Tuesday, February 21, 2023

ကညွှတ်ကွင်းအိမ်ပြေး ၃၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၃၇)

အမေရေမိုးချိုးပြီးပြန်ရောက်လာတော့ လူလေး ရွာထဲ မုန့်ဆမ်းသွားထောင်းရအောင်ပြောပါသည်။ ကျွန်တော်အခက်ကြုံပြီ။ အမေနှင့်လိုက်သွားလျှင် ကျွန်တော့်အကြံအစည်တခုလုံး ပျက်လိမ့်မည်။ ဘယ်လိုလုပ်ရပါ့ဟု အကြံထုတ်ရင်း အင်းအဲဖြစ်နေသေးသည်။ ကျွန်တော် ဂွေးနည်းနည်းအောင့်နေတယ်အမေ လမ်းမလျှောက်ချင်ဘူးဟုပြောပါသည်။ ကျွန်တော် အူကျဖူးကြောင်း၊ ဒါကို ကိုထွေးမောင်ကြီးက ကွင်းပိုင်ကြီးကိုင်တာဟုပြောဖူးကြောင်းများ အဖေ့ကို ပြောပြဖူးသဖြင့် အမေလည်းသိနေမှာဟုတွက်ပြီး ပြောလိုက်ခြင်းဖြစ်ပါသည်။ 

 

အမေက ဟုတ်လား အူကျပြန်ပြီနဲ့တူတယ် ပြစမ်းဟုပြောပါသည်။ ကျွန်တော် ရှက်သွားပါသည်။ အလိမ်ပေါ်သွားမှာလည်း ကြောက်နေပါသည်။ ဟာ..အမေကလဲဗျာ မပြချင်ပါဘူး။ အဖေ ပြန်လာမှ အဖေ့ပြမယ်ဟု ပြောပြီး ပေါင်နှစ်လုံးကြားလက်ထည့်ကာ ပေါင်ကိုလိမ်ထားလိုက်ပါသည်။ အေးလေ ဒါဆိုလည်းပြီးရော၊ အမေတယောက်တည်းပဲ သွားမယ်၊ သား...အိမ်မှာ တယောက်တည်ဖြစ်ရဲ့လား၊ အမေကလည်း ဒီနေ့မှ ကောက်ညှင်းစပါးက မှာပြီးသားဖြစ်နေတယ်၊ နောက်ပြီး မုန့်ဆမ်းလည်း စုထောင်းကြမှာလေဟု ပြောပါသည်။ ဖြစ်ပါတယ်အမေရဲ့၊ ဘာမှကိစ္စမရှိပါဘူးဟုပြန်ဖြေကာ ခတ်တည်တည်လုပ်နေလိုက်ပါသည်။ အေး..အေး ဒါဆို အမေသွားမယ်၊ အပြန်ကျ လိုရမယ်ရ ရေခဲလေးလည်း ဝယ်ခဲ့မယ်ဟုပြောရင်း စိတ်မချသလိုကြည့်ကာ ခံတောင်းကြီး ခေါင်းပေါ်တင်ပြီး လှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွားပါသည်။ ကျွန်တော်လည်း ပို၍ပိပိယိယိဖြစ်စေရန် လက်နှစ်ဘက်ကို ပေါင်ကြားအုပ်ရင်း အမေ့ကို တဲဝမှကြည့်ကျန်နေပါသည်။

 

အိမ်မှာ အဖေလည်းမရှိ အမေလည်းမရှိတော့ တခုခုဟာသွားတာလိုလို၊ အားငယ်တာလိုလို၊ ဝမ်းနည်းတာလိုလို ခဏဖြစ်လိုက်သေးသည်။ ပတ်ဝန်းကျင်ကြည့်တော့ ကြောင်လေးနှစ်ကောင်က ကစားနေပြီး၊ တကောင်က ထုံးစံအတိုင်း ထင်းရှူးသေတ္တာထဲဝင်ခွေနေသည်။ နွားကလေးတွေ တပဲပဲနှင့်အော်သံလည်း တချက်တချက် ကြားနေရသည်။ ကျန်တာတော့ အားလုံးတိတ်ဆိတ်နေပြီး အမေ့ချွေးခံအင်္ကျီဟောင်းကလည်း သူ့နေရာမှာ ခြေရာလက်ရာမပျက်ရှိနေသေသည်။ ပိုက်ဆံနည်းနည်း ထပ်ကစ်ရကောင်းမလားဟုတွေးမိသော်လည်း မယူတော့ပါ။ အမေဝယ်ပေးသည့်ခမောက်ကို ဆောင်းလိုက်ပါသည်။ ရွာစပ်ကိုဖြတ်ပြီးမှ ကညွှတ်ကွင်းဘူတာဘက်ရောက်မည် ဆိုတော့  ရွာစပ်က ကျွန်တော့်ကိုမြင်ဖူးသူများ မမှတ်မိအောင်ဖြစ်ပါသည်။ မြို့တွင်းပိုင်းမှာက ကိစ္စမရှိ။ ကျွန်တော့်ကို ဘယ်သူကမှလည်းမသိ။ မေးမြန်းစပ်စုဖူးသူလည်းမရှိဆိုတော့ စိတ်အေးရသည်။ အဖေပြန်မလာခင် လစ်မှဖြစ်မည်။

