Friday, February 3, 2023

ကညွှတ်ကွင်းအိမ်ပြေး ၁၃

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၁၃)

 

အဖေက မနက်ပိုင်း ကွန်ပစ်တဲ့နေ့ ပိုက်ချတဲ့နေ့ဆို နို့ညှစ်နောက်ကျတယ်ကွ၊ နွားလေးတွေလည်း မနက်စာ နည်းနည်းပါးပါးစို့ပေ့စေဆိုပြီး ထားလိုက်တယ်၊ သူတို့စို့လို့လည်း နို့အထွက်က ဘယ်လောက်မှ ကျမသွားဘူးဟု ပြောပါသည်။ နို့ညှစ် နောက်ကျပေမယ့် နို့ကတော့ ဘယ်အချိန်ညှစ်ညှစ်ကုန်တာပဲ၊ ပုံမှန်ဖောက်သည်ရှိတယ်လေဟု ပြောပါသည်။ သူတို့က လာဝယ်တာလားအဖေဟုမေးတော့ မဟုတ်ဘူး မင်းအမေ ရွာထဲသွားပို့ရတာ။ အဲ့လိုပို့ရင်း တခါတလေ အသီးအနှံလေးတွေ ကုန်စိမ်းဒိုင်ကယူပြီး ရွာထဲသွားရောင်းတာလေဟုပြောတော့ ဪ..ဒါ့ကြောင့်ကိုးဟု တွေးမိပါသည်။  အမေခ နေ့လည်ဘက်ဈေးတွင် အသီးအနှံ ဟင်းရွက်စုံရောင်းသည်မှာ နေ့လည်ပိုင်းဖြစ်ပြီး ကျွန်တော်နှင့်တွေ့ခဲ့သည်မှာ မွန်းတိမ်းစဖြစ်ပါသည်။

 

ထို့နောက် အဖေ နို့ညှစ်ဖို့ပြင်ပါသည်။ ဘာမှ ခဲခဲယဉ်းယဉ်းမဟုတ်ပါ။ နို့ထည့်ရန် ပြောင်ချောပြီးလက်နေသည့် ဘာလီပုံးကြီးတလုံး၊ နို့အုံနှင့် လက်ရေဆွတ်ရန် ရေ ဘာလီပုံးသေးတပုံး ဒါပဲဖြစ်သည်။ အဖေသည် နွားမကြီး တကောင်ကို အရင်ဆုံးဆွဲထုတ်လာကာ ရေတွင်းနှင့်မလှမ်းမကမ်းက ခရေပင်လေးအောက်က တိုင်တွင်ချည်သည်။ နွားမကြီးချည်တိုင်နှင့် တလံလောက်တွင် နွားကလေးကိုပါ ချည်ထားလိုက်သည်။ ထို့နောက် ခြေဖျားထောက် ဒူးထောင်ထိုင်ချလိုက်ပြီး ဒူးနှစ်လုံးကြားတွင် နို့ပုံးကိုခွ၍ နွားမကြီးနို့အုံအား ရေတဖျန်းဖျန်းရိုက်ပါသည်။ နို့သီးခေါင်းတွေနှင့် နို့အုံကြီးအားရေဆေးပါသည်။ အဖေထိုင်နေပုံမှာ ဆောင့်ကြောင့်ထိုင်နေတာမဟုတ်သဖြင့် ကြာကြာထိုင်နိုင်မည့်ပုံမပေါ်ပါ။

 

အဖေက ဒီမှာကြည့်ဟုပြောပြီး လက်နှစ်ဘက်ဖြင့် နို့သီးတံများကို အရင်းမှဆွဲကာဆွဲကာ ညှစ်ချလိုက်တော့ နွားနို့ဖြူဖြူဖွေးဖွေးတွေ ရှူးကနဲပန်းထွက်လာကာရေပုံးထဲအရှိန်ဖြင့်ကျပါသည်။ ပုံးနှင့် နွားနို့ထိသံမှာ အစပိုင်း၌ တဗျင်းဗျင်းမြည်သော်လည်း ပုံးထဲ နွားနို့တွေများလာသည့်အခါ ဖြူးဖြူးဖြူးဖြူးနှင့်နေပါသည်။ အမြှုတ်များလည်း တက်ပါသည်။ အဖေသည် နို့သီးတံတွေကိုညှစ်လိုက် နို့အုံကြီးကို လက်မလက်ညှိုးကွင်းထားသည့်နေရာနှင့်  သာသာပင့်ရိုက်လိုက် လက်ရေဆွတ်လိုက်နှင့် တောက်လျှောက် ညှစ်ညှစ်ချနေပါသည်။ ပုံးထဲလည်း နွားနို့တွေ များများလာပါသည်။ ထိုအချိန်တွင် နွားကလေးမှာ နို့စို့ချင်၍လားမပြောတတ်ပါ ချည်တိုင်မှရုန်းရင်း တပဲပဲ အော်ပါသည်။ 

