တော့်ဆေးထုတ်လေးကို ကျွန်တော့်အိတ်ထောင်ထဲ ထည့်လိုက်ပါသည်။ ထို့နောက် ကားဂိတ်တဲမှ ခရာမှုတ်သံကြားပြီး ကားကြီးလည်း ဘီးတလိမ့်လိမ့်နှင့် စထွက်လာပါတော့သည်။

(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး ၄၉

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၄၉) 

ငတင့်ကတော့ ဘာမှမဖြစ် ကျွန်တော်က အံ့ဩသွားသည်။ ဒီဖားပြုတ်တွေကို ဆရာဝဏ္ဏဘယ်လိုဖန်ဆင်းလိုက်သလဲကို စဉ်းစားလို့မရ။ ထင်ထားတာက မြွေပွေးမြွေဟောက် သို့မဟုတ် ကိုက်တတ်သည့်သတ္တဝါတကောင်ကောင်။ တကယ် ထွက်လာတာက ဖားပြုပ်တွေဆိုတော့ စိတ်ထဲ သိတ်တော့မကျေနပ်။ သို့သော် ဒါလည်း ဆန်းနေသည်မဟုတ်လား။ ဝိုင်းပြီးသွားပြီ။ လူတွေပြန်ကုန်ကြပြီ။ ငတင့်က ကျွန်တော့်အား ဖားပြုပ်တွေကို ရှုံ့ကြိုးလေးတွဲလောင်းနှင့် အဝတ်အိတ်လေးတအိတ်ထဲထည့်ခိုင်းသည်။ ဆရာက ပစ္စည်းတွေ သိမ်းသည်။ ငတင့်လည်း ဘင်တွေဘာတွေဖြုတ်ကာ ဆရာနှင့်ကူသိမ်းသည်။ ကျွန်တော်လည်း မနေနိုင်သဖြင့် ဝင်ကူသည်။ နောက်တော့ ဈေးထဲက ဆန်နည်းနည်းဝယ်ပြီး တည်းသည့်အိမ်သို့ပြန်လာကြသည်။ တည်းအိမ် ရောက်တော့ ထမင်းတအိုးချက်ပြီး ရပ်ကွက်ထဲကဟင်းဆိုင်လေးမှ အမဲအရွတ်ဟင်း၊ ပဲကုလားဟင်းနှင့် သရက်သီးသနပ်တွေဝယ်ကာ ထမင်းစားကြသည်။ 

 

ဆရာက ရလာသည့်ပိုက်ဆံတွေရေရင်း လူတွေ တော်တော်လူလည်ကျတယ်ဟုပြောပါသည်။ ပိုက်ဆံနှင့် ရုပ်ပွားတော်အရည်အတွက် မကိုက်သဖြင့်ပြောမှန်း ကျွန်တော်မှန်းလို့ရပါသည်။ သို့သော် ဆရာအတွက်တော့ ဒါက သိတ်ဆန်းပုံမပေါ်ပါ။ နေ့လည်နေ့ခင်း တရေးအိပ်ကြသည်။ ကျွန်တော် အိပ်မရပါ။ ငတင့်ကတော့ ခနလေးနှင့်အိပ်မော ကျသွားပါသည်။ ခုချိန်ဆို အမေခတို့ အဖေဦးဖိုးထောင်တို့ ဘာလုပ်နေကြမည်နည်း။ ကျွန်တော် ရထားပေါ်ပါသွားတာ အဖေမြင်လိုက်တော့ အမေ့ကိုပြန်ပြောပြမှာသေချာသည်။ ရန်ကုန်က မိဘတွေလည်း စိတ်ပူနေကြမှာ သေချာသည်။ ကျွန်တော့် ကညွှတ်ကွင်းအကြောင်းတွေးလိုက် ရန်ကုန်အကြောင်းတွေးလိုက် သူငယ်ချင်းတွေအကြောင်းတွေးလိုက် အိပ်ပျော်နေသော ငတင့်ကိုကြည့်လိုက်နှင့် ဖြစ်နေပါသည်။

 

ခဏနေတော့ ငတင့်နိုးလာပြီး အဝတ်အိတ်ကလေးကိုဖြည်ကာ ဘာလီပုံးထဲ သွန်ချသည်။ ရေဖျန်းပေးသည်။ ထမင်းစေ့တွေလည်း ထည့်ပေးသည်။ ငတင့် အဲ့ဒါဘာလုပ်တာလဲဆိုတော့ ဖားတွေကိုရေပေး အစာကျွေးတာကွဟု ပြောပါသည်။ ကျွန်တော် နားမလည်ပါ။ ပြီးတော့ ဘာလုပ်မလို့လဲ လွှတ်မလို့လားဟုမေးတော့ ဘယ်ကလာ လွှတ်ရမှာလဲ၊ ညနေတပွဲရှိသေးတယ်လေကွာဟုပြောပါသည်။ ကျွန်တော် ခေါင်းရှုပ်သွားသည်။ ဆက်မေးမလို့ လုပ်တော့ ငတင့်က နောက်တော့ မင်းသိသွားလိမ့်မယ် မေးမနေနဲ့ဟုပြောပါသည်။ ဒါပါနှင့်ဆို ငတင့် မမေးစေချင်သည်မှာ ၂ ခါရှိသွားပြီဖြစ်သည်။ ပထမ တခါတုန်းက ပုဂ္ဂိုလ်တွေအကြောင်းဖြစ်သည်။ ကျွန်တော်လည်း မေးမနေတော့ပါ။ မေးလည်း အလကားပဲ၊ ငတင့်လိုနေလျှင် နောက်တော့ ကျွန်တော် အကုန်သိလာမည်မဟုတ်လား။ 

 

စိတ်ထဲ တခုတော့ ရှင်းသွားသည်။ ဆရာဝဏ္ဏသည် သည်ဖားများကိုဖန်ဆင်းခြင်းမဟုတ်သလို ပုဂ္ဂိုလ်တွေဘာတွေ ကလည်း သွပ်ပိုက်လုံးထဲ လာထည့်သွားတာမဟုတ်။ ဆရာဝဏ္ဏက တနည်းနည်းဖြင့် လူတွေကို မျက်လှည့်ပြလိုက်ခြင်းပဲဖြစ်ရမည်။ ကျွန်တော့စိတ်ထဲ ဆရာဝဏ္ဏကို အထင်ကြီးတာလိုလို သေးတာလိုလို ဝေခွဲမရဖြစ်နေသည်။ သို့သော် ဘာမှမရှိသည့် သွပ်ပိုက်လုံးတွေထဲ သည်ဖားသုံးကောင်ကို ကြည့်နေသည့် လူ့မျက်လုံးပေါင်းများစွာမမြင်အောင် ဘယ်လိုထည့်လိုက်သနည်းကိုတော့ အလွန်သိချင်နေပါသည်။ ငတင့်ကို မေးမလို့လုပ်ပြီးမှ ငါ ငတင့်လိုနေရင် ဒါတွေအကုန်သိလာမှာပဲဟုတွေးမိကာ မမေးဖြစ်တော့။ ဆရာဝဏ္ဏနိုးတော့ ကျွန်တော့်ကို ဘယ့်နှယ်လဲကွ၊ မင်းပျော်ရဲ့လား မျက်လှည့်ပြရတာဟု မေးပါသည်။ အမှန်အတိုင်းပြောရလျှင်  ကျွန်တော်မပျော်ပါ သိချင်တာတွေ မေးချင်တာတွေရှိသည်။ သို့သော် ပါးစပ်မှ ပျော်ပါတယ်ဆရာဟု ထွက်သွား ပါသည်။ အေး... ခုမပျော်လည်း နောက်ဆိုပျော်သွားမှာပေါ့ကွာ၊ ညနေဝိုင်းကျရင် ငတင့်ကိုကူကွ ရပ်ကြည့်မနေနဲ့ဟု ပြောပါသည်။ ကျွန်တော်က ဟုတ်ကဲ့ဟုသာပြောလိုက်သော်လည်း ဘာကူရမှန်းမသိပါ။

 

ခဏနေတော့ ရေလဲပုဆိုးပခုံးပေါ်တင်ကာ မင်းတို့ရေချိုးလိုက်ဦးမလားဟု မေးပါသည်။ ကျွန်တော်တို့လည်း လိုက်သွားပြီး ရပ်ကွက်ရေတွင်းမှ ခပ်ချိုးကြပါသည်။ ရွှေဝါဆပ်ပြာဖြင့်ကိုယ်တိုက်တော့ အမေတို့အိမ်က ဆင်ခြေးတုံးဆပ်ပြာမည်းမည်းကြီးရော အမေ့အိမ်က မွှေးဆပ်ပြာကိုရော သတိရလိုက်ပါသေးသည်။ ဆရာ့တွင် သဘက်မပါပါ။ ရေစိုပုဆိုးကိုညှစ်ပြီး သုတ်ပါသည်။ တည်းသည့်အိမ်ပြန်ရောက်တော့ ငတင့်က ဆရာ့ဝတ်စုံအဖြူကို ဝက်မှင်ဘီးဖြင့် ခတ်ဖွဖွလိုက်လိုက် ပါးစပ်ဖြင့်ဝှူးကနဲမှုတ်လိုက် လုပ်ပါသည်။ အိမ်ပြန်ရောက်မှ လျှော်မှာလေဟုလည်း ပြောပါသည်။ ကျနော်ရော ငတင့်ပါ ကညွှတ်ကွင်းတုန်းက အဝတ်များနှင့်ဖြစ်ပါသည်။ 

 

သည်လိုနှင့် နေ့လည် ၂ နာရီခန့်ရှိလာပါပြီ။ သွားစို့ဆိုကာ ထွက်လာကြပါသည်။ ပြမည့်နေရာနှင့် နည်းနည်းဝေးသဖြင့် ဆိုက်ကားစီးကြပါသည်။ ပဲခူးရန်ကုန်ကားဂိတ်မှာ ပြမည်ဖြစ်ပါသည်။ ကားဂိတ်နားက ကုက္ကိုပင်ကြီးတပင်အောက်တွင် ဖြစ်ပါသည်။ ကျွန်တော်တို့ ဘင်တွေဆင် ပစ္စည်းတွေချကတည်းက ကလေးတချို့ရောက်နေကြပါပြီ။ ဆရာ ဘယ်ရောက်သွားသလဲ ကျွန်တော်မသိသဖြင့် ဟိုဟိုဒီဒီလိုက်ကြည့်တော့ ငတင့်က မင်းကလည်း အိန္ဒြေရရ အေးဆေးနေစမ်းပါ၊ အချိန်တန်ရင် ဆရာရောက်လာလိမ့်မယ်ဟု ကျွန်တော့်ကို ငေါက်သလိုပြောပါသည်။ ကျွန်တော့်စိတ်ထဲ တင်းသွားပါသည်။ သို့သော်ဘာမှမပြောဖြစ်ပါ။ 

 

မျက်လှည့်ဝိုင်း အစနှင့်အဆုံးမှာ မနက်ကပွဲအတိုင်းပင်ဖြစ်ပါသည်။ သို့သော် သည်တပွဲက ပိုက်ဆံနည်းနည်းပိုရလို့ ထင်သည် ဆရာ့မျက်နှာ ပြုံးရွှင်နေပါသည်။ ပစ္စည်းတွေသိမ်းပြီးတော့ လှည်းကူး-ပဲခူးကားဂိတ်သို့ သွားကြပါသည်။ ကားပေါ်တက်ထိုင်တော့ လူကပြည့်ကာနီးနေပြီ ထွက်တော့မထွက်သေး။ ထိုအချိန်တွင် လက်ဆွဲအိတ်တလုံးနှင့် သားသားနားနားဝတ်ထားသည့် လူတယောက် ကားပေါ်တက်လာပါသည်။ ဆရာ့ကိုမြင်တော့ ပြုံးပြီး ဘယ်လိုလဲကိုဝဏ္ဏဟု နှုတ်ဆက်ပါသည်။ ဆရာကလည်း ရင်ဘတ်လက်ကပ်ပြီး လက်မထောင်ပြပါသည်။ 

ကညွှတ်ကွင်းအိမ်ပြေး ၄၈

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၄၈)

