Monday, February 13, 2023

ကညွှတ်ကွင်းအိမ်ပြေး ၂၉

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၂၉)

တော့်သားက ငါးဖမ်းချင်တယ်  ပြောနေတယ်။ ငါးမျှားတန်လေး ဆင်ပေးလိုက်ဦးဟုအမေကပြောတော့ ငါက ကိုင်းထောက်ခိုင်းမလားတွေးနေတာဟု အဖေကပြန်ပြောပါသည်။ အံမယ်လေးတော် မျှော့တွေဘာတွေနဲ့၊ ငါးကျည်းစူးလည်း မခက်ပါလား၊ ငါးပဲမျှားပါစေ၊ သူလည်း အပျင်းပြေပေါ့ဟု ဇွတ်ပြောပါသည်။ အဖေက အေးအေးဟုပြောကာ ကျပ်ခိုးစင်ပေါ်မှ ငါးမျှားတန်တချောင်းကို ဖြည်းဖြည်းဆွဲထုတ်လာသည်။ ထို့နောက်ကြိုးတွေဆင် ငါးမျှားချိတ်တွေချိတ် ခဲသီးလေးတွယ် ဖော့တွေတပ်လုပ်ပါသည်။ ဖော့မှာ ဒေါင်းတောင်ဖြစ်ပါသည်။  သား ငါးမျှားချိတ်ကို ဒဗလယ်တပ်လိုက်ရမလားဟု မေးပါသည်။ အဖေပြောသည့် ဒဗလယ်ကို ကိုထွေးမောင်ကြီးလည်း ပြောပါသည်။ အမှန်က နှစ်ချောင်းတွဲ Double ကို ပြောခြင်းဖြစ်ပါသည်။ ကျွန်တော်လည်း ဒဗလယ်ပဲလုပ်ပေး အဖေဟုပြောလိုက် ပါသည်။ အဝတ်ဖြင့်ပွတ်ချလိုက်သည့် အခါ  ငါးမျှားတန်မှာ မှိုင်းဝသဖြင့် ညို့မှောင်ပြီး ပြောင်ဝင်းနေပါသည်။ အဖျားကလည်း အနေတော်လေး ကွေးကွေးညွှတ်ညွှတ်ဖြစ်ပါသည်။ လက်ထဲ ဆကြည့်ရာ စီးနေပါသည်။

 

တီ ဘယ်နေရာတူးရမလဲအဖေဟုမေးတော့ အဖေတူးပေးရမလား လူလေး၊ ရေကပြင်နားပဲတူးရမှာဟုပြောသဖြင့် နေနေ အဖေ ကျွန်တော့ဘာသာတူးမယ်ဆိုကာ တီတူးပြီး နို့ဆီခွက်ထဲထည့်ပါသည်။ တီလေးတွေမှာ နုပြီး နီနီထွေးထွေး လေးတွေဖြစ်ပါသည်။ ကျွန်တော်ကန်စပ်ရောက်ပြီး ထိုင်ရမည့်နေရာရွေးရင်း ကန်ကိုကြည့်မိပါသည်။ ဘယ်လောက် နက်မှန်းမသိသော်လည်း ကန်အကျယ်မှာ ပေ ၂၀၊ ပေ ၃၀ ခန့်ရှိမည်ထင်ပါသည်။ ကန်အစပ်တွင် ကနဖော့၊ ကန်စွန်း၊ ဉာဏ်၊ ကညှို့ များတောထနေပါသည်။ ကန်လယ်တွင် တချက်တချက် ငါးပွက်တာမြင်ရပါသည်။

 

ငါးမျှားချိတ်တီတပ်နေတုန်း အဖေရောက်ချလာပါသည်။ လူလေး ဒီနေရာက ပိုကောင်းတယ်ဆိုကာ ဖင်ထိုင်ခုံလေး ချပေးပါသည်။ ဂျလောင်လေးချတာမြင်တော့မှ ဪ..ငါ ငါးမျှားသာထွက်လာတာ ထည့်စရာမေ့လာခဲ့ပါလားဟု တွေးကာ အဖေ့ကိုကျေးဇူးတင်မိပါသည်။ ထိုင်ရမည့်နေရာတွေကမြေမှာ စိုပြီးပျော့နေသဖြင့် ဒီအတိုင်းထိုင်၍မရပါ။ အဖေ ဖင်ထိုင်ခုံလေးယူလာလို့ တော်ပါသေးသည်။

 

