Saturday, February 25, 2023

ဘာလို့ ရွေးကောက်ပွဲဝင်ဖို့/မဝင်ဖို့ လိုလားခဲ့တာလဲ

0 comments

"ဘာလို့ ရွေးကောက်ပွဲဝင်ဖို့/မဝင်ဖို့ လိုလားခဲ့တာလဲ"

၁၉၉၀ ပြည့် ရွေးကောက်ပွဲလုပ်တဲ့အချိန်က ကျွန်တော်ထောင်ထဲရောက်နေပါပြီ။ ၄၈၂၈ အမှုတွဲပေမယ့် NLD အဖြစ်နဲ့ရှိနေတုန်းပါပဲ။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ထောင်ထဲကနေပြီး NLD အနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ လိုလားတောင်းဆိုခဲ့ပါတယ်။

ဗိုလ်စောမောင်စစ်အုပ်စုက လုပ်ပေးတာမှန်ပေမယ့် "အာဏာသုံးရပ်လုံးရနိုင်ခြေရှိမှု" အောက်ကနေဝင်ရမှာဆိုတော့ ဝင်ဖို့လိုလားတာပါ။ နောက်တချက်က ၁၉၈၈ အရေးတော်ပုံစိတ်ဓာတ်ကလည်း သွေးနွေးနေတုန်းဖြစ်သလို လူထုရဲ့ပါဝင်နိုင်အားကလည်း အံ့မခန်းဖြစ်နေတာပါ။ တိုင်းပြည်ဟာ NLD နောက်လိုက်ဖို့ အသင့်ဖြစ်နေချိန်ပါ။

ရွေးကောက်ပွဲဝင်ရင် နိုင်နိုင်တယ်ဆိုတာလည်း အများနည်းတူတွက်မိပါတယ်။ ဗိုလ်စောမောင်ရဲ့ "ရွေးကောက်ပွဲလုပ်ပေးပြီး အနိုင်ရပါတီကို အာဏာအပ်ပြီးရင် စစ်တန်းလျားပြန်မယ်"ဆိုတဲ့ ပြောစကားအပေါ်လည်း တစုံတရာ မျှော်လင့်ချက်ရှိတာ ဝန်ခံပါပါတယ်။ ရွေးကောက်ပွဲနိုင် အာဏာအပ်ပြီး အစိုးရဖွဲ့ပြီးရင် လွတ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လည်းရှိနေခဲ့ပါတယ်။

အကယ်၍ အာဏာမအပ်ခဲ့ရင်တောင် ၈၈ သွေးနွေးနေတုန်းမို့ ကိုယ့်ဘာသာကိုယ်လွှတ်တော်ခေါ် အစိုးရဖွဲပြီး အာဏာမအပ်အပ်အောင် အကျပ်ကိုင်နိုင်လိမ့်မယ်လို့ တွေးမိတာလည်းပါပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်အပါအဝင် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံးလိုလို အဲ့သလိုတွေးခဲ့ကြတာပါ။

လက်တွေ့မှာ ထင်သလို တွေးသလို တွက်မိသလို ဘာမှမဖြစ်ခဲ့ပါဘူး။ ဗိုလ်စောမောင်လည်း "သူ့ စစ်အုပ်စု"ကို မယ်မယ်ရရဖွဲ့ခွင့်ရမသွားခဲ့ပါဘူး။ အချိန်တိုလေးအတွင်း ဗိုလ်သန်းရွှေစစ်အုပ်စုက စီးမိသွားပါတယ်။ ၉၀ ရွေးကောက်ခံအမတ်တွေလည်း ထောင်ထဲရောက်သူရောက် တောထဲရောက်သူရောက် စစ်အုပ်စုနဲ့ရေလိုက်ငါးလိုက်နေသူလည်း နေသွားပါတယ်။