ဆရာဝဏ္ဏက ကွင်းလည်တွင် ထောင်ထားသော သံဖြူပိုက်လုံး ၂ လုံးဆီဆို့ ဟန်ပါပါလျှောက်သွားသည်။ တလုံးက လက်ကိုင်ပုဝါလေးအုပ်ထားပါသည်။ ထို့နောက် ဘာမှအုပ်မထားသည့် ပိုက်လုံးကိုယူကာ ပရိတ်သတ်ကိုပြသည်။ တိုးလျှိုပေါက် မြင်နေရသည်။ ကျနော့်မျက်နှာကိုကြည့်ပါ ဒီပိုက်လုံးမှာ ဘာအံထိုးအံဝှက်မှမရှိပါဘူး၊ ကြည့်ကြပါ ဟုပြောရင်း တဘက်အပေါက်မှနေ၍ သူ့မျက်နှာကြီးကိုပြပါသည်။ တခြားတဘက်မှ သူ့မျက်နှာကိုမြင်နေရသည်။ လက်ထဲက တုတ်ကလေးနှင့် အတွင်းထဲမှနေ၍ ကလောင်ကလောင်မြည်အောင် မွှေ၍မွှေ၍ခေါက်ပြသည်။ အပြင်မှနေ၍လည်း ဒေါက်ဒေါက် ဒေါက်ဒေါက်နှင့်ခေါက်ပြပါသည်။ မြေကြီးပေါ် သို့လည်း ပစ်ချပြသည်။ ထိုမျှနှင့် အားမရသေးဘဲ ပိုက်လုံးကိုယူ၍ ပရိတ်သတ်တယောက်လက်နှင့် အတွင်းသို့ လက်မောင်းတဆုံး ထိုးနှိုက်ခိုင်းသည်။ ငတင့်ကိုလည်း ကဲ...မင်း ပရိတ်သတ်ကို တပတ်ပတ်ပြီးလိုက်ပြလိုက်ကွာခိုင်းပါသေးသည်။ တကယ်ကို ဘာမှမရှိပါ။ သွပ်ဖြင့်လုပ်ထားသည့် အမြင့်တပေခွဲ အချင်း ၉ လက်မခန့်ရှိသည် ပိုက်လုံးတလုံးမျှ။

 

ထို့နောက် ထိုသံဖြူပိုက်လုံးကို မြေကြီးပေါ်ထောင်၍ ကဲဒါမှမကျေနပ်သေးရင် နောက်ထပ်ကြည့်ကြရအောင်ဟုဆိုတာ လက်ကိုင်ပုဝါစလေးတင်ထားသည့် အခြားသံပုံးတပုံးတပုံး မ,ကာ ထိုသံပုံးပေါ်သို့  အပေါ်မှနေ၍ ဖြည်းဖြည်းချင်းဖိကာ စွပ်ချသည်။ သံပုံး ၂ ပုံးမှာ စွပ်သာရုံကျပ်ကျပ်လေးဖြစ်သည်။ အပေါ်သံပုံး အဆုံးထိရောက်သွားတော့ အောက်က သံပုံးကို ဖြည်းဖြည်းချင်းဆွဲထုတ်ကာ သံပုံး ၂ ပုံးကို သူ့နေရာသူ ပြန်ချထားလိုက်သည်။ သံပုံး ပေါ်မှ လက်ကိုင်ပုဝါလေး မှာလည်း အုပ်လျှက်သား။ ပြီးတော့မှ ကဲ အံထိုး အံဝှက်တွေ ဘာမှမရှိတာရှင်းပလားဟု ပြောပါသည်။ 

 

ထို့နောက် လက်ကိုင်ပုဝါအုပ်ထားသည်သံပုံးထဲသို့ ရေငုံကာ တဖူးဖူးမှုတ်သည်။ ထို့နောက် စားပွဲပေါ်မှ  ကွမ်းရွက်တရွက်ကိုယူကာ ကညစ်တံကိုထုတ်၍ ကွမ်းရွက်မပေါက်အောင် လေးထောင့် အကွက်အကွက်ကလေးတွေ ဆွဲပါသည်။ ထို့နောက် တစ်နှစ်သုံးလေးတွေ ကကြီးခခွေးတွေရေးပါသည်။ ထို့နောက် ထိုကွမ်းရွက်ကလေးကို ပရိတ်သတ်မြင်သာအောင်ထောင်ပြပြီး ကဲအစီအရင်တော့ပြီးပြီ လုပ်စရာရှိတာလုပ်ရတော့မယ်ဟုပြောပါသည်။ ခုပြကွက်က အဆန်းတကြယ်ပြကွက်လည်းဖြစ်သလို ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြချက်လည်း ယူပြီးပြီမို့ ပြပါတော့မယ်။ စိတ်မခိုင်တဲ့လူတွေ မကြည့်ရဲမမြင်ရဲတဲ့လူတွေရှိရင် မကြည့်ဘဲအိမ်ပြန်ကြဖို့ပြောချင်ပါတယ်၊ အနှောင့်အရှက် ပေးမယ်သူတွေလည်း ငြိမ်ငြိမ်နေကြဖို့ ပုဂ္ဂိုလ်များကတဆင့် တားပြီးပါပြီ။ ဒါမှမရလို့ ဝင်နှောက်မယ်ဆို ဝင်စမ်းကြည့်ပါ၊ သွေးဗြန်းဗြန်းအန်သွားစေရမယ်ဟု ကြိမ်းပါသည်။ တယောက်မှ ပြန်လှည့်ထွက်သွားတာ မတွေ့ပါ။ ပရိတ်သတ်ကား တုတ်တုတ်မှမလှုပ်။ လုပ်နေတာကိုသာ စူးစူးစိုက်စိုက်ကြည့်နေကြပါသည်။ ထို့နောက် ကွမ်းရွက်ကလေးအား လေးပိုင်းဆွဲဖြဲကာ လက်ကိုင်ပုဝါအုပ်ထားသည့် သွပ်ဖြူပိုက်လုံးထဲသို့ ပစ်ထည့်လိုက်ပါသည်။ 

 

ထို့နောက် ပရိတ်သတ်အား သိဒ္ဓိပေါက်ပြီးသားနံ့သာဖြူဆီနှင့် ဓာတ်ခန်းဝင်ပြီးဖန်ကြုတ်လေးများအကြောင်း ပြောပါသည်။ ထို့နောက် အတက်ချီကေ့စ်ထဲမှ တလက်မခန့်ရှိမည့် ဝါကျင်ကျင်အရည်များဖြည့်ထားသော ဖန်ပုလင်းလေးတွေထုတ်ယူပါသည်။ တကယ်က ဖန်ပုလင်းမဟုတ်ပါ။ လည်ပင်းဖြတ်ပြီးသား မိုးရေထည့်သည့် ဆေးပုလင်းလေးများဖြစ်ပြီး အပေါက်ကို ရာဘာအစို့လေးဖြင့်ဆို့ထားပါသည်။ ငတင့်ကိုခေါ်ပြီး ကဲ..တပည့်ရေ ဒီပုလင်းလေးတွေကို ခုနက ရှင်သီဝလိကိုယ်တော်မြတ်ကြီး ရုပ်ပွားတော်တွေရထားတဲ့သူတိုင်းကို လိုက်ဝေပေးပါဟု ပြောပါသည်။ 

 

ငတင့်က ဝေတော့မယ်ဟန်နှင့် ထွက်သွားတော့မှ နေဦးနေဦး တပည့်ရေ ငါပြောစရာကျန်သွားတယ်ကွ ဟု ဆိုကာ ထိုနံဖြူဆီမှာ ပုပ္ပားတောင်မှ အထက်ဆရာကြီးတဦးက စီရင်၍ပေးလိုက်တာဖြစ်ကြောင်း။ ပုဂ္ဂိုလ်ကြီးက စီရင်ခကို မေတ္တာနှင့်လုပ်ပေးတာဖြစ်သော်လည်း နံ့သာဖြူဆီမှာ ဝယ်ရတာဖြစ်ကြောင်း၊ အလွန်တန်ဖိုးကြီး၍ နံသာဖြူဆီ စစ်စစ်ဖြစ်ကြောင်း၊ ရှားပါးလှကြောင်း၊ ထို့ကြောင့် နံသာဖြူဆီဖိုးလေးတော့ ထိုပုဂ္ဂိုလ်ကြီးကို ပြန်ပေးချင်ကြောင်း၊ ထိုပုဂ္ဂိုလ်ကြီးမှာ သာသနာပြုရင်း ဘုရားတည်နေကြောင်း၊ ငွေကုန်ကျေးကျလေးတွေရှိကြောင်း၊ သူလည်း ခုလို ဝေငှပေးရတာ သွားရလာရ တည်းရခိုရတာလေးတွေအတွက် စရိတ်စကလေးများကုန်ကြောင်း ဒါ့ကြောင့် နံသာဖြူဆီဖိုးနှင့် သူ့စရိတ်စခလေးများကိုတော့ ပြန်ပြီးဒါနပြုစေလိုကြောင်း၊ ထိုသို့ ဒါနပြုမှုသည် ထိုပုဂ္ဂိုလ်ကြီး ဘုရားတည်ရာတွင်ပါသွားမှာဖြစ်သဖြင့် မိမိတို့လည်း ဘုရားဒယကာဒါယိကာမများ အလိုအလျှောက် ဖြစ်သွားကြမည် ဖြစ်ကြောင်းတွေကို စီကာပတ်ကုံးပြောပါသည်။

 

ကဲကဲ တပည့်ရေ များများတော့ မကောက်ပါနဲ့ကွာ ခုန ရုပ်ပွားတော် ရထားတဲ့သူတွေကို မင်းမှတ်မိတယ်မဟုတ်လား၊ လိုက်ဝေကွာ၊ ရထားတဲ့သူတွေကလည်း နံ့သာဖြူဆီနဲ့ ဓာတ်တော်ကြုတ်ကလေးတွေ တောင်းယူကြပါ၊ အိမ်ရောက်တဲ့အခါ ရေမိုးချိုးပြီး အဝတ်အစားသန့်သန့်ပြန့်ဝတ်ပြီး ဘုရားစင်ရှေ့ထိုင်ပြီး ကြုတ်ကလေးတွေထဲကို ရုပ်ပွားတော်မြတ်တွေကို ညာလက်နဲကိုင်ပြီး ရိုရိုသေသေထည့်ပါ။ ဘုရားစင်ရဲ့ ညာဘက်ထောင့်မှာ ထားပါ။ ဘုရားရှိခိုးတိုင်း ရှင်သီဝလိကိုယ်တော်မြတ်ကြီးကိုပါ သတ်သတ်ထည့်ခိုးပါ၊ ကိုယ်မှာဆောင်ချင်တယ်ဆိုလည်း ညာလက်မောင်းမှာချည်လို့ရသလို လည်မှာဆွဲလည်းရပါတယ်ဟုပြောပါသည်။ ထို့နောက့် တပည့်ရေ နံသာဖြူဆီ ဖိုးလေးအတွက် တယောက်ကို ၅ ကျပ်စီပဲတောင်း၊ များများလည်းမတောင်းနဲ့ ပိုပေးလည်း မယူနဲ့ဟုပြောပါသည်။ 

 

ငတင့်က ပုလင်းတွေကိုဗန်းနှင့်ထည့်ပြီး လိုက်ဝေရင်း ငွေကောက်ပါသည်။ တပတ်ပြည့်တော့ ပြန်လာပြီး ငွေကို သူ့ဆရာဆီ အပ်ပါသည်။ ဆရာဝဏ္ဏက ငွေကိုရေကြည့်ကာ အံ့ဩဟန်ဖြင့် အင်း ရုပ်ပွားတော်မြတ်တိုင်းအတွက် ဒါနပြုတာ မဟုတ်ပါလား။၊ ငါ့တပည့်ရ မင်းကောက်တာ မစုံဘူးထင်တယ်ဟုပြောကာ တပတ်ပတ်ခိုင်းပြန်ပါသည်။ တယောက်စနှစ်ယောက်စ ထပ်ထွက်လာပါသည်။ တပတ်ပြည့်သွားပါသည်။ 

 

