Tuesday, February 21, 2023

ကညွှတ်ကွင်းအိမ်ပြေး ၃၉

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၃၉)

နေလေးနည်းနည်းစောင်းတော့ ဆရာဝဏ္ဏပြန်ရောက်လာပါသည်။ လက်ထဲတွင် အထုတ်တချို့လည်းပါပါသည်။ ဘာတွေမှန်းတော့မသိပါ။ ထိုအချိန်တွင် ဆရာဝဏ္ဏမှာ အပေါ်အဖြူအောက်အဖြူ ခေါင်းလောင်းဘောင်းဘီ၊ ရှူးဖိနပ်တွေနှင့်မဟုတ်ပါ။ ရိုးရိုး သူလိုငါလိုဝတ်ထားပါသည်။  ကျွန်တော့်ကိုပြုံးပြီး ဘယ်နှယ်လဲ ငတင့်နဲ့ဘော်ဒါ ဖြစ်နေပြီလားဟုမေးပါသည်။ ငတင့်ရေ အပြန်ကျအပြန်စရိတ်လေးကျေအောင် ပဲခူးတပွဲ ၂ ၊ လှည်းကူး ၂ပွဲ၊ ကွန်းကလေးတပွဲပြကြတာပေါ့ ဟုပြောပါသည်။ ကျွန်တော်က ငတင့်ကို အဲ့မြို့တွေကျတော့ရော ဘယ်မှာတည်းလဲဟု မေးတော့ ဆရာက မင်းက အိပ်ရေးအတွက်ပူနေတာကိုးကွ။ မပူနဲ့ ငါ့အသိတွေ ရှိတယ်။ အိပ်ခနည်းနည်းပါးပါးပေးပြီး အိပ်လိုက်ရုံပဲ၊ တခါတလေလည်း ဘုန်းကြီးကျောင်း ဝင်အိပ်ပေါ့ကွာ၊ စားတာကတော့ အပြင်ထွက်စားပေါ့ကွာဟု ပြောရင်း အထုတ်တွေကို ဖောက်ပါသည်။ အရက်ပုလင်းပြား လေးတလုံးထွက်လာပါသည်။ အဖေဦးဖိုးထောင် ပြောသည့် ဝရမ်ဖြစ်ပါသည်။ အာမီဝရမ်တော့ မဟုတ်ပါ။ ထမိန်ပိတ်စလိုလို တစလည်းတွေ့ပါသည်။ အသားစိမ်းအစိတ်သားခန့် အထုတ်တထုတ်ပါလာရာ ရော့...ငတင့်ဟုပြောပြီး ပစ်ပေးပါသည်။ ငတင့်ကယူပြီး ကျွန်တော့်ကို မြွေစာသွားကျွေးမယ် ကြည့်မလားဟုမေးပါသည်။ ကျွန်တော် တခါမှ မြွေစာကျွေးတာမမြင်ဖူးပါ။ စိတ်လည်း အတော်လှုပ်ရှားသွားပါသည်။ အေးကြည်မယ်ဟုပြောပြီး အောက်ဆင်းလိုက်လာပါသည်။ ထင်းရှူးသား အသားထူထူဖြင့်လုပ်ထားသည့်သေတ္တာကို သော့ခတ်ထားပါသည်။ သော့ကိုဖွင့်လိုက်တော့ စပါးအုံးမြွေကြီးက လွန့်ပါသည်။ လျှာလေး တစ်လစ်တစ်လစ်လုပ်ကာ ခေါင်းထောင်လာပါသည်။ သေတ္တာနှင့်မြွေမှာ သိတ်ကြီးတော့ ကျပ်မနေပါ။ ချောင်ချောင်ချိချိရှိပါသည်။ ငတင့်မြင်တော့ မြွေကြီးက မှတ်မိသလားမသိပါ စူးစိုက်ပြီးကြည့်နေသည်။ 

 

ငတင့်က မြွေကြီး၏ခေါင်းကိုသုံးလေးချက် ကိုယ်ကို အလျားလိုက်သုံးလေးချက် ပွတ်ပေးပါသည်။ မြွေကြီးက အပြင်ထွက်ရန်လုပ်ရာ ငတင့်က ပြန်ခွေခွေသွင်းရင်း လွှတ်ပေးလိုက်ရင်တော့ မလွယ်ဘူးကွ၊ လစ်မှာပဲဟုပြောပါသည်။ ထို့နောက်မြွေကြီး၏ ခေါင်းကို လက်တဘက်ဖြင့်ကိုင်ကာ ပါးစပ်ကိုဖြဲပါသည်။ သိတ်ခဲခဲယဉ်းယဉ်းမဖြဲရပါ။ မြွေကြီးက ဟပေးပါသည်။ ထိုအခါ ငတင့်က အမဲသားတထုတ်လုံးကိုဖောက်ပြီး မြွေကြီးပါးစပ်ထဲ လုံးထွေးသွင်းကာ တုတ်ချောင်းဖြင့် အသာအယာထိုးထိုးထည့်ပါသည်။ အမဲသားတွေအားလုံး မြွေကြီး၏ လည်ပင်းထဲရောက်တေ့ မြွေကြီးကို သေတ္တာထဲအလိုက်သင့် ပြန်သွင်းပါသည်။ 

 