 

အဖေက ခဏနေတော့ နွားကလေးကိုချည်တိုင်မှဖြုတ်ပြီး လွှတ်ပေးလိုက်ပါသည်။ နွားကလေးက အမေရှိရာပြေးပြီး ပေါင်ခြံကြားထဲခေါင်းတိုးကာ အမေ့နို့အုံကြီးကို ခေါင်းဖြင့် တွန်းတွန်းဆောင့်လိုက် နိုးသီးခေါင်းတွေကို တပြွတ်ပြွတ်စုပ်လိုက်နှင့်နေပါသည်။ ခဏနေတော့ အဖေက နွားကလေးကို ချည်တိုင်မှာပြန်ချည်ပြီး နို့ဆက်ညှစ် ပါသည်။ နွားကလေးက နို့ဝဟန်မတူပါ။ ချည်တိုင်မှနေ၍ မျက်လုံးနက်နက် မျက်တောင်ကော့ကော့လေးတွေနှင့် သူ့အမေကိုကြည်ကာ တစာစာအော်ပါသည်။ ကျွန်တော်က နို့မဝတဝဖြစ်နေသည့် နွားကလေးကို သနားနေမိပါသည်။ အဖေက အဲ့လိုမှမလုပ်ရင် နွားမက နို့ချမပေးဘူးဟုပြောပါသည်။ နို့ချပေးသည်ဆိုသည်ကို ကျွန်တော် နားလည်သလိုလို ရှိပါသည်။

 

တကောင်ပြီးတော့ နောက်တကောင်ကိုလည်း ထိုနည်းအတိုင်းညှစ်ပါသည်။ ထို့နောက် နွားနို့များထဲ ရေအတန်အသင့်ရောကာ ကုလားပုံးတွေထဲထည့်ပါသည်။ ကုလားပုံးဆိုသည်မှာ ကျွန်တော်တို့လမ်းထိပ် နို့ဒိုင်မှ နို့ကုလားကြီးတွေသုံးသည့် အဖုံးအဖွင့်အပိတ်ပါသော နှစ်ဘက်လက်ကိုင်ကွင်းနှင့်ပုံးတွေဖြစ်ပါသည်။ အဖေ့ပုံးမှာ ထိုကုလားကြီးတွေပုံးလောက် မကြီးပါ။ ကျွန်တော့်တို့က နွားနို့ဗုံးဟုအသံထွက်သော်လည်း  အဖေက နွားနို့ပုံးဟု အသံထွက်တာကို ကျွန်တော်သတိထားမိပါသည်။ ကျွန်တော်မေးတော့ ဗုံးလို့ထွက်ရင် ဟို...ပစ်တဲ့ဗုံးတွေနဲ့ ရောကုန်မှာ စိုးလို့နဲ့တူတယ် လူလေးရဟုပြောပြီး ရယ်နေပါသည်။

 

အဖေ ကျွန်တော်တို့ကြားဖူးတာ နွားနို့ရေထိုးတယ်ဆိုတာ အမှန်ပဲပေါ့ဟုပြောတော့ အေးပေါ့ လူလေးရ လက်ဆေးရေလောက် နည်းနည်းတော့ထိုးရတာပဲ၊ နို့မဟုတ်ရင် သိတ်ပျစ်နေမှာဟု မရေမရာဖြေပါသည်။ နို့ပျစ်တာ ပိုမကောင်းဘူးလားဟု ကျွန်တော့်ဘာသာ တွေးမိပါသေးသည်။ အဖေ့တော့ မမေးဖြစ်ပါ။ 

 

အိမ်တွင် အမေက မနက်တိုင်း လမ်းထိပ်ကနွားနို့ဝယ်ကာ ပျစ်နေအောင်ကျိုပြီး လဘက်ရည်ဖျော်ပါသည်။ တခါတလေလည်း နွားနို့ဝယ်ပြီး မလိုင်ကျိုတာဘာတာ လုပ်ပါသည်။ ကျွန်တော်တို့နေမကောင်းလျှင် နို့ဆန်ပြုတ်လည်း လုပ်တိုက်တတ်သည်။ အီးဒ့်နေ့လို နေ့မျိုးဆိုလျှင် နို့တွေကို ပျစ်နေအောင်ကျိုပြီး စမိုင်လုပ်တာကို သတိရမိတော့ ဝမ်းနည်းသလိုလို ဘာလိုလို ဖြစ်မိလိုက်ပါသေးသည်။

0 comments:

Post a Comment