ထိုအခါမှ လူတချို့အတွက် ငွေ ၅ ကျပ်ဆိုသည်မှာ များနေသည်ဟုထင်ကြောင်း၊ ထို့အတွက်ကြောင့် ထိုသူတွေမှာ ဘုရားဒကာကျောင်းဒကာဖြစ်ရန် အခွင့်အရေးဆုံးရှုံးရသလိုဖြစ်ကြောင်းပြောကာ ကဲဗျာ ဒါဆိုလည်း ကျွန်တော် မေတ္တာရှေ့ထားပြီးပဲ ပြောပါတော့မယ် ဒါနပြုဖို့ကျန်နေသေးသူတွေအနဲ့ မိမိတို့တတ်နိုင်သလောက်ပဲ ထည့်ကြပါဟု ပြောပါသည်။ ငတင့်လည်း တပတ်ပတ်ရပြန်ပါသည်။ ထည့်သူတွေလည်း ထည့်ကြပါသည်။ ရထားတဲ့လူတွေ ကျွန်တော်သိတယ်နော်၊ ဒါနမပြုရသေးတဲ့လူတွေ ကျန်နေပါသေးတယ်၊ ဒါနပြုကြပါဟု လေသံတင်းတင်းဖြင့်ပြောကာ ထပ်ပတ်ခိုင်းပါသည်။ ငတင့်ကလည်း ဦးထုပ်လေး လှုပ်ကာလှုပ်ကာ လူတွေမျက်နှာရှေ့ ထိုးထိုးခံပါသည်။ တယောက်စနှစ်ယောက်စထံမှ ထပ်ထွက်လာပါသည်။ 

 

ကဲကဲ တပည့်ရေတော်တော့ တော်တော့ မကောက်နဲ့တော့ ကျန်တာတော့ တို့ စေတနာနဲ့ဝေတာလို့ပဲ သဘောထား လိုက်ကြစို့၊ ကဲ..ကဲ ခုနောက်ဆုံးပြကွက်ကို ပြပါတော့မယ်ဟုဆိုပြီး လက်ကိုက်ပုဝါစလေးအုပ်ထားသည့် သံဖြူပိုက်လုံးထဲလက်နှိုက်ပြီး အထဲမှာလက်တွေက လှုပ်လှုပ်လှုပ်လှုပ်နှင့် တခုခုကိုလုပ်နေပါသည်။ ထို့နောက် လက်နှိုက်ထားရင်းက ကြောက်သလိုလိုအမူအယာနှင့် လက်ကိုဆတ်ကနဲ ပြန်ရုပ်လိုက်၊ ပြန်ထိုးထည့်လိုက် လုပ်ပါသည်။ တပည့်ရေ ဆရာကိုရေနည်းနည်းလောင်းပေးပါဦးဟုဆိုပြီး သံဖြူပုံးထဲတွင်ပဲ လက်တွေဆေးပါသည်။ နောက်ဆုံးလက်ကိုရုပ်တော့ လက်ကိုင်ပုဝါစလေးကိုပါလုံးယူလိုက်ပြီး ထိုအစလေးနှင့်ပင် မျက်နှာနှင့်နဖူးကချွေးတွေကို သုတ်ကာ ဘောင်းဘီအိပ်ထဲထည့်လိုက်ပါသည်။

 

ကဲတပည့်ရေ ငါက တစ်နှစ်သုံးဆိုရင် မင်းက အဲ့ဒီပုံးကို ဒုန်းကနဲသာရိုက်ချလိုက်ကွာ။ သတိတော့ထားဟေ့ဟုဆိုသည်။ ငတင့်က တုတ်ကလေးတချောင်းနှင် ပုံးနာသွားဆောင့်ကြောင့်ထိုင်သည်။ ဆရာက တစ် နှစ်ဟုရေလိုက် ငတင့်က ရိုက်လှဲချတော့မည့်ဟန်ပြင်လိုက်နှင့် သုံးခါလောက်ကျသည်။ နောက်ဆုံးတော့ ကဲ ပရိတ်သတ်ကြီးလည်း မြင်ချင်လှပြီ တပည့်ရေ အသင့်လုပ်ကွာ၊ တစ်နှစ်သုံးဟု အပြည့်ရေလိုက်ချိန်တွင် ငတင့်ကလည်း ဒုန်းကနဲ ရိုက်လှဲချလိုက်ပါသည်။ သံဖြူပုံးလည်း လွင့်ထွက်သွားပါသည်။ သံဖြူပုံးနေရာတွင် ရေတွေစိုရွှဲလျှက် ဖားပြုပ် သုံးကောင်က ငုတ်တုတ်။

ကဗျာ ၊ သို့မဟုတ် သတင်းစာဆရာ မောင်လေးအောင်

0 comments

  ချစ်ခင်လေးစားရသူများအကြောင်း အမှတ်တရရုပ်ပုံလွှာ - ညွန့်သစ်

ကဗျာ ၊ သို့မဟုတ်

သတင်းစာဆရာ မောင်လေးအောင် "

အချစ်ဦးရေ

မျက်ရည်တစ်စ

ကြွေမကျနဲ့

ဘဝတခြမ်း

ကိုယ် လွမ်းစရာ ကဗျာပဲ ။

မည်သို့ပင်ဖြစ်စေ

ချစ်နေသေးသည်

ကြွေးကြော်စူးရဲ

အားမာန်ခဲသည့်

တိုက်ပွဲထဲက ပြည်သူတွေ ။

မောင်လေးအောင်

ကဗျာဆရာ မောင်လေးအောင်သည် ၁၉၇၇ ခုနှစ် ၊ မေလ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည် ။ သူ့ကို ကဗျာဆရာနှင့် ကဗျာချစ်သူများက အမြဲ အမှတ်ရ တမ်းတ နေကြရသည် ။ အချင်းချင်း ဆုံကြသည့်အခါတိုင်း ၊ ကဗျာအကြောင်း ပြောကြတိုင်း သူ့အကြောင်း မပါမပြီး ပါလာတတ်သည် ။

ကဗျာဆရာ မောင်လေးအောင်ကား သေသွားသည့်အချိန်အထိ ကဗျာတွေ ရေးခဲ့သည် ။ ရေးသည့် ကဗျာတိုင်းလို လှပတည်ငြိမ်စွာ ဖန်တီး ရေးဖွဲ့နိုင်သည် ။

မောင်လေးအောင်သည် ကဗျာအနုပညာအရရော ၊ လူပုဂ္ဂိုလ်ဆိုင်ရာ ရိုးသားဖြူစင်ကာ အပြစ်ကင်းနိုင်သမျှ ကင်းသည့် ကဗျာဆရာ တစ်ယောက်ဟု ပြောမည်ဆိုလျှင် ပြောနိုင်ပေသည် ။

ကဗျာရေးစက သူသည် အရက်ရော ဆေးလိပ်ပါ ကင်းရှင်းခဲ့သည် ။ သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်အောင် ပြုမူနေထိုင်ခဲ့သည် ။ ဆံပင်ကိုလည်း တစ်မတ်တန် ‘ ပန်းတစ်ပွင့် တံဆိပ် ဗယ်စလင်လိမ်းကာ ကြော့မော့နေအောင် ဖြီးတတ်သည် ။

ပုဇွန်တောင် ၊ ဘုရားဖြူကျောင်းတိုက် ဘကြီးဘုန်းကြီး၏အထောက်အပံ့ဖြင့် ပုဇွန်တောင် အစိုးရအထက်တန်းကျောင်းတွင် နေစဉ်က စာတော်သူတစ်ယောက် ၊ အားကစားဘက်တွင်လည်း ထူးချွန်သည် ။ မောင်လေးအောင်၏ မွေးဖွားရာဇာတိမှာ ညောင်ဦးမြို့နယ် ၊ ငသရောက်ကျေးရွာ အပိုင် ၊ အိုရင်းရွာ ဖြစ်သည် ။

သူသည် စည်သူ အလွတ်ပညာသင်ကျောင်းတွင် နောက်ဆုံး တက်ရောက်ခဲ့ပြီး တန်းမြင့်ကျောင်းထွက် စာမေးပွဲ (၁ဝ တန်း - ခ)ကို ဖြေဆို အောင်မြင်ခဲ့သည် ။

မီးရထားဌာနတွင် အလုပ်လုပ်သော ဖခင်၏ လစာကလေးနှင့် မလောက်မင ဖြစ်နေရင်း သူ့ဖခင် ကျန်းမာရေးချို့တဲ့လာသဖြင့် မောင်လေးအောင်တစ်ယောက် ကျောင်းပညာကို ဆက်မသင်တော့ဘဲ ကျောင်းထွက်လိုက်သည် ။

မောင်လေးအောင်၏ ငယ်သူငယ်ချင်းဖြစ်သူ ကဗျာဆရာ မောင်ကျော်ထင်က " မောင်လေးအောင်က ကဗျာဆရာသာမက ၊ သတင်းစာ ဆရာလည်း လုပ်ခဲ့ဖူးတယ် ” ဟု ပြောပြသည် ။

ဖဆပလ နှစ်ခြမ်းကွဲပြီးစ ၊ အကြောင်းအမျိုးမျိုးကြောင့် မောင်လေးအောင် တစ်ယောက် ကျောင်းပညာကို စွန့်လွှတ်လိုက်ရချိန် ဖြစ်သည် ။

အထောက်တော် သတင်းစာ၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ၊ သူတို့မိတ်ဆွေ ကိုမောင်မောင်ခင်က သတင်းစာတွင် မောင်လေးအောင် ကို ညအယ်ဒီတာ ဝင်လုပ်ရန် လာခေါ်သည် ။

အလုပ်ဝင်ရေး ၊ မဝင်ရေးကို သူငယ်ချင်းဖြစ်သူ မောင်ကျော်ထင် ကို တိုင်ပင်သည် ။ ကဗျာစာမူခ ရတစ်ချက် ၊ မရတစ်ချက်နှင့် ဘကြီး ဘုန်းကြီးဆီ မှီခိုရင်း ဖခင်၏ လစာလေးကို မှေးနေရသော မောင်လေးအောင်ကို မောင်ကျော်ထင်က သတင်းစာတွင် ဝင်လုပ်ရန် တိုက်တွန်းသည် ။

၁၉၅၈ ခုနှစ်တွင် မောင်လေးအောင်တစ်ယောက် သတင်းစာတိုက်တွင် အလုပ်စဝင်သည် ။ လစာ ၁၂၆ ကျပ်ဖြင့် ညအယ်ဒီတာ ဖြစ်လာသည် ။ အလုပ်ချိန်မှာ ညနေ ၆ နာရီမှ ည ၁၀ နာရီ ဖြစ်သည် ။ သတင်းစာ စီစဉ်ပေး ၊ ပရုဇ်ဖတ် (စာပြင်) ၊ လုပ်စရာရှိတာ ဝိုင်းလုပ် ၊ သတင်းဖောင်ပိတ်ပြီးလျှင် ပြန်ရုံပဲ ဖြစ်သည် ။

ည ၁ဝ နာရီ အလုပ်ပြီးချိန်တွင် စာပေအပေါင်းအသင်းများ ဆုံကြပြီး ရေကျော်မောင်အေး လက်ဖက်ရည်သောက်ရင်း စာပေအကြောင်း ပြောကြ ၊ သောင်းပြောင်းထွေလာ စကားဆိုကြရင်း လက်ဖက်ရည်ဆိုင် ပိတ်မှ ပြန်ကြသည် ။

မောင်လေးအောင်သည် ညအယ်ဒီတာ အလုပ်ဝင်ချိန်တွင် ဖဆပလ အကွဲအပြဲ ဂယက်လှိုင်းကြီးချိန်ဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် ထိုးနှက်နေချိန် ဖြစ်သည် ။

သူတို့သတင်းစာမှာ ဖဆပလ တစ်ဖက်ခြမ်းမှဖြစ်၍ အခြား တစ်ဖက်ကို သတင်းဆောင်းပါးများဖြင့် ဖွင့်ချနေသည် ။ မောင်လေးအောင် သည် သူ ရေးချင်သည့်အခါ သတင်းစာတွင် သတင်းဆောင်းပါးများ တစ်ခါတစ်ရံ ရေးတတ်သည် ။

နောက်ပိုင်းတွင် သတင်းဆောင်းပါးတချို့ မောင်လေးအောင် မရေးဘဲနှင့် သူ့နာမည်တပ်ကာ သတင်းစာမှာ အသုံးပြုနေသည် ။

နိုင်ငံရေး အကွဲအပြဲကြားတွင် သူ့သဘောထား မပါသည့် ဆောင်းပါးများကို သူ့နာမည်သုံးသည်ကို မခံနိုင်သည့်အဆုံး အလုပ်ဝင်ပြီး လပိုင်းမှာပင် သတင်းစာတိုက်မှ ထွက်လိုက်သည် ။