 

ကျွန်တော်တဲအပြင်သို့ထွက်လိုက်သည်။ ဘယ်သူမှမရှိမှန်းသိသော်လည်း သေချာအောင် ဘေးဘီကိုကြည့်သည်။ ထို့နောက် လယ်ကွင်းတွေကြားမှနေ၍ တာရိုးအထိ မနားတမ်းတဟုန်ထိုး ပြေးလာခဲ့သည်။ မတော် အဖေပြန်အလာနှင့် တိုးနေလျှင်မခက်ပါလား။ အဖေက ဘယ်အချိန်ပြန်လာမည်လည်း ပြောမသွားခဲ့။ တာရိုးရောက်တော့မှ အရှိန်သတ်ပြီး ခေါင်းငုံ့ကာ ခတ်သွက်သွက်လေးလျှောက်မိသည်။ ရွာအစပ်တော့ရောက်ပြီ အမေက ဘယ်နားမှာမှန်းမသိသဖြင့် အမေနှင့် လာဖူးနေကျလမ်းကိုကွင်းပြီး တခြားတလမ်းမှ ဘူတာဘက်ရောက်မည်မှန်းပြီး လျှောက်လာခဲ့သည်။ ဘာလမ်းလဲတော့ မသိ။ ကျွန်တော်လည်း မောတော့အတော်မောနေသည်။ လူလည်း ဟောဟဲလိုက်နေသည်။

 

ထင်သည့်အတိုင်း လမ်းဆုံးတော့ ဘူတာတွေ့သည်။ ဘူတာနားက ရေစည်လှည်းတွန်းသည့် ဦး......တို့အိမ်ကိုရှာသည်။ ရေစည်လှည်းတွန်းရိုးမှန်လျှင် အိမ်ရှေ့တွင် ရေစည်လှည်းတော့ မုချရှိရမည်။ သိတ်မကြာလိုက် ရေတစက်စက် ကျနေသော ရေစည်လှည်းနှစ်စီးရပ်ထားသည့် အိမ်တအိမ်ကိုတွေ့ရပါသည်။ ပျဉ်ထောင်သွပ်မိုး ခတ်သေးသေး နှစ်ထပ်အိမ်လေးတအိမ်ဖြစ်ပါသည်။ 

 

အိမ်ရှေ့ပေါက်ကနေ ဦးလေး ဦးလေးဟုအော်တော့ အသက် ၅၀ ခန့်လူကြီးတဦး အင်္ကျီဗလာနှင့်ထွက်လာပါသည်။ ခါးက ပုဆိုးတိုတိုတွင်လည်း ရေတွေရွှဲနေပါသည်။ ဘာလဲကွ၊ ဘယ်သူနဲ့တွေ့ချင်တာလဲဟု ခတ်ဆတ်ဆတ်မေးတော့ ကျွန်တော် နည်းနည်းလန့်သွားပါသည်။ ကျွန်တော် မျက်လှည့်ဆရာ ဦးဝဏ္ဏနဲ့တွေ့ချင်လို့ပါဆိုမှ ဪ...အေးအေး အထဲဝင်ဟု လမ်းဖယ်ပေးပြီး ကျွန်တော့်နောက်မှ အကဲခတ်သလို လိုက်လာပါသည်။ ကျွန်တော် စိတ်မလုံပါ။ တကယ်က မျက်လှည့်ဆရာကိုသိတာလည်းမဟုတ်၊ ဘင်တီးသည့်ကောင်လေးနှင့်ကျတော့လည်း စကားသာပြောဖူးပြီး နံမည်တွေဘာတွေလည်း မသိဘူးမဟုတ်လား။