နောက်တော့ ဘာတွေဆက်ဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့က ထောင်ထဲမှာဆိုတော့ အပြင်ကလူတွေလို အပြင်ကလူတွေလောက် သတင်းအချက်အလက်တွေမရပေမယ့် အခြေအနေတွေကို တတ်နိုင်သမျှ မျက်ခြေမပြတ်အောင်တော့ လုပ်ရပါတယ်။ BBC, VOA နဲ့ နောက်ပိုင်းမှာပေါ်လာတဲ့ DVB, RFA တို့ကိုပဲ အားကိုးရတာပါ။ တောထဲကသတင်းတွေကိုတော့ ဘာမှ မယ်မယ်ရရ တိတိကျကျမသိရပါ။

ဒီလိုနဲ့နေရင်း ၂၀၀၄ မှာ ထောင်ကလွတ်ပါတယ်။ မဲဆောက်ရောက်ပါတယ်။ အမျိုးသားညွန့်ပေါင်းအစိုးရလည်း ပထမတော့ တောထဲ နောက်တော့ မဲဆောက်ရောက်နေတဲ့အချိန်ပါ။ အဲ့အချိန်မှာ မဲဆောက်မှာ NLD(LA)ဆိုတာ ရှိနေပါပြီ။ ကျွန်တော် မဲဆောက်ရောက်တော့ NLD(LA) ကို သတင်းသွားပို့ပါတယ်။ ဦးဝင်းခက်က ဘတ်ငွေ ၂ ရာ ထောက်ပံ့ပြီးNLD(LA) အဖွဲ့ဝင်လျှောက်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော် မလျှောက်ခဲ့ပါ။ ပြည်ပထွက်ပြီးဖွဲ့တဲ့အစိုးရနဲ့ ကိုယ့်မြေတလက်မမှမရှိပဲ လွတ်မြောက်နယ်မြေဖွဲ့ထားတာကို မယုံလို့ပါ။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်အဖြစ်ပဲ နေခဲ့ပါတယ်။

နောက်တော့ ကျွန်တော်လည်း ဒုက္ခသည်အဖြစ်ခံယူပြီး အမေရိကကိုရောက်လာပါတယ်။ ဒေါက်တာစိန်ဝင်းရဲ့ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရလည်း ပထမတော့ တောထဲ။ နောက်တော့ ထိုင်း။ နောက်တော့ အမေရိကနဲ့ တစစီ ကြဲကွဲကုန်ပါတယ်။ လွတ်မြောက်နယ်မြေတွေလည်း နိုင်ငံအမည်တွေနဲ့ပေါ်နေခဲ့ပါပြီ။ ပထမတော့ တောထဲ၊ နောက်တော့ တဘက်နိုင်ငံ၊ နောက်တော့ ပို၍ပို၍ဝေးရာဆီသို့ ရွေ့သွားတဲ့ NCGUB ဖြစ်သွားပါတယ်။

ဒီလိုနဲ့နေလာရင်း ၂၀၁၀ ရွေးကောက်ပွဲကို ရောက်လာပါတယ်။ ဒါလည်း ဗိုလ်သန်းရွှေစစ်အုပ်စုကပဲလုပ်ပေးတာပါ။ ဒီအချိန်မှာတော့ ကျွန်တော်က အင်အယ်လ်ဒီကို မဝင်စေချင်တော့ပါဘူး။ လူက အမေရိကရောက်နေလို့ မဟုတ်ပါဘူး။ "အာဏာသုံးရပ်လုံး ရနိုင်ခြေမရှိမှု"အောက်ကနေ ဝင်ရမယ့်ရွေးကောက်ပွဲဖြစ်နေလို့ပါ။ ဒါ့ကြောင့်ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ အဲ့တုန်းက အင်အယ်လ်ဒီမဝင်ခဲ့ပါဘူး။ မဝင်လို့လည်း ပါတီအဖျက်မခံရပါဘူး။ အဲ့ဒီအထိ ကျွန်တော်ဟာ အင်န်အယ်လ်ဒီနဲ့ သွေးဆက်နေတုန်းပါ။