မောင်လေးအောင်သည် ကဗျာ ဆက်လက်ရေးသားခြင်းဖြင့် ဘဝကို ရပ်တည်ခဲ့သည် ။ ကြိုးကြားကြိုကြား ဆောင်းပါးနှင့် ဝတ္ထုတိုများကို ရေးသေးသည် ။

၁၉၇၀ ပြည့်နှစ် မတိုင်မီလောက်မှာ မောင်လေးအောင်တစ်ယောက် အရက်ကို တစိုက်မတ်မတ် သောက်တတ်လာသည် ။ သူငယ်ချင်းတွေ တကွဲတပြားဖြစ် ၊ ဦးတည်ချက် မဲ့လာပြီး အထီးကျန်နေရာ သူသည် အရက်ကိုသာ ဖက်တွယ်တော့သည် ။ ပုဇွန်တောင် အမေ့ဆိုင်ထိုင်ရင်း ကိုနေသွေးနီ ရည်စားစာ ရေးပေးခဲ့ဖူးသည့် ကုလားလေးနှင့် သွားဆုံသည် ။ ကုလားလေးက ကိုလေးအောင်ကိုလည်း ရည်းစားစာ သူ့အတွက် ရေးပေးဖို့ တောင်းဆိုသည် ။ ရေးခ ဘယ်လောက်ပေးမလဲ လို့ မေးတော့ ကုလားလေးက ကိုနေသွေးကို ၅ ကျပ်ပေးရသည်ဟု ပြောသည် ။ မောင်လေးအောင် က ဒါဆို နေသွေး ဈေးပေါ့ကွာ ။ ဖိုက်ကေ ၊ ဖိုက်ကေဟု ပြောလိုက်လေသည် ။

ဘုရားဖြူ ကျောင်းတိုက်သည်သာ မောင်လေးအောင်၏ မှီခိုရာ ဖြစ်ခဲ့သည် ။ တစ်ခါတစ်ရံ ရေးဖော်အပေါင်းအသင်းများကို ဘုန်းကြီးကျောင်း ခေါ်သွားပြီး ဆွမ်းကျန်ဟင်းကျန်များနှင့် ပြုစုတတ်သည် ။ အပေါင်းအသင်းများက အရက်ကောင်းများကို အလျှံပယ် သူ့အား ပြုစုသော်လည်း အပြီးသတ်တွင် သူသည် ပုဇွန်တောင် အမေ့ဆိုင်မှာ ဘီအီး တစ်ကျပ်ဖိုး ဝင်ပိတ်ပြီးမှ ကျောင်းသို့ပြန်လေ့ ရှိသည် ။

၁၉၆၃ ခုနှစ်တွင် ကဗျာဆရာသမဂ္ဂ ဖွဲ့ရာတွင် မောင်လေးအောင်က တွဲဖက်အတွင်းရေးမှူး ဝင်လုပ်သည် ။ ဥက္ကဋ္ဌမှာ ဒဂုန်တာရာဖြစ်ပြီး နေသွေးနီက အတွင်းရေးမှူး ၊ အမှုဆောင်များမှာ ကြည်ညို ၊ မောင်သင်းခိုင် (ပျဉ်းမနား) ၊ နုသဇင် (သင်းရိပ်သာ) နှင့် မောင်ကျော်ထင်တို့ ဖြစ်ကြသည် ။ ကဗျာဆရာသမဂ္ဂမှ ရေအယဉ်နှင့် အရှေ့လေ စုပေါင်းကဗျာ စာအုပ်နှစ်အုပ် ထုတ်ခဲ့သည် ။

သူ့ရေးဖော် မောင်ကျော်ထင်က မောင်လေးအောင် အိပ်ရာအောက် က ခံစားချက် ကဗျာလေးတစ်ပုဒ်ကို မသိအောင် ခိုးဖတ်ဖူးတယ် ’ ဟု ပြောရင်း ကဗျာလေးကို ရွတ်ပြသည် ။

ဆံမဖြီးသ

ခေါင်းရှုပ်ပွနှင့် ရုပ်ကရှုသိုး

ကြည့်ရဆိုးသူ ၊ ငါလိုလူက

မတူမတန် အယူခံ၍

ဆူညံဟစ်ဆို ၊ ရှိုက်ရင်းငိုကာ

ငွေလိုအဆင်း ၊ ဖိုးလမင်းကို

ရင်တွင်းပွေ့ငင် ၊ စုံမက်ချင်သော်

ညစဉ် အိပ်ရေးပျက်လိမ့်တကား ။

မောင်လေးအောင်တစ်ယောက် နှလုံးသားဒဏ်ရာလည်း ရခဲ့သည် ။ သူ ချစ်ဖူးသည် နီနီဖူးဖူး အချစ်ဦးအား မဝံ့မရဲ ချစ်ရင်း ၊ အခြေအနေချင်း ကွာဟမှုအပေါ်မှာ ဘဝချင်းလည်း ခြားခဲ့ကြသည် ။

သူသည် သူ ချစ်သော ကဗျာကိုကား အရေးမပျက် ။ တစိုက်မတ်မတ် ရေးမြဲဖြစ်သည် ။ ဖန်တီးအားကောင်းသည် ကဗျာများ ထုတ်လုပ်ဆဲ ။ သူသည် နီနီဟိန်း ကလောင်အမည်ဖြင့်လည်း ကဗျာတွေ ရေးခဲ့သည် ။

မောင်လေးအောင်တစ်ယောက် သူ့ယုံကြည်ချက်နှင့် အနုပညာ တာဝန်ယူမှုအပေါ် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်ခဲ့လေသလား မသိ ။ သူ့ဘဝကို ဖြစ်သလို ပစ်ထားလိုက်ပြီး အရက်ကို သောက်စပြုလာသည် ။ ဆံပင်ဖုတ်သိုက် အဝတ်အစား ဖိုသီဖတ်သီနှင့် ဖြစ်သလို နေထိုင်တတ်လာသည် ။

သူသည် သီချင်းရေးဆရာလည်း ဖြစ်လေသည် ။ သူ၏ ပထမဦးဆုံး သီချင်းဖြစ်သော လောင်းရိပ်မိသော ပန်းကလေး ကို ရေးပြီး ကေသီပန် တူရိယာအဖွဲ့မှ စန္ဒရားချစ်ဆွေလက်ထဲ ထည့်လိုက်သည် ။ ကိုချစ်ဆွေ က အသံသွင်းပြီး သန်းဖေလေးကို ဆိုခိုင်းသည် ။ သန်းဖေလေးသည် ၎င်းသီချင်းဖြင့် ကျော်ကြားလာခဲ့သည် ။

မောင်လေးအောင်သည် ပြားခြောက်ဆယ် ၊ တစ်ကျပ်တန် ဝတ္ထုခေတ်က ဝတ္ထုတွေလည်း ရေးခဲ့သည် ။ ငွေကြေးအခက်အခဲကြောင့် အခြားနာမည် (ရှဲဒိုး)ဖြင့်လည်း ဝတ္ထုတွေ လက်ခံရေးပေးသည် ။ ကဗျာဆရာ တစ်ယောက်အဖြစ် ဘဝရပ်တည်ရေး မလွယ်ကူသောအခါ မိမိ မလုပ်ချင်သော အရာများကို မလွှဲမရှောင်သာ လုပ်ရလေသည် ။

စာပေတိုက်တစ်ခုက အကူအညီတောင်းသဖြင့် အနုပညာသည် တို့၏ အတ္ထုပ္ပတ္တိ စာအုပ်များကို ‘ စာတည်းအဖွဲ့ဝင်တစ်ဦး အမည်ဖြင့် စာမူတွေ ရေးပေးသည် ။ စာမူခကို ထုတ်ဝေသူထံ အခေါက်ခေါက် အခါခါ သွားတောင်းပါမှ အလီလီ ခွဲနေသဖြင့် မောင်လေးအောင် စိတ်မော လူမော ဖြစ်ရပေါင်း မနည်းတော့ ။ တစ်ခါတစ်ရံ ထုတ်ဝေသူက မောင် လေးအောင်ကို စက္ကူရိုက်ပျက်နှင့် ဇင့်ဘလောက်တုံးတွေ ပေးလိုက်သဖြင့် ပခုံးနဲ့ထမ်းပြီး ကုလားထံ ရောင်းရတာ ရှိသည် ။ လူပျိုကြီးဖြစ်သော မောင်လေးအောင်သည် ဦးလေးမောင် နာမည်ဖြင့် အိမ်ထောင်ရေးကျမ်းများ ရေးခဲ့သေးသည် ။

ကဗျာဆရာ မောင်ယဉ်မွန်နှင့် တွဲကာ ၁၉၆၁-၆၂ ခုနှစ်တွင် ‘ လကွယ်ည ကဗျာများ ကဗျာစာအုပ် ထွက်ခဲ့သည် ။ မဂ္ဂဇင်းများတွင် ကဗျာပေါင်းများစွာ ရေးသားခဲ့သည် ။

၁၉၇ဝ ပြည့်နှစ် မိုးဝေ စာပေမဂ္ဂဇင်းတွင် စာရေးဆရာ နတ်နွယ် အယ်ဒီတာချုပ်လုပ်ပြီး အယ်ဒီတာအဖွဲ့ဝင် မောင်သင်းခိုင် ၊ သခွပ်နီ ၊ အောင်ချိမ့်တို့နဲ့အတူ မောင်လေးအောင် ပါဝင်လုပ်ဆောင်ခဲ့သည် ။

မောင်လေးအောင် ကဗျာရေးပြီးလျှင် မဂ္ဂဇင်းတိုက်များဆီ ကုန်း ကြောင်းလျှောက်ပြီး ကဗျာတွေ လိုက်ပို့သည် ။ ကဗျာ ပေးပြီးတာနှင့် စာမူခကို ကြိုတင်တောင်းသည် ။ သူ့ကို မိတ်ဆွေ အယ်ဒီတာများကလည်း ကြိုတင်ငွေ ပေးကြသည် ။ ( စာမူခကို ကြိုတင်တောင်းသည့် အလေ့မှာ ကိုလေးအောင်က စသည် ဆိုရမည် )

စာမူခ ရလာလျှင် ကဗျာရေးဖော်များကို ခေါ်ကာ ပုဇွန်တောင် အမေ့ အရက်ဆိုင်ကို အရောက်သွားသည် ။ ပုဇွန်တောင် အရက်ဆိုင်မှ သူ့အဖော်များကလည်း သူ့ကို လည်တဆန့်ဆန့်နှင့် ။ မောင်လေးအောင် အရက်ဖိုးမရှိသည့်အခါ သူ တွဲသောက်နေကျ အဖော်များက မရှိရှိတာ ရှာကြံ တိုက်တတ်ကြသည် ။ သူကလည်း စာမူခရလာလျှင် သူ့အဖော်များကို မမေ့ ။

မောင်လေးအောင်တစ်ယောက် စာမူခတွေ ကုန်ပြီး ဘယ်ကမှ ရစရာမရှိတော့လျှင် မြို့ထဲပတ်ပြီး ရေးဖော်အပေါင်းအသင်းများကို လိုက်ရှာသည် ။ တချို့ကလည်း သူ အရက်သောက်မှာစိုးပြီး ငွေမပေးဘဲ ထမင်း အတင်းလိုက်ကျွေးသည် ။ သူ့အခြေအနေကား အစာ အာဟာရထက် အရက်ကိုသာ ပိုအားပြုနေရသည့်အနေအထား ရောက်နေပေပြီ ။

တစ်ရက်မှာတော့ မောင်လေးအောင်ဟာ မိတ်ဆွေ ကဗျာဆရာကို ခေါ်ပြီး ဆူးလေက ဘိုင်အိုမင်းသစ် ကျူရှင်ကို ချီတက်သွားသည် ။ မိတ်ဆွေကို အောက်မှာထားခဲ့ပြီး သူက မင်းသစ်ဆီ တက်သွားသည် ။ အပြန်မှာတော့ သူ့လက်ထဲမှာ ငွေအစိတ် ပါလာ၏ ။ ဒီမှာတင် သူ့မိတ်ဆွေက ခင်ဗျားကို ပေးလိုက်တာ နည်းတာပေါ့ဗျာ ။ သူ့အနေနဲ့ ဒီ့ထက်မက နိုင်တာပဲ။ ဘာလို့ ယူလာသလဲ ပြောတဲ့အခါ မောင်လေးအောင်က ကိုယ်တို့ သူ့ဆီက ကြွေးရစရာရှိတာမှ မဟုတ်ဘဲ ။ သူ ပေးသလောက်ပေါ့ လို့ ပြန်ပြီး ပြောလိုက်တော့၏ ။