ရေမတိုက်ရဘူးလားဟုမေးတော့ ရေက သုံးလေးရက်မှ တခါတိုက်ရတာကွဟု ပြောပါသည်။ ရေကိုဘယ်လိုတိုက်မှန်း ကျွန်တော် သိချင်နေပါသည်။ အထဲမှာ အမြဲခွေနေတော့ ညောင်းနေမှာပေါ့။ အညောင်းပြေအညာပြေ လွှတ်မပေး ဘူးလားဟုမေးရာ ဆရာတို့အိမ်မှာ အုတ်ကန်ရှိတယ်ကွ၊ အိမ်ရောက်ရင် အဲ့အုတ်ကန်ထဲ ထည့်ထားတာ၊ အပြင် လွှတ်ပေးလိုက်ရင်တော့ လစ်သွားမှာပေါ့ကွဟု ပြောပါသည်။ အဲ့ဒါ ဆရာ့မြွေလားဟုကျွန်တော်မေးတော့ ဘယ်ကလာ။ ငှားထားတာကွ ဆရာအောင်ကျော်မိုးဆီက၊ သူ့ပြကွက်တွေထဲမှာ မြွေမပါရင် ဆရာဝဏ္ဏတို့ကို ငှားတာဟုပြောပါသည်။ ဆရာဝဏ္ဏတို့ကိုဟုပြောသဖြင့် တယောက်မကကို ငှားတာဖြစ်မည်ဟုထင်ပါသည်။ အို...နောက်တော့ ငါလည်းသိလာမှာ ပဲဟု တွေးမိပြီး ဆက်မမေးတော့ပါ။ ကျွန်တော့်လည်း ပထမဆုံးနေ့တွင်ရသည့် အတွေ့အကြုံသစ်ကြောင့် ပျော်နေပါသည်။ 

 

အပေါ်ပြန်ရောက်တော့ ဆရာဝဏ္ဏက အရက်သောက်နေတာတွေ့ရပါသည်။ ကျွန့်တော့်ကို လာစမ်းပါဦးကွ မင်းအကြောင်းတွေပြောပြပါဦးဟု အနားခေါ်ပါသည်။ ကျွန်တော့်တွင်ပြောပြစရာမရှိတော့ကြောင်းပြောပြတော့ မင်းသူငယ်ချင်းတွေအကြောင်းပြောကွာဟု ဆိုပါသည်။ ဒါနှင့် သူငယ်ချင်းသုံးလေးယောက်အကြောင်းပြောပြတော့ နားထောင်ပြီး မင်းက ဘာလို့ကျောင်းမနေချင်ရတာလဲဟု မေးပါသည်။ ကျွန်တော်က ကျောင်းမနေချင်တာ မဟုတ်ကြောင်း၊ သို့သော် ကျောင်းတွင် စာသင်ရတာကို မပျော်ကြောင်း၊ ခုလို အပြင်ထွက်ပြီး နေရတာကို ပျော်ကြောင်းပြောတော့ အော...မင်းက လောကကြီးထဲက သင်ချင်တာပေါ့ဟုတ်လား။ ဘဝကျောင်းပေါ့ဟု ပြောရင်းရယ်ပါသည်။ 

 

ငါတို့က ကျောင်းနေချင်တာကွ၊ မနေခဲ့ရဘူး၊ ၄ တန်းနဲ့ထွက်ရတာ၊ ငါ့အဖေလည်း မျက်လှည့် သမားပဲ၊ ငါလည်း ငယ်ငယ်လေးထဲက မျက်လှည့်နောက်လိုက်ပဲ၊ နောက်တော့ လက်ထောက်ဖြစ်၊ ခုတော့ ကိုယ့်ဝိုင်း ကိုယ်ထောင်နိုင်တဲ့ ဆရာဖြစ်လာတာကွ၊ လောကကြီးထဲက မသင်နဲ့၊ မင်းဘာမှမတတ်ဘူး၊ လောကကြီးဆိုတာ ဒီလိုပဲ လိမ်ညာလှည့်စားပြီး တယောက်ကိုတယောက်အသုံးချပြီး ရှင်သန်နေကြရတာကွ၊ သင်စရာဆိုလို့ လိမ်တာ လှည့်တာရယ် အသုံးချတာရယ် ဒါပဲရှိတယ်ကွ၊ ကျောင်းသာပြန်တက်ပါကွာ၊ ပညာတတ်တော့ အလုပ်ကောင်းကောင်း ရတာပေါ့၊ မပင်ပန်းဘူးပေါ့၊ ငါတို့ဆို လူတွေကို တောက်လျှောက်လိမ်လာတာပဲ၊ မျက်လှည့်ဆိုတာလည်း လူတွေကို လှည့်စားတာပဲ။ အတတ်ပညာ လို့တော့ ပြောလို့ရတာပေါ့ကွာ။ ဒါပေမယ့် ဒီအတတ်ပညာက ကျောင်းကသင်တဲ့ ပညာလိုတော့ ဂုဏ်မရှိဘူးပေါ့ကွာ။ လမ်းဘေးမှာပဲအချိန်ကုန်တာပဲ၊ နိုင်ငံခြားတွေမှာတော့ မျက်လှည့်ဆရာတွေ ချမ်းသာတယ်ပြောတာကြားဖူးတာပဲ၊ တို့ဆီမှာတော့ လမ်းဘေးမှာ အချိန်ကုန်တာပဲ၊ ဘယ်သူကမှလည်း အထင်မကြီးဘူး၊ ပညာရှင်လို့မသတ်မှတ်တဲ့အပြင် လူလိမ်တွေလို့ပါထင်တာကွ၊  မမိုက်ပါဘူးကွာဟု အရက်ကလေးသောက်လိုက် အမဲကြော်လေး ကောက်ဝါးလိုက်နှင့် စကားတွေအရှည်ကြီး ပြောပါသည်။ သူပြောတာတွေ ကျွန်တော် အကုန်နားမလည်သော်လည်း သူ့အပြောကို သဘောကျသလိုလိုတော့ ရှိပါသည်။ 

(ဆက်ပါဦးမည်)

0 comments:

Post a Comment