၂၀၁၂ လည်းကြားဖြတ်ရွေးကောက်ပွဲလည်းကျရော အင်န်အယ်လ်ဒီဟာ နိုင်ငံရေး "ဂငယ်ကွေ့" ကွေ့သွားပါတယ်။ ကျွန်တော်လည်း အင်အယ်လ်ဒီနဲ့ သွေးကြဲသွားပါတယ်။ ဝေးဝေးနေခဲ့ပါတယ်။ တတ်နိုင်သမျှ အင်န်အယ်လ်ဒီတွေကို ရှောင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလည်းကျရော NLD ဝက်ဝက်ကွဲနိုင်ပါတယ်။ ပြည်ပရောက် NCGUB လည်း ကိုယ့်ခြေနဲ့ကိုပြန်ဖျက်ပြီး နိုင်ငံရေးဘဝပြီးသွားပါတယ်။ ပြည်တွင်းမှာတော့ NLD က နိုင်သာနိုင်တာပါ "အာဏာသုံးရပ်လုံး"မရခဲ့ပါပါ။ ရင်ကြားစေ့ရေးတွင်တွင်အော်ဟစ်ရင်း မူပျက်သထက်ပျက်လာပါတယ်။ တောင်တောင်အီအီတွေ ဆီဝေဆန်ဝေတာတွေနဲ့ အချိန်ကုန်ပါတယ်။ တဘက်စောင်းနင်းတွေလည်း ဖြစ်လာပါတယ်။ ကျွန်တော်လည်း ပြင်းပြင်းထန်ထန်မဟုတ်တောင် အတော်လေး တင်းတင်းမာမာ ဝေဘန်ပြောဆိုတာတွေရှိပါတယ်။

ရိုဟင်ဂျာအရေးမှာ ဒေါ်စု သည်ဟိဂ်အထိသွားပြီးICJ မှာ စစ်အုပ်စုအတွက်ရှေ့နေလိုက်ပေးတော့ ကျွန်တော့်နဲ့ NLD ချက်ကြိုးပြတ်သွားပါတယ်။ ပြဒါးတလမ်းသံတလမ်းဖြစ်သွားပါတယ်။

ခုဆို ကျွန်တော်ဟာ NLD ဆန့်ကျင်ရေးသမား ဒေါ်စုဆန့်ကျင်ရေးသမားမဟုတ်သည့်တိုင်အောင် လှိုက်လှိုက်လှဲလှဲတော့ တစက်မှမရှိတော့ပါ။

ခုလည်း မင်းအောင်လှိုင်စစ်အုပ်စုက လုပ်လာပြန်ပါပြီ။ PR စနစ်နဲ့ရွေးကောက်ပွဲလုပ်ပေးဦးမတဲ့။ NLD ကလည်း ဒါကိုဆန့်ကျင်ရုံမက မင်းအောင်လှိုင်စစ်အုပ်စုကို "နိုင်ငံတော်ပုန်ကန်သူ"လို့ပါ အတိအလင်းပြောဆိုထားပါတယ်။

ခုတခါ လုပ်ပေးမယ့် ရွေးကောက်ပွဲက "အာဏာသုံးရပ်ရနိုင်ခြေရှိမှု" မရှိတဲ့အပြင် အပြတ်အသတ်နိုင်ဦးတောင် လွတ်လွတ်ကျွတ်ကျွတ်အစိုးရမဖွဲ့နိုင်တော့ပါ။ ရွေးကောက်ပွဲမဝင်ဘူးလို့ပြောထားတဲ့ NLD ဟာ ဘယ်အထိစကားတည်မလဲ ဒါမှမဟုတ် ကိုယ့်တံတွေးကိုပြန်မြိုမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ချုပ်ရရင် ဘယ်သူကပဲ လုပ်ပေးလုပ်ပေး အာဏာသုံးရပ်လုံးရနိုင်ခြေမရှိမှုအောက်ကဝင်ရတဲ့ ရွေးကောက်ပွဲတွေကိုဝင်ဖို့ ကျွန်တော့် မတိုက်တွန်း မတောင်းဆိုသလို လိုလည်းမလိုလားပါ။ ပြည်ပထွက်ပြီးဖွဲ့တဲ့အစိုးရတွေကို(အစိုးရတိုင်းကို)သံသယရှိပါတယ်။

မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၂၅။ ၂၀၂၃

0 comments:

Post a Comment