နောက်ပိုင်းတွင်ကား မောင်လေးအောင်သည် လမ်းလျှောက်နေရင်း ခြေထောက်မှာ ဖိနပ်ပါသလား ၊ မပါသလား မသိတော့ ။ လမ်းသွားရင်း ဖိနပ်ကျွတ် ကျန်ခဲ့တာလည်း သိချင်မှ သိတော့သည် ။ ခြေထောက်တွေ ထုံကျဉ်နေတတ်ပြီး ဖိနပ်စီးလို့ စီးမှန်းမသိအောင် သူ့ကျန်းမာရေးကား ဆိုးလာနေပေသည် ။

စိတ္တဇဆေးရုံတွင် အရက်တက်ဖြတ်လိုက် ၊ ပြန်ဆင်းလာပြီး ပြန်သောက်လိုက်နှင့် သံသရာလည်နေသည် ။

မောင်လေးအောင် မသေမီ ၁၉၇၇ ခုနှစ် အစပိုင်း ၊ သူ့အား အရှေ့ ပိုင်းဆေးရုံ တင်ထားရသည်ကြား၍ သတင်းသွားမေးသေးသည် ။ သူသည် အစာသိပ်မဝင်တော့ဘဲ ဘီစကွတ်မုန့်နည်းနည်းနှင့် ဘာလီရည်လောက်သာ သောက်နိုင်တော့သည် ။ နောက် ဆေးရုံက သူ့ဘာသာ ပြန်ဆင်းလာသည်ဟု ကြားလိုက်ရသည် ။

၁၉၇၇ ခုနှစ် ၊ မေလ ၁၉ ရက်နေ့တွင် မောင်လေးအောင် ဆုံးပြီဟု ရုတ်တရက် ကြားလိုက်ရသည် ။ သူ သေဆုံးချိန်တွင် အသက် ၃၉ နှစ်သာ ရှိသေးသည် ။

အနုပညာ ဖန်တီးထုတ်လုပ်မှု အားကောင်းနေချိန်တွင် သေဆုံးသွားသဖြင့် နှမြောတသ ယူကျုံးမရ ဖြစ်မိသည် ။ သူ ဆုံးပါးသွားခြင်းကား စာပေလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဟု ခံစားလိုက်ရသည် ။

မောင်လေးအောင်၏ ကဗျာများကား ကဗျာမွေ့သူတို့၏ ရင်ထဲ တွင် အမြဲထာဝရ ကိန်းအောင်း ရှင်သန်နေပေတော့သည် ။

ညွန့်သစ်

ဆရာညွန့်သစ်ရဲ့ " ချစ်ခင်လေးစားရသူများအကြောင်း အမှတ်တရရုပ်ပုံလွှာ " စာအုပ် ၊ စာနှာ ၁၆၆ - ၁၇၂ မှ တဆင့်ကူးယူ ပြန်လည်မျှဝေပါသည် #မောင်ချမ်း ( ခရမ်းပြာ )

Saturday, February 25, 2023

ကညွှတ်ကွင်းအိမ်ပြေး ၄၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၄၇)

ကဲစကွာဟုပြောလိုက်တော့ နံပတ်တလုံးကိုပြောပါသည်၊ ဆရာက မေးရင်းမေးရင်း တလုံးပြီး နောက်တလုံး နောက်တလုံးနှင့် နံပတ်တွေဆုံးသွားသည်။ အကုန်မှန်သည်။ မှတ်ပုံတင်ပိုင်ရှင်ရော သူ့ဘေးက ကပ်ကြည့်နေသူတွေရော ဟာကနဲ အသံထွက်လာသည်။ ကျွန်တော်လည်း အံ့ဩသွားပါသည်။ ထိုအချိန်တွင် တယောက်က ဒါဆို ခင်ဗျားတပည့် ကျွန်တော့်အိတ်ထဲက ပိုက်ဆံနံပတ်ပြောနိုင်မလားဟု အကဲစမ်းသည့်လေသံဖြင့် မေးပါသည်။ ဆရာက စိုးရိမ်သွားပါသည်။ သို့သော် မယုံမရဲလေသံဖြင့် တပည့်ရေ ဖြစ်ပါ့မလားဟုငတင့်ကိုမေးတော့ ရပါတယ်ဆရာဟု ငတင့်ကမျက်နှာအဝတ်စည်းလျက်နှင့် နောက်လှည့်ရာမှဖြေပါသည်။ ဆရာက ကဲမိတ်ဆွေကြီး ရပါပြီဟုပြောကာ ထိုလူ့ထံမှ ပိုက်ဆံတရွက်ကိုတောင်းယူကာ အတူကြည့်နေကြပါသည်။ ဘေးကလူ သုံးလေးယောက်လည်း တိုးတိုးဝှေ့ဝှေ့နှင် ပူးကပ်၍ကြည့်နေကြပါသည်။ ကျွန်တော်က ငတင့်တော့ သွားပြီဟု တွေးပြီးစိတ်ပူနေပါသည်။

 

ထို့နောက် ပထမပုံစံအတိုင်း ဆရာကတလုံးချင်းစီမေးတော့ ငတင့်က တလုံးစီဖြေပါသည်။ နံပတ်တွေဆုံးသွားပါသည်။ အကုန်မှန်ပါသည်။ ကြည့်နေသူတွေအားလုံး ငြိမ်ပြီး ကြက်သေသေနေပါသည်။ ကျွန်တော်ပို၍ အံ့ဩသွားပြန်ပါသည်။ ကျွန်တော်အံ့ဩသည်ဆိုသည်မှာ စာတလုံးမှမတတ်သည့် ငတင့်က အဝတ်မျက်နှာစည်းကာ နောက်ပြန်လှည့်ရင်း မှတ်ပုံတင်နံပတ်ရော ပိုက်ဆံနံပတ်ပါမှန်အောင်ပြောနိုင်သဖြင့် ပိုအံ့ဩတာဖြစ်ပါသည်။ ငတင့်တွင် ပညာတခုခုတော့ ရှိရမည်။ ဒီကောင့်ကိုပေါ့လို့မရဟုလည်း တွေးမိပါသည်။ ဆရာဝဏ္ဏ အကျေနပ်ကြီးကျေနပ်သွားဟန်ဖြင့် တပည့်ရေ အားလုံးသိရအောင် ပိုပြီးတော့လည်း မြင်သာမယ့်နံပတ်တခုလောက် ထပ်ပြောရအောင်ကွာ ရပါ့မလားဟုမေးပါသည်။ ငတင့်က ရတာပေါ့ဆရာကလည်းဟု အပိုင်တွက်ထားသည့်လေသံဖြင့်ပြောပါသည်။ ထိုအချိန်တွင် ပဲခူးရန်ကုန် ဘာ့စ်ကားကြီးတစီး ဖြည်းဖြည်းမောင်းလာကို တွေ့လိုက်ရသည်။ ဆရာက ကဲတပည့်ရေ ဟိုကားကြီး တို့ကိုမကျော်ခင် လုပ်လိုက်ရအောင်ကွာ ပြောစမ်းပါဦး ပထမတလုံးကိုဟု အမိန့်ပေးလိုက်ပါသည်။ ကားကြီးနှင့် ကျွန်တော်တို့မှာ ကိုက်ငါးဆယ်ခန့်ဝေးသေးသော်လည်း သူ့နံပတ်များကို  ထင်ထင်ရှားရှားမြင်ရနေပါသည်။ ဆရာက တလုံးချင်းမေး ငတင့်ကတလုံးချင်း ဖြည်းဖြည်းပြန်ဖြေပါသည်။ အားလုံးမှန်ပါသည်။ ထိုအချိန်တွင် ကားကြီးက ကျွန်တော်တို့ကို ကျော်သွားပါပြီ။ ကျွန်တော် ထပ်အံ့ဩရပြန်သည်။ ဒီငတင့် ဒီပညာစွမ်းတွေကို ဘယ်ကရထားတာလဲ။ ဆရာဝဏ္ဏ သင်ပေးထားတာလား။ ဒါမှမဟုတ် ရှင်သီဝလိဆောင်ထားတာကြောင့်လားဟု တွေးနေမိပါသည်။ ဆရာသင်လို့ တတ်တာဆိုရင်တော့ ကျွန်တော်လည်း ငတင့်လိုနေပြီး ဆရာ့ထံမှသင်ယူနိုင်ပါမည်။ ဆရာကလည်း သင်ပေးပါလိမ့်မည်။ ရှင်သီဝလိဆောင်လို့ဆိုရင်တော့ ပြဿနာပဲဟု ကျွန်တော်တွေးမိပါသည်

 

ကျွန်တော်က မွတ်စလင်မ်ဖြစ်သည်။ အလ္လာလ်ဟိုးအရှင်မြတ်မျှတပါး အခြားမည်သူကိုမှ ကိုးကွယ်ခြင်းမပြုရ၊ ယခုဘဝနှင့်နောက်ဘဝတွေအတွက်ရည်မှန်းကာ အလ္လာလ်ဟိုးအရှင်မြတ်မှတပါး မည့်သည့်အရာကိုမှ ပူဇော်ခြင်း၊ ရှိခိုးခြင်းမပြုရဟု တားမြစ်ထားသည်မဟုတ်လား။ ခုက ရှင်သီဝလိရဟန္တာအရှင်မြတ်ကြီးကို ပူဇော်ကိုးကွယ်ရမည် ဆိုတော့ ကျွန်တော်နှင့်မကိုက်။ ဒုက္ခပဲဟုစဉ်းစားမိသည်။ အို...ဘာပဲဖြစ်ဖြစ် အစွမ်းတကယ်ရှိတယ်ဆို ကောင်းတာပဲ၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ထားရုံဆောင်ထားတာပဲဟာ ဘာမှလုပ်တာမှမဟုတ်တာဟု ဖြေတွေးလည်းတွေးမိပါသည်။ 

 

တပည့်ကျော်၏အစွမ်းတွေကိုပြလိုက်ရသဖြင့် ဆရာဝဏ္ဏကျေနပ်နေပါသည်။ ကဲတပည့်ရေ ဆရာက ဝေငှပါမယ်လို့ ကတိလည်းပေးပြီးပြီဆိုတော့ ဒီလိုလုပ်ကွာ မင်းဟောဒီဓာတ်တော်ကြုတ်ကလေးကိုပင့်ကွာ၊ ပြီးတော့ မင်းပြောသလို ဦးရာလူစနစ်နဲ့လိုက်ဝေကွာဟုခိုင်းလိုက်ပါသည်။ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပါသည်။ သူ့ထက်ငါ ရှေ့ရောက်ရန် တိုးကြပါသည်။ ဆရာက တုတ်ကလေး တချောင်းနှင့် စည်းသားထားသည့်နေရာကို ဝိုက်၍လိုက်ခြစ်လိုက်ပြီး ဖြည်းဖြည်းဖြည်းဖြည်း စည်းတွေတော့ပေါက်ကုန်တော့မှာပဲ၊ ဒုက္ခတော့ တွေ့ကုန်တော့မှာပဲဟု ပြောသဖြင့် လူများ နောက်နည်းနည်းပြန်ဆုတ်ကြပါသည်။ 

 

ငတင့်ကလည်း တိုးဝှေ့လက်ဖြန့်တောင်းနေသူများထံဝေပါသည်။ တောင်းသူတိုင်းကိုတော့ မပေးပါ။ ကျော်တာ ကျော်ပစ်သည်။ ယောက်ျားတွေထက် မိန်းမတွေကိုပိုဝေတာသတိထားမိပါသည်။ ကလေးတွေကိုတော့ လုံးဝမဝေပါ။ သည်လိုနှင့် တဝိုင်းလုံးလည်းပတ်မိရော ငတင့်ဖန်အိုးလေးထဲက ရှင်သီဝလိရုပ်ပွားတော်တွေလည်း ပြောင်သလင်းခါ သွားပါသည်။ ကုန်ပြီဆရာ ထပ်လိုချင်သေးသူတွေရှိသေးတယ်ဟုပြောကာ လူတွေကို အားနာနေပါသည်။ မတတ်နိုင်ဘူးတပည့်ရာ ရှိသလောက်ပေါ့ဟုဆိုကာ ထားလိုက်ပါသည်။ 