ထို့နောက် တီတပ်ကာ ရေလယ်လောက်မရောက်တရောက်ကို ကြိုးပစ်လိုက်ပါသည်။ ပလုံကနဲ ခဲသီးကျသံလေး မြည်ကာ ခဲဆွဲအားကြောင့် ဖော့လေးမှာထောင်နေပါသည်။ လေမတိုက်သဖြင့် ကန်ရေလည်းငြိမ်နေပါသည်။ တအောင့်လောက်ပဲကြာသည်။ ငါး လာတွတ်ပါသည်။ ဖော့လေး နိမ့်တုံမြင့်တုံဖြစ်နေရာမှ တချက်တည်း ဆွဲချသွားတော့ ကျွန်တော် ငါးမျှားတန်ကို သုတ်လိုက်ပါသည်။ ငါးဖမ်းမကြီးတကောင် တန်းလန်းတန်းလန်းနှင့် ပါလာပါသည်။ အဖေကဖြုတ်ပေးပြီး နောက်တခါမျှားရန်တီပါတပ်ပေးပါသည်။ ကျွန်တော် မကြိုက်ပါ။ ကိုယ့်ဘာသာကိုယ် ငါးဖြုတ်တာ တီတပ်တာလုပ်ချင်ပါသည်။ အဖေ့ နေနေ ဘာမှမလုပ်နဲ့ ကျွန်တော်လုပ်မယ် လုပ်တတ်တယ်ဟုပြောတော့ အေးအေး..လူလေး ငါကျည်းဆိုရင်တော့ သတိထားနော်ဟုဆိုကာ လှည့်ကြည့်လှည့်ကြည့်နှင့် တဲဆီပြန်သွားပါသည်။ ကျွဲငါးဇင်ရိုင်းကြီးတွေ ချိတ်မိသလို ငါးမြွေထိုးတကောင်လည်းရပါသည်။ ကျွန်တော်လည်း တယောက်တည်း ကိုယ့်လက်ကိုယ့်ခြေ လုပ်ရတာကတကြောင်း ငါးအမိများတာကတကြောင်းတို့ကြောင့် အတော်လေးပျော်ပါသည်။ ဘာကိုမှ သတိမရပါ။ အားလုံးကိုမေ့နေပါသည်။ 

 

ငါးအကောင် နှစ်ဆယ်လောက်ရတော့ ကျွန်တော် အမျှားရပ်ပြီး ဂျလောင်လေးကို ရေထဲမှဆွဲတင်ပါသည်။ ငါးခူတကောင်ကို ကျွဲမျှော့ကြီးတွယ်နေတာ တွေ့ရပါသည်။  ငါးခူကြီးမှာ အသားတွေ အကွက်လိုအကွက်လိုက် ကွာကျနေပါသည်။ ရေအလွတ်ထဲတွင် ငါးကို မျှော့ဘယ်လိုမှတွယ်မရ သော်လည်း ခုလိုဂျလောင်သေးသေးလေးထဲတွင် ငါးမှာ မလှုပ်သာသဖြင့် မျှော့အတွယ်ခံရခြင်းဖြစ်နိုင်ပါသည်။ ကျွန်တော်လည်း တခါမှမမြင်ဖူးသဖြင့် အံ့ဩနေပါသည်။ ဂျလောင်ထဲကနေ ငါးခူကိုထုတ်ယူတော့ မျှော့တွယ်လျက်သား ပါလာပါသည်။ ကျွန်တော်မျှော့ကို မဖြုတ်ရဲပါ။ ရွံလည်းရွံပါသည်။ ဒါနှင့် အဖေအဖေဟု လှမ်းအော်တော် အဖေအပြေးအလွှား ထွက်ချလာပါသည်။ ကျွန်တော့်လက်ထဲက မျှော့တွယ်လျှက်သား ငါးခူကိုမြင်တော့ ဘေးက ဉာဏ်ကိုင်းတကိုင်းချိုကာ အလက်လေးတွေ သပ်ချလိုက်ပါသည်။ ပြီးတော့မှ တွယ်နေသည့်မျှော့ကိုဖြုတ်ကာ ခုနချိုးလိုက်သည့် ဉာဏ်ကိုင်းလေးဖြင့် မျှော့၏ထိပ်မှနေ၍ပြောင်းပြန်လှန်ထိုးလိုက်ပြီး နေပူထဲပစ်ချလိုက်ပါသည်။ ဒီကေင် သူ့ဘာသာသေသွားလိမ့်မယ် လာသားဟုခေါ်ကာ တဲထဲပြန်ဝင်လာခဲ့ကြပါသည်။ စုစုပေါင်း ကျွန်တော် ငါးမျှားချိန်မှာ တနာရီကျော်ကျော်လောက်ပဲကြာပါသည်။

 

အမေက လှဲနေရာမှထပြီး အမယ် ငါ့သားက ဘယ်ဆိုးလို့တုန်း။ ခဏလေးနဲ့ ငါးတွေအများကြီးရလာတယ်။ နင့်အဖေဖမ်းလာတာတွေတောင် မကုန်သေးဘူး။ ကိစ္စမရှိဘူး။ နေခြောက်လေးလှမ်းထားလိုက်မယ်ဆိုကာ ငါးကိုင်ပါသည်။ ဆားဆနွင်းနယ်ကာ သီတံတွင်ထိုးပြီး ကြိုးတန်းလန်းနှင့် ဝါးလုံးရှည်တွင်ချိတ်ကာ နေပြပါသည်။ သီတန် ၃ တန်လောက်ရပါသည်။ ကျနော် တော်တော်လေးကိုပျော်နေပါသည်။ ငါးမျှားတံကို တဲအပြင်တွင် ထောင်ထားပြီး အဖေ နောက်နေ့လည်းမျှားမယ်နော်ဟုပြောတော့ အေး..အေး လူလေးဟုပြောပါသည်။

0 comments:

Post a Comment