Friday, February 17, 2023

Daffodil

0 comments

Daffodil

နှင်းဖုံးမြေပြင် ရေခဲမုန်တိုင်း မိုးမုန်တိုင်းတို့ဖြင့် ရက်စက်ခက်ထန်လှသည့် အေးစက်စက် ဆောင်းဥတုကြီး ကုန်တော့မည်လော သို့တည်းမဟုတ် မြက်ခင်းစိမ်းစိမ်း သစ်ရွက်စုံစုံညီ လေပြေသွေးသွေးနှင့် နွေးထွေး ကြည်မြနေည့်နွေဦး အရောက်စောမည်လားမပြောတတ် ကျွန်တော့်အိမ်ပတ်ချာလည်မှ Daffodil ပန်းပင်လေးတွေကား မြေအပြင်ကို ရဲတရဲ ခွဲထွက်လာခဲ့ပြီ။

 

သူတို့အပင်ပေါက်လာသည်ဆိုခြင်းမှာ အေးစက်မှောင်မိုက်သောနေ့ရက်များ ကုန်ဆုံးခဲ့ပြီဟု ထင်ရှားသက်သေပြသလို နွေးထွေးစိမ်းစိုသည့်နွေဦးကား စတင်ပြီဟု ကြေညာလိုက်သည့်သဘောပင်။

 

ထိုပန်းကလေးများ၏ လူသိများသည့်နိမိတ်ပုံမှာ ပြန်လည်မွေးဖွားခြင်းနှင့် အသစ်စတင်ခြင်းဖြစ်သည်။ လူသိနည်းသည့် အခြားသင်္ကေတများမှာ တီထွင်ဖန်တီးနိုင်းခြင်း၊ စွမ်းအင်ခွန်အားရှိခြင်း၊ ဒဏ်ခံ၍ပြန်လည်ရပ်တည်နိုင်ခြင်း၊ ခွင့်လွှတ်ကြေအေးတတ်ခြင်းနှင့်ရှင်သန်ခြင်း။ တချို့ကလည်း အသစ်စတင်ခြင်းများနှင့်မျှော်လင့်ချက်ကို  ကိုယ်စားပြုသည့်သဘော ခန္ဓာကိုယ်တွင်  Daffodil ပန်းပွင့်လေးများ ဆေးမင်ထိုးကြသည်။ 

 

တကယ်ဆိုလျှင် အေးစက်စက်ဆောင်းရာသီကြီးအကုန် နွေးထွေးသည့်နွေဦးအစတွင်မှ ပွင့်ကြရရှာသည့်ပန်းကလေးများ ခုလို စောထွက်လာတာကို အံ့ဩမိသည်။ အအေးများ ပြန်ပိုလာလျှင်၊ နှင်းကြွင်းလက်ကျန်များထပ်ကျလာလျှင်၊ ရေခဲမိုးတွေများရွာလိုက်လျှင်ဆိုသည့် စိုးရိမ်စိတ်က ရင်ထဲ တထိတ်ထိတ်။ ထိုသို့ဖြစ်ခဲ့လျှင်  ခမျာများ မြင်မကောင်း မရှုရက်စရာ အတုံးအရုံးလဲပြို သေဆုံးကြရဦးတော့မည်။

 

သူတို့တွေ သမားရိုးကြအတိုင်းနေပြီး သက်တမ်းစေ့၍သေသေ၊ ခက်ထန်ကြမ်းတမ်းသည့်ရာသီဆိုး နှိပ်စက်ဒဏ်ကြောင့်သေသေ သူတို့မျိုးဆက် သန္ဓေဥကလေးတွေကတော့ မြေအောက် လေးငါး လက်မလောက် အနက်တွင်ချန်ခဲ့ပြီး ပူပြင်းလောင်မြိုက်သောနွေ၊ အေးမြမြဆောင်းဦးနှင့် အညှာအတာကင်းလှသည့် ဆောင်းဥတုများ၏ဒဏ်တို့ကိုခံကာ တနှစ်ပတ်လုံး ငုတ်လျှိုးနေကြရဦးမည်။ နောက်နှစ် နွေဦးပေါက်တွင် သူတို့ တဖန်ပြန်လည်ရှင်သက်လာကြဦးမည်။ အသက်ဝင်လာကြဦးမည်။

 

ကျွန်တော်လည်း ထိုးပန်းကလေးများအားကြည့်၍ ဘဝ၏အားမာန်များ၊ ဘဝကိုခုံမင်တွယ်တာခြင်းများ၊ ကြံ့ကြံ့ခံရှင်သန်နေခြင်းများ၊ ခံနိုင်ရည်ရှိခြင်းများကို ပျိုးယူရသည်။ ထိုပန်းကလေးများအား ရက်ရက်စက်စက်ချိုးဖဲ့ပြီး ပန်းအိုးထိုးလျှင်ကား ကျွန်တော် စိတ်ထိခိုက်ရသည်။ ရင်ထဲမကောင်းဖြစ်ရသည်။

 

နွေဦးကို Daffodil ပန်းလေးများဖြင့် တင့်တင့်တယ်တယ်ရှိနေစေချင်သည်။ နွေဦးသည် Daffodil ပန်းလေးများ၏ နိမိတ်ပုံသ‌င်္ကေတနှင့် လှပရွှင်လန်းရှင်သန်တက်ကြွကာ နေစေ့ချင်ပါသည်။ နွေဦးသည် အောင်နိမိတ်နှင့်ကောင်းခြင်းအဖြာဖြာကို ဆောင်ကျဉ်းလာပါစေ။

မျိုးမြင့်ချို၊ ဖေဖော်ဝါရီ ၁၇။ ၂၀၂၃

0 comments:

Post a Comment