 

ဆရာကဆက်၍ ရုပ်ပွားတော်ရသူတွေအတွက် ဝမ်းသာကြေင်း၊ လောလောဆယ် လက်ထဲတွင်ပဲ ဆုပ်ထားပါ၊ ဟိုဟိုသည်သည်ထဲ အိတ်ကပ်တွေဘာတွေထဲ မထည့်ရန်ပြောပါသည်။ ဆက်၍ အိမ်တွင်မည်သို့ပူဇော်ရမည်နှင့် ပူဇော်စရာအမွှေးသက္ကယနှင့် ဖန်ကြုတ်ကလေးများလိုသေးကြောင်း၊ ထည့်ချင်ရာနှင့်ထည့်၊ ထားချင်ရာထားလို့ မရကြောင်း၊ ထိုသို့ထားလျှင် ခိုက်တတ်ကြောင်း၊ ပူဇော်ချင်သည့် အမွှေးနံ့သာဖြင့်ပူဇော်လို့ မရကြောင်းတွေ တရစပ်ပြောပါသည်။ သည်တကြိမ်ပြောသည့်ဆရာ့လေသံမှာ ဘာမှမသိသေးသည့် လူတယောက်ကို ငေါက်ငန်း ဆူပူနေသည်နှင့်တူသည်ဟု ကျွန်တော်ထင်ပါသည်။ ရုပ်ပွားတော်ရထားသူများကလည်း ဆရာ့စကားကို စူးစူးစိုက်စိုက်နားထောင်နေကြပါသည်။

 

သူက ပူဇော်ရာ သိဒ္ဓိပေါက်ပြီးသားနံသာဖြူဆီနှင့် ဓာတ်ခန်းဝင်ပြီးသားဖန်ကြုတ်လေးများလည်း ပေးပါမည် ခဏစောင့်ပါဟုပြောရင်း ခု သူတကွက်ပြမည်။ နောက်ဆုံးအကွက်လည်းဖြစ်သည်၊ ဆရာတွေပုဂ္ဂိုလ်တွေ၏ ခွင့်ပြုချက်လည်းရထားပြီးသည့်အကြောင်းပြောပါသည်။ သူပြောသည့် ပုဂ္ဂိုလ်တွေကို ကျွန်တော် မသိသဖြင့် အနားက ငတင့်ကို လေသံတိုးတိုးဖြင့် ပုဂ္ဂိုလ်တွေဆုတာ ဘယ်သူလဲဟုမေးတော့ အထက်ကပုဂ္ဂိုလ်တွေပေါ့ကွာ၊ မင်းနောက်တော့ သိလာလိမ့်မယ်၊ လျှောက်မမေးနဲ့ကွဟုပြောပါသည်။

(ဆက်ပါဦးမည်)   

ကညွှတ်ကွင်း အိမ်ပြေး ၄၆

0 comments

(ကညွှတ်ကွင်း အိမ်ပြေး ၄၆)

ငတင့်က ဦးထုပ်ကို စားပွဲပေါ်တင်ပြီး ပိုက်ဆံတွေကို တူရာအလိုက်ထပ်ပြီးရေနေတာတွေ့ပါသည်။ အကြွေစေ့လေးတွေပါတာလည်းတွေ့ပါသည်။ ကလေးတွေမုန့်ဖိုးပဲဖိုးထဲကနေ ထည့်လိုက်တာများလားဟု တွေးမိပါသည်။ စိတ်ထဲ တမျိုးဖြစ်မိပါသည်။ ကျွန်တော့် ကိုယ့်အိတ်ထောင်ကိုလည်း စမ်းမိပါသည်။

 

ငတင့်က မြွေကြီးကို မနိုင့်တနိုင်မက သေတ္တာထဲပြန်ထည့်ပါသည်။ မြွေကြီးက မဝင်ချင်လို့လား မသိ။ တွန့်လိမ် ခွေခေါက်နေသေးသည်။ သို့သော် ငတင့်က ကျင်လည်စွာထိန်းပြီး အလိုက်သင့်လေး ပြန်သွင်းလိုက်တော့ နောက်ဆုံး ရှောရှောရှူရှူဝင်သွားပါသည်။ ငတင့်လုပ်နေတာတွေကြည့်ပြီး ကျွန်တော်အံ့လည်းဩ ချီးလည်းချီးမွမ်းမိပါသည်။ အမှန်ပြောရလျှင် ကျွန်တော်က မြွေကိုကြောက်ပါသည်။ ရွံလည်းရွံပါသည်။ သို့သော် ကျွန်တော် တနေ့တွင် ငတင့်လုပ်သလို လုပ်ရဦးမှာပါလားလို့တွေးမိတော့ စိတ်အတော်ညစ်သွားပါသည်။ 

 

အမေခတို့ဆီပြန်ပြေးရကောင်းမလားဟုတွေးမိသော်လည်း အတွေ့အကြုံသစ်တွေ၊ အသစ်အဆန်းတွေ၊ နယ်စုံအောင် ခရီးသွားရမှာတွေက ကျွန်တော့်အပေါ် ပိုလွှမ်းမိုးနေသည်ထင်ပါသည်။ အမေခတို့ကိုလည်း ခဏနှင့်မေ့သွားပါသည်။ ငတင့်က ပိုက်ဆံတွေကို ဦးထုပ်ထဲပြန်ထည့်ပြီး သူ့နေရာ သူသွားထိုင်ကာ ဘင်သံညှဉ်းညှဉ်းလေး တီးပါသည်။ ထိုအချိန်တွင် ဆရာဝဏ္ဏက ရှင်သီဝလိကြောင်းပြောနေပါသည်။ ရှင်သီဝလိဘယ်သူမှန်း ကျွန်တော်မသိပါ။ ဘုန်းကြီးတပါးပါးတော့ ဖြစ်မည်ထင်ပါသည်။ ဆရာပြောတာနားထောင်ရင်း ရှင်သီဝလိမှာ ဗုဒ္ဓမြတ်စွာလက်ထက်က ပေါ်ခဲ့သည့် ရဟန္တာတပါးဖြစ်ကြောင်း၊ ဘယ်လိုတန်ခိုးကြီးကြောင်း၊ ဘယ်လို အာနုဘော်တွေရှိကြောင်း၊ ကိုးကွယ်ပါက မည်သို့အကျိုးတွေရမှာဖြစ်ကြောင်း၊ လဘ်လာဘများတိုးပွားမှာဖြစ်ကြောင်း၊ ဈေးသည်ကုန်သည်များ ဆောင်ထားပါက ရောင်းပန်းရောင်းဝယ်များကောင်းကြောင်း၊ သာမန်လူများဆောင်ထားပါက စန်းပွင့်၍ မျက်နှာပန်းလှမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်တော့ ရှင်သီဝလိကိုယ်တော်ကြီးအား ရည်မှန်း၍ဆုတောင်းသဖြင့် ဂုဏ်ထူးတွေနှင့်အောင်တာကို သူကိုယ်တိုင်တွေ့ခဲ့ဖူးကြောင်း၊ သူကိုယ်တိုင် လည်မှာဆွဲ၍ဆောင်ထားသဖြင့် အကျိုးထူးများခံစားရကြောင်းတွေ သိလာရပါသည်။ ဆရာပြောပုံမှာ အလွန်ပိုင်ပိုင်နိုင်နိုင်ရှိကာ ဆွဲဆောင်မှုလည်း ရှိပါသည်။ အားပါးတရလည်းရှိပါသည်။ သူနှင့်ယှဉ်ငြင်းလို့လည်း မရနိုင်ပါ။ ပြောနေရင်းနှင့် စားပွဲပေါ်က စာအုပ်ဟောင်းတအုပ်ကိုလှန်ကာ ရှင်သီဝလိဂါထာတွေဘာတွေ ရွတ်ပြလိုက်သေးသည်။ 

 

ထို့နောက် သူ့တွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးတပါးက စွန့်ကြဲထားသဖြင့် ဆင်စွယ်အစစ်ဖြင့်ထုထားသည့် သိဒ္ဓိတင်ပြီးသား ရှင်သီဝလိကိုယ်တော်ကြီး၏ ပုံတော်လေးတွေပါလာကြောင်း၊ ပရိတ်သတ်ကြီးကို မေတ္တာဖြင့် ဝေငှလိုကြောင်း၊ ဤသို့ဝေငှသည်မှာ သာသနာပြုရာလည်းရောက်ကြောင်း၊ ရမည့်ကုသိုလ်ကိုလည်း သတ္တဝါများအား အမျှပေးဝေမည်ဖြစ်ကြောင်း၊ သို့သော် ပုံတော်အရေအတွက်မှာ အကန့်အသတ်ရှိကြောင်း၊ တကယ်လည်း ကိုးကွယ်ချင်သူ ဘာသာတရားလည်းကိုင်းရှိုင်းသူတွေကိုသာ ရွေးပေးလိုကြောင်း၊ သို့သော် သူ့အနေနှင့် ဘယ်သူက ဘာဆိုတာကို မသိနိုင်သဖြင့် ဦးရာလူကိုသာ ဦးစားပေး ဝေငှသွားမည်ဖြစ်ကြောင်းပြောကာ စကားစဖြတ်လိုက်ပါသည်။ ငတင့် ဘင်သံတိုးတိုးလည်း တိတ်သွားပါသည်။ 

 

ထို့နောက် စားပွဲပေါ်က အတက်ချီကေ့စ်လေးကိုဖွင့်ကာ ကတ္တီပါအုပ်ထားသည့် ဖန်ဘူးလေးတဘူးကို ညင်ညင်သာသာ ယုယုယယထုတ်လိုက် ပါသည်။ မထုတ်ခင်မှာ ဖန်ဘူးလေးကို ကန်တော့လိုက်ပါသေးသည်။ ဖန်ဘူးလေးမှာ အဖုံးလည်ရစ်နေရာတွင် ရွေချထားပြီး လှလည်းအလွန်လှပါသည်။  ခတ်သေးသေးလေးဖြစ်သော်လည်း ကြည်ပြီး ပြောင်နေသဖြင့် အထဲကိုမြင်နေရပါသည်။ အထဲတွင် တလက်မခန့် ဖြူဝါဝါအတောင့်လေးများရှိပါသည်။ 

 

ဆရာကဖန်ဘူးလေးကို စားပွဲပေါ်တင်လိုက်ပါသည်။ ဟော့ဒီ ဓာတ်တော်ကြုတ်ကလေးထဲမှာ ရှင်သီဝလိရုပ်ပွားတော် အဆူငါးဆယ်ရှိပါတယ်၊ ကျွန်တော် ဝေပေးပါမယ်ဟုပြောပြီး ဖန်ဖူးလေးကို ဖွင့်လိုက်ပါသည်။ ထို့နောက်ပြန်ပိတ်ရင်း ပူဇော်လိုသူတွေအနေနဲ့ လက်ထောင်ပြပါ ကျွန်တော့်တပည့်လေးက လိုက်ဝေပါ့မယ်ဟုဆိုပါသည်။ ထိုအခါ လူတော်တော်များများလက်ထောင်ကြပါသည်။ ဆရာက ရေတွက်ဟန်ပြပြီး အဆူ၅ဆယ်နဲ့တော့ မလောက်တောဘူး၊ ပူဇော်ချင်တဲ့ သူတော်ကောင်းတွေက များနေတယ် တပည့်ရ ဘယ့်နှယ်လုပ်ကြမလဲဟု ငတင့်ကိုပြောတော့ ငတင့်က ကျွန်တော် ဦးရာလူလိုက်ဝေလိုက်မယ်လေဆရာဟု ပြောရင်းထပါသည်။

 