 

ထိုဦးလေးကြီးက အောက်ထပ်မှနေ၍ ဝဏ္ဏရေ မင်းနဲ့တွေ့ချင်လို့တဲ့ကွ ချာတိတ်တယောက်ရောက်နေတယ်ဟု အပေါ်သို့အော်ပြောပါသည်။ ဆရာဝဏ္ဏက ဘယ်သူများပါလိမ့်ဆိုသည့် စူးစမ်းသည့်အကြည့်နှင့်ကြည်ပြီး အောက်ဆင်းလာတော့ ကျွန်တော့်ကိုတွေ့သွားသည်။ ဪ..မင်းကိုး၊ လာအပေါ်လိုက်ခဲ့။ ငတင့်လည်းအပေါ်မှာ ရှိတယ်ဟု ဘာမှမထူးဆန်းသည့်လေသံနှင့်ခေါ်ပါသည်။ ငတင့်ဆိုသည်မှာ ဟိုကောင်လေးပဲဖြစ်ရမည်ဟု ကျွန်တော် တထစ်ချတွက်လိုက်ပါသည်။ 

 

အပေါ်ရောက်တော့ ငတင့်ကိုလည်း ထိုင်နေတာတွေ့ရပါသည်။ ကဲပြောဘာလဲဟု ဆရာဝဏ္ဏက အသံခတ်တိုးတိုးနှင့် မေးပါသည်။ သူ့အသံမှာ ဘာသဘောမှမပါသည့် အသံရိုးရိုးဖြစ်ပါသည်။ ကျွန်တော်က ထောက်ကြန့်ကပါ။ အိမ်ကပြေးလာပြီး ဒီရောက်နေတာပါ။ အဲ့ဒါ ဒီမှာနေရတာ မကောင်းတာနဲ့ ဆရာနဲ့လိုက်ချင်လို့ပါ။ နောက်ပြီး ကျွန်တော် ဘင်လည်းတီးချင်ပါတယ်ဟု အထစ်အငေါ့မရှိဘဲ ဆက်တိုက်ပြောချလိုက်ပါသည်။ လူကတော့ ရင်အတော်ခုန်နေ ပါသည်။ ငြင်းလိုက်မှာကိုလည်း စိုးရိမ်နေသည်။ မင်းက ထောက်ကြန့်ကဆိုတော့ ဘယ်နားနေတာလဲဟုမေးရာ ကျွန်တော်က ရပ်ကွက်အမှန်ကို လှီးလွှဲပြောလိုက်ပါသည်။ ဪ..အေး အဲ့ရပ်ကွက်ထဲတော့ ငါ့အသိတွေမရှိဘူး၊ မင်းမှာ မိဘတွေရှိသေးလား၊ ဘာလုပ်ကြလဲဟုမေးရာ အဖေဦးဖိုးထောင်တို့ အမေခတို့ကို ပြောနည်းကားအတိုင်း လိမ်၍ပြောလိုက်ပါသည်။ ကျောင်းသားလားမေးတော့ ကျောင်းထွက်လိုက်ပါပြီဟု လိမ်ဖြေလိုက်ပြန်ပါသည်။ ငါ့နောက်က ဘာလို့လိုက်ချင်ရတာလဲဟုမေးတော့ မျက်လှည့်ပညာလည်းသင်ချင်လို့ပါဟုဖြေလိုက်ပါသည်။ 

 

သူက ခဏစဉ်းစားပြီး အေးလေ ငါနဲ့လိုက်နေချင်လည်းနေပေါ့၊ ငတင့်ကလည်း မကြာဘူး ဆရာအောင်ကျော်မိုးနောက် လိုက်တော့မှာ၊ ငါလည်း လူလိုမှာ၊ အလုပ်ရှိတဲ့ရက် ထမင်းလည်းညမနက်ကျွေးမယ်၊ ပိုက်ဆံလည်း ငါးကျပ်ပေးမယ်၊ ဒါပေမဲ့ အောက်ခြေသိမ်းလုပ်ရမှာနော်၊ အိမ်မှာ မင်းအမခိုင်းတာလည်း လုပ်ရမယ်ဟု ဆိုပြီး ဘယ့်နှယ်လဲဆိုသည့် သဘောနှင့်ကြည့်ပါသည်။

(ဆက်ပါဦးမည်)

0 comments:

Post a Comment