အေးအေး နေပါဦးတပည့်ရာ ငါစဉ်းစားပါဦးမယ်ဟုပြောပါသည်။ ထို့နောက် ကွင်းလည်သို့ပြန်လာပြီး  ကျွန်တော့်တပည့်လေး မောင်တင့်ကလည်း ရှင်သီဝလိကိုယ်တော်ကြီးရုပ်ပွားတော်လေး ဆောင်ထားပါတယ်။ ဒါ့ကြောင့် သူ့မှာလည်းအစွမ်းအစတချို့ရှိပါတယ်။ မယုံရင် ကျွန်တော်လက်တွေ့ပြပါ့မယ်ဟုဆိုကာ ငတင့်မျက်နှာကို အဝတ်ဖြင့် တင်းနေအောင်စည်းလိုက်ပါသည်။ ထို့နောက် ပရိတ်သတ်ထဲမှ တယောက်ထံသွားကာ မိတ်ဆွေကြီးမှာ မှတ်ပုံတင်ပါလားဗျ။ ပါရင် တချက်လောက်ပေးပါဟုပြောပါသည်။ ဟိုလူလည်း ဘုမသိဘမသိအူကြောင်ကြောင်နှင့် သူ့မှတ်ပုံတင်ထုတ်ပေးပါသည်။ ဆရာက မှတ်ပုံတင်ကို အခေါက်မဖြည်ပဲ လက်ထဲကိုင်ကာ တပည့်ရေ နောက်လှည့် ကွာဟုပြောလိုက်ပါသည်။ ငတင့်မှာ ဆရာနှင့် ၅ ကိုက်ခန့်ဝေးပါသည်။ ထို့နောက် မှတ်ပုံတင်ပိုင်ရှင့်အနားမှ လူတယောက်ကို ကဲခင်ဗျားတို့ကြည့်နေဟုပြောပြီး၊ မှတ်ပုံတင်ကိုဖြန့်ကာ တပည့်ရေ ဒီဆရာကြီးက သူ့မှတ်တင်နံပတ်မေ့နေလို့တဲ့ကွ မင်းသိရင် ပြောစမ်းကွာ၊ တလုံးချင်းဖြည်းပြောဟေ့ ဟုဆိုလိုက်ပါသည်။ 

(ဆက်ပါဦးမည်)

ဘာလို့ ရွေးကောက်ပွဲဝင်ဖို့/မဝင်ဖို့ လိုလားခဲ့တာလဲ

0 comments

"ဘာလို့ ရွေးကောက်ပွဲဝင်ဖို့/မဝင်ဖို့ လိုလားခဲ့တာလဲ"

၁၉၉၀ ပြည့် ရွေးကောက်ပွဲလုပ်တဲ့အချိန်က ကျွန်တော်ထောင်ထဲရောက်နေပါပြီ။ ၄၈၂၈ အမှုတွဲပေမယ့် NLD အဖြစ်နဲ့ရှိနေတုန်းပါပဲ။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ထောင်ထဲကနေပြီး NLD အနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ လိုလားတောင်းဆိုခဲ့ပါတယ်။

ဗိုလ်စောမောင်စစ်အုပ်စုက လုပ်ပေးတာမှန်ပေမယ့် "အာဏာသုံးရပ်လုံးရနိုင်ခြေရှိမှု" အောက်ကနေဝင်ရမှာဆိုတော့ ဝင်ဖို့လိုလားတာပါ။ နောက်တချက်က ၁၉၈၈ အရေးတော်ပုံစိတ်ဓာတ်ကလည်း သွေးနွေးနေတုန်းဖြစ်သလို လူထုရဲ့ပါဝင်နိုင်အားကလည်း အံ့မခန်းဖြစ်နေတာပါ။ တိုင်းပြည်ဟာ NLD နောက်လိုက်ဖို့ အသင့်ဖြစ်နေချိန်ပါ။

ရွေးကောက်ပွဲဝင်ရင် နိုင်နိုင်တယ်ဆိုတာလည်း အများနည်းတူတွက်မိပါတယ်။ ဗိုလ်စောမောင်ရဲ့ "ရွေးကောက်ပွဲလုပ်ပေးပြီး အနိုင်ရပါတီကို အာဏာအပ်ပြီးရင် စစ်တန်းလျားပြန်မယ်"ဆိုတဲ့ ပြောစကားအပေါ်လည်း တစုံတရာ မျှော်လင့်ချက်ရှိတာ ဝန်ခံပါပါတယ်။ ရွေးကောက်ပွဲနိုင် အာဏာအပ်ပြီး အစိုးရဖွဲ့ပြီးရင် လွတ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လည်းရှိနေခဲ့ပါတယ်။

အကယ်၍ အာဏာမအပ်ခဲ့ရင်တောင် ၈၈ သွေးနွေးနေတုန်းမို့ ကိုယ့်ဘာသာကိုယ်လွှတ်တော်ခေါ် အစိုးရဖွဲပြီး အာဏာမအပ်အပ်အောင် အကျပ်ကိုင်နိုင်လိမ့်မယ်လို့ တွေးမိတာလည်းပါပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်အပါအဝင် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံးလိုလို အဲ့သလိုတွေးခဲ့ကြတာပါ။

လက်တွေ့မှာ ထင်သလို တွေးသလို တွက်မိသလို ဘာမှမဖြစ်ခဲ့ပါဘူး။ ဗိုလ်စောမောင်လည်း "သူ့ စစ်အုပ်စု"ကို မယ်မယ်ရရဖွဲ့ခွင့်ရမသွားခဲ့ပါဘူး။ အချိန်တိုလေးအတွင်း ဗိုလ်သန်းရွှေစစ်အုပ်စုက စီးမိသွားပါတယ်။ ၉၀ ရွေးကောက်ခံအမတ်တွေလည်း ထောင်ထဲရောက်သူရောက် တောထဲရောက်သူရောက် စစ်အုပ်စုနဲ့ရေလိုက်ငါးလိုက်နေသူလည်း နေသွားပါတယ်။

နောက်တော့ ဘာတွေဆက်ဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့က ထောင်ထဲမှာဆိုတော့ အပြင်ကလူတွေလို အပြင်ကလူတွေလောက် သတင်းအချက်အလက်တွေမရပေမယ့် အခြေအနေတွေကို တတ်နိုင်သမျှ မျက်ခြေမပြတ်အောင်တော့ လုပ်ရပါတယ်။ BBC, VOA နဲ့ နောက်ပိုင်းမှာပေါ်လာတဲ့ DVB, RFA တို့ကိုပဲ အားကိုးရတာပါ။ တောထဲကသတင်းတွေကိုတော့ ဘာမှ မယ်မယ်ရရ တိတိကျကျမသိရပါ။

ဒီလိုနဲ့နေရင်း ၂၀၀၄ မှာ ထောင်ကလွတ်ပါတယ်။ မဲဆောက်ရောက်ပါတယ်။ အမျိုးသားညွန့်ပေါင်းအစိုးရလည်း ပထမတော့ တောထဲ နောက်တော့ မဲဆောက်ရောက်နေတဲ့အချိန်ပါ။ အဲ့အချိန်မှာ မဲဆောက်မှာ NLD(LA)ဆိုတာ ရှိနေပါပြီ။ ကျွန်တော် မဲဆောက်ရောက်တော့ NLD(LA) ကို သတင်းသွားပို့ပါတယ်။ ဦးဝင်းခက်က ဘတ်ငွေ ၂ ရာ ထောက်ပံ့ပြီးNLD(LA) အဖွဲ့ဝင်လျှောက်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော် မလျှောက်ခဲ့ပါ။ ပြည်ပထွက်ပြီးဖွဲ့တဲ့အစိုးရနဲ့ ကိုယ့်မြေတလက်မမှမရှိပဲ လွတ်မြောက်နယ်မြေဖွဲ့ထားတာကို မယုံလို့ပါ။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်အဖြစ်ပဲ နေခဲ့ပါတယ်။

နောက်တော့ ကျွန်တော်လည်း ဒုက္ခသည်အဖြစ်ခံယူပြီး အမေရိကကိုရောက်လာပါတယ်။ ဒေါက်တာစိန်ဝင်းရဲ့ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရလည်း ပထမတော့ တောထဲ။ နောက်တော့ ထိုင်း။ နောက်တော့ အမေရိကနဲ့ တစစီ ကြဲကွဲကုန်ပါတယ်။ လွတ်မြောက်နယ်မြေတွေလည်း နိုင်ငံအမည်တွေနဲ့ပေါ်နေခဲ့ပါပြီ။ ပထမတော့ တောထဲ၊ နောက်တော့ တဘက်နိုင်ငံ၊ နောက်တော့ ပို၍ပို၍ဝေးရာဆီသို့ ရွေ့သွားတဲ့ NCGUB ဖြစ်သွားပါတယ်။

ဒီလိုနဲ့နေလာရင်း ၂၀၁၀ ရွေးကောက်ပွဲကို ရောက်လာပါတယ်။ ဒါလည်း ဗိုလ်သန်းရွှေစစ်အုပ်စုကပဲလုပ်ပေးတာပါ။ ဒီအချိန်မှာတော့ ကျွန်တော်က အင်အယ်လ်ဒီကို မဝင်စေချင်တော့ပါဘူး။ လူက အမေရိကရောက်နေလို့ မဟုတ်ပါဘူး။ "အာဏာသုံးရပ်လုံး ရနိုင်ခြေမရှိမှု"အောက်ကနေ ဝင်ရမယ့်ရွေးကောက်ပွဲဖြစ်နေလို့ပါ။ ဒါ့ကြောင့်ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ အဲ့တုန်းက အင်အယ်လ်ဒီမဝင်ခဲ့ပါဘူး။ မဝင်လို့လည်း ပါတီအဖျက်မခံရပါဘူး။ အဲ့ဒီအထိ ကျွန်တော်ဟာ အင်န်အယ်လ်ဒီနဲ့ သွေးဆက်နေတုန်းပါ။

၂၀၁၂ လည်းကြားဖြတ်ရွေးကောက်ပွဲလည်းကျရော အင်န်အယ်လ်ဒီဟာ နိုင်ငံရေး "ဂငယ်ကွေ့" ကွေ့သွားပါတယ်။ ကျွန်တော်လည်း အင်အယ်လ်ဒီနဲ့ သွေးကြဲသွားပါတယ်။ ဝေးဝေးနေခဲ့ပါတယ်။ တတ်နိုင်သမျှ အင်န်အယ်လ်ဒီတွေကို ရှောင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလည်းကျရော NLD ဝက်ဝက်ကွဲနိုင်ပါတယ်။ ပြည်ပရောက် NCGUB လည်း ကိုယ့်ခြေနဲ့ကိုပြန်ဖျက်ပြီး နိုင်ငံရေးဘဝပြီးသွားပါတယ်။ ပြည်တွင်းမှာတော့ NLD က နိုင်သာနိုင်တာပါ "အာဏာသုံးရပ်လုံး"မရခဲ့ပါပါ။ ရင်ကြားစေ့ရေးတွင်တွင်အော်ဟစ်ရင်း မူပျက်သထက်ပျက်လာပါတယ်။ တောင်တောင်အီအီတွေ ဆီဝေဆန်ဝေတာတွေနဲ့ အချိန်ကုန်ပါတယ်။ တဘက်စောင်းနင်းတွေလည်း ဖြစ်လာပါတယ်။ ကျွန်တော်လည်း ပြင်းပြင်းထန်ထန်မဟုတ်တောင် အတော်လေး တင်းတင်းမာမာ ဝေဘန်ပြောဆိုတာတွေရှိပါတယ်။

ရိုဟင်ဂျာအရေးမှာ ဒေါ်စု သည်ဟိဂ်အထိသွားပြီးICJ မှာ စစ်အုပ်စုအတွက်ရှေ့နေလိုက်ပေးတော့ ကျွန်တော့်နဲ့ NLD ချက်ကြိုးပြတ်သွားပါတယ်။ ပြဒါးတလမ်းသံတလမ်းဖြစ်သွားပါတယ်။

ခုဆို ကျွန်တော်ဟာ NLD ဆန့်ကျင်ရေးသမား ဒေါ်စုဆန့်ကျင်ရေးသမားမဟုတ်သည့်တိုင်အောင် လှိုက်လှိုက်လှဲလှဲတော့ တစက်မှမရှိတော့ပါ။

ခုလည်း မင်းအောင်လှိုင်စစ်အုပ်စုက လုပ်လာပြန်ပါပြီ။ PR စနစ်နဲ့ရွေးကောက်ပွဲလုပ်ပေးဦးမတဲ့။ NLD ကလည်း ဒါကိုဆန့်ကျင်ရုံမက မင်းအောင်လှိုင်စစ်အုပ်စုကို "နိုင်ငံတော်ပုန်ကန်သူ"လို့ပါ အတိအလင်းပြောဆိုထားပါတယ်။

ခုတခါ လုပ်ပေးမယ့် ရွေးကောက်ပွဲက "အာဏာသုံးရပ်ရနိုင်ခြေရှိမှု" မရှိတဲ့အပြင် အပြတ်အသတ်နိုင်ဦးတောင် လွတ်လွတ်ကျွတ်ကျွတ်အစိုးရမဖွဲ့နိုင်တော့ပါ။ ရွေးကောက်ပွဲမဝင်ဘူးလို့ပြောထားတဲ့ NLD ဟာ ဘယ်အထိစကားတည်မလဲ ဒါမှမဟုတ် ကိုယ့်တံတွေးကိုပြန်မြိုမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ချုပ်ရရင် ဘယ်သူကပဲ လုပ်ပေးလုပ်ပေး အာဏာသုံးရပ်လုံးရနိုင်ခြေမရှိမှုအောက်ကဝင်ရတဲ့ ရွေးကောက်ပွဲတွေကိုဝင်ဖို့ ကျွန်တော့် မတိုက်တွန်း မတောင်းဆိုသလို လိုလည်းမလိုလားပါ။ ပြည်ပထွက်ပြီးဖွဲ့တဲ့အစိုးရတွေကို(အစိုးရတိုင်းကို)သံသယရှိပါတယ်။

မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၂၅။ ၂၀၂၃

Thursday, February 23, 2023

ကညွှတ်ကွင်းအိမ်ပြေး ၄၅

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၄၅)

ဆရာဝဏ္ဏက မြွေကြီးအကြောင်းပြောရင်း ခေါင်းဆတ်ပြတော့ အကင်းပါသည့် ငတင့်က မြွေသေတ္တာကို ဖွင့်ပြီး မြွေကြီးကို သူ့ကိုယ်ပေါ်တင်ကာ ဖြည်းဖြည်းခြင်းဝိုင်းတပတ်လှည့်ပါသည်။ ငတင့်ကိုယ်နှင့်စာလျှင် မြွေကြီးမှာ တော်တော်ကြီးပါသည်။ မြွေကြီးက သူ့ကိုယ်ပေါ်မှ လျှောဆင်းတော့မယောင်ယောင်လုပ်တိုင်း ငတင့်က မနိုင့်တနိုင်ဖြင့် ဆွဲဆွဲတင်ပါသည်။ တချို့ကလည်း မြွေကြီးကိုမြင်တော့လန့်ပြီး နောက်ဆုတ်သွားကြသည်။ တချို့ကတော့ အနားတိုးကာ အနီးကပ်ကြည့်ကြ လက်ဖြင့်ထိကြည့်ကြပါသည်။ ထိုအချိန်တွင် မျက်လှည့်ဝိုင်းမှာ လူတန်း ၂ ထပ် ၃ ထပ်ခန့်ဖြစ်နေပါပြီ။

 

 

ထို့နောက် ဆရာဝဏ္ဏက ငတင့်ကို မျက်ရိပ်ပြလိုက်တော့ ငတင့်က မြွေကြီးကို မြေကြီးပေါ် အသာအယာချကာ အထုတ်တထုတ်ထဲမှ ဦးထုပ်လိုတလုံးကိုဆွဲထုတ်လိုက်ပါသည်။ မြွေကြီးက မြေကြီးပေါ်တွင် အလျားလိုက် စင်းစင်းကြီးနေနေပါသည်။ ကျွန်တော်က မြွေကြီး လျှောကနဲထွက်သွားမှာကို စိုးနေသည်။ မြွေကြီးက မသွားပါ။ ငြိမ်မြဲငြိမ်နေပါသည်။  ကဲ တပည့်ရေ မြွေစာဖိုးလေး လိုက်ကောက်ချေကွာ၊ စေတနာသဒ္ဓါတရားရှေးရှူ့လို့ မြွေစာဖိုးလေးများ ထည့်ဝင်ကြပါခင်ဗျာ၊ ကုသိုလ်လည်းရပါတယ်၊ နတ်မြွေကြီးပါ၊ မြွေသူတော်ကောင်းကြီးပါ၊  မိတ်ဆွေတို့ မြွေစာဖိုးလေးထည့်ချိန်မှာ မပျင်းရအောင်ကျွန်တော်က ဖဲလက်လှည့်ပြပါမယ်ဟုဆိုပြီး ဆရာဝဏ္ဏက စားပွဲခုံပေါ်မှ ဖဲထုတ်ကိုယူကာ လေထဲတွင် လှလှပပ ကုလားဖန်ထိုးထိုးပြပါသည်။ အမြင့်ကြီးကို ဆွဲပြလိုက် အနီးပြန်ကပ်ပြီး အားလုံးတထပ်တည်းဖြစ်အောင်လုပ်ပြလိုက်နှင့် ဖဲချပ်များမှာ ငှက်တွေပျံနေသလို လေထဲတွင် ဝဲကနဲဝဲကနဲနေပါသည်။ ပရိတ်သတ်ကလည်း သဘောတွေကျကာ လက်ခုပ်တီးကြပါသည်။ တပည့်ရေ ဟိုနောက်မှာ ဆရာသမားတယောက်ကွ အိပ်နှိုက်နေတယ်၊ မြွေစာဖိုးထည့်မလို့နဲ့တူတယ် အလှူခံလိုက်ပါဦး၊ တပည့်ရေ ဒီရှေ့ကအမကြီးဆီကလည်း ယူလိုက်ပါဦးတွေလည်း မပြတ်အောင်ပြောသည်။

 

နောက်ပြကွက်တခုကတော့ ပိုဆန်းသည်။ ဆရာကဖဲထုတ်ကိုယူကာလက်ထဲတွင်ကုလားဖန်ထိုးပြီးနောက် ပရိတ်သတ်ထဲမှ လူကြီးတယောက်ဖက်လှည့်ကာ ဖဲတချပ်ယူခိုင်းပြီး သူမမြင်အောင်ကြည့်ပါ၊ ဘေးလူတွေကိုလည်း သူမမြင်အောင်ပြပြီး ဖဲပွင့်နှင့်နံပတ်ကိုမှတ်ထားပါဟုပြောပါသည်၊ ဟိုလူကြီးကလည်း ဆရာပြောသည့်အတိုင်း လုပ်ပါသည်။ ထို့နောက် ဖဲချပ်ကို ဆရာမတွေ့ရအောင် လက်ဖြင့်အုပ်ပြီး ဖဲထုတ်ထဲပြန်ထည့်ပါသည်။ ကျွန်တော်လည်း ဘာဖဲချပ်မှန်း ဘာနံပတ်မှန်းမသိပါ။ ဆရာလည်း မတွေ့ရပါ။ ထို့နောက်ဆရာက ဖဲထုတ်ကိုယူပြီး စားပွဲပေါ်တွင် ကုလားဖန်ထိုးလိုက် ဖဲဆွဲလိုက်ပြန်ထပ်လိုက် လေးငါးကြိမ်လုပ်ပါသည်။ သွားပြီပေါ့ ထိုဖဲချပ်လည်း ဘယ်နားရောက်လို့ ဘယ်ကြားညှပ်လို့ ညှပ်မှန်းမသိတော့ပြီပေါ့။ ထို့နောက်ဆရာက ထိုလူကြီးရှေ့ပြန်လာပြီး ဖဲကို ချိုးခိုင်းပါသည်။ ထိုလူကြီးက ဖဲထုတ်အလယ်တည့်တည့်မှ ချိုးချလိုက်သည်။ ထိုအခါ ဆရာက ဖဲထုတ်တဝက်ကို လက်တဘက်နှင့် ကိုင်ထားပြီး နောက်လက်တဘက်ကဖြင့် ကျန်တဝက်ကို အပွင့်တွေဘက်မှနေပြီး ထိုလူကြီးကိုပြလိုက်သည့်အခါ ထိုလူကြီးရော သူ့အနားမှလူတွေပါ ဟာကနဲဖြစ်ကုန်ကြသည်။ တယောက်က မိုက်လှချည်လားဟုပင် အသံထွက်သွားပါသည်။

 

ဆရာဝဏ္ဏကလည်း ဖဲမျက်လှည့်များ တခုပြီး တခုပြသည်။ ကြည့်လို့အတော်ကောင်းသည်။ ဘယ်လိုလုပ်မှန်း ကျွန်တော်မသိသော်လည်း သူ့လိုလုပ်တတ်ချင်လာသည်။ ငတင့်တောင် နည်းနည်းပါးပါးလုပ်တတ်နေတာပဲ ငါလည်းတနေ့တော့ တတ်ကိုတတ်ရမယ်၊ အရေးကြီးတာက ဆရာကသင်ပေးဖိ့ပဲ။ ဆရာသင်ပေးအောင်လည်း ငါက ငတင့်လိုနေမှဖြစ်မယ်ဟု တွေးမိပါသည်။ ဟုတ်သည်။ ကျွန်တော် ငတင့်လိုနေမှဖြစ်မည်။ 

 

ငတင့်မြွေစာဖိုး လိုက်ကောက်သည်မှာ ဝိုင်းတပတ်ပြည့်သွားသည်။ ပက်လက်လှန်ထားသည့် ဦးထုပ်ထဲတွင်လည်း ပိုက်ဆံတွေမနည်း။ ငတင့်လက်ထဲမှဦးထုပ်ကိုလှမ်းယူပြီး အထဲက ပိုက်ဆံတချို့ကို လက်ဖြင့်ဆုပ်ယူပြီး မြွေကြီး၏ ခေါင်းကို ပိုက်ဆံတွေနှင့် ပုတ်ပေးသပ်ပေးပါသည်။ ထိုနောက် ဦးထုပ်ပြန်ပေးကာ တပည့်ရေ တပတ်လောက် ထပ်လှည့်လိုက်ပါဦးကွာ စေတနာရှိတဲ့လူတွေ မနည်းဘူးကျန်နေသေးတယ်ဟုပြောပါသည်။ သည်တကြိမ်တွင် ငတင့်ငွေကောက်ပုံ အလှူခံပုံပုံမှာ နည်းနည်း ရဲတင်းသည်ဟုကျွန်တော်ထင်ပါသည်။ ရိုင်းသည်ဟုလည်း တွေးမိပါသည်။ ပေးချင်မှန်းမသိ မပေးချင်မှန်းမသိ လူတွေကြားအတင်းတိုးပြီး လူတွေ ရင်ဘတ်ရှေ့မျက်နှာရှေ့တွေကို ဦးထုပ်ဖြင့် ထိုးထိုးခံသည်။ ပါးစပ်ကလည်း မြွေစာဖိုးလေးပါခင်ဗျ မြွေစာဖိုးလေးပါခင်ဗျနှင့် ပြောသေးသည်။ လူတွေက ပေးရန်စိတ်ကူးမရှိသော်လည်း မျက်နှာရှေ့အတင်းလာထိုးခံနေသဖြင့် အားနာနာနှင့် ထည့်ကြသည်။ ခတ်ရှက်ရှက်ဖြင့် ထည့်ကြသည်။ 

 

ကျွန်တော့်ကို ငတင့်လိုလုပ်ခိုင်းလျှင် ခက်မည်။ ကျွန်တော် ထိုသို့မလုပ်ချင်။ မပေးချင်မှန်းမသိ ပေးချင်မှန်းမသိ ဇွတ်တောင်းနေတာဖြစ်သည်။ လူတွေကို အားနာသည်။ သို့သော် ကျွန်တော့်ရွေးချယ်မှုအရ ကျွန်တော့်ဘာသာ ဆရာဝဏ္ဏနောက်လိုက်ခဲ့တာ မဟုတ်လား။ အဖေတို့အမေတို့ကို ထားခဲ့တာမဟုတ်လား။ နောက်ပြန်လှည့်လို့ကလည်း မဖြစ်တော့ပြီမဟုတ်လား။ ကျွန်တော်ကြုံချင်သည့် အတွေ့အကြုံအသစ်တွေ အဆန်းတွေကြုံဖို့၊  နေရာဒေသတွေ ရောက်ဖို့လိုသည် မဟုတ်လား။ ကျွန်တော် စိတ်ကိုဒုံးဒုံးချလိုက်ပါသည်။ ကိုယ့်ကိုယ်ကိုယ်ရဲဆေးလည်း တင်လိုက် ပါသည်။ ကျွန်တော် ငတင့်လုပ်တာတွေအကုန်မှတ်ထားမည်။ စကားပြောတာကအစ ငတင့်လိုပြောမည်။ ဟုတ်သည် ကျွန်တော် ငတင့်လိုနေမည်။ 

(ဆက်ပါဦးမည်)