Tuesday, February 7, 2023

ကညွှတ်ကွင်းအိမ်ပြေး ၁၆

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၁၆)

 

မေးမည်ဟုစိတ်ကူးသော်လည်း မမေးဖြစ်ပါ။ အိမ်ပြန်ရောက်မှ အဖေ့ကိုမေးမလားစိတ်ကူးမိသည်။ အမေရော အဖေပါ ကျွန်တော့်ကို ချစ်ကြသနားကြသော်လည်း အဖေက ကျွန်တော့်ကို ပို၍စိတ်ရှည်သည်ထင်သောကြောင့်ဖြစ်ပါသည်။ နောက်တခုက အဖေက ကျွန်တော့်ကို တခါတရံမှသာ သားဟုခေါ်သော်လည်း လူလေး လူလေးဟုခေါ်တာများပါသည်။ အဖေ့ လူလေးခေါ်သံမှာ နားထောင်လို့ အလွန်ကောင်းပါသည်။ ကျွန်တော့်ဘဝတွင် တခါမှ အခေါ်မခံဖူးသည့် နာမ်စားလည်းဖြစ်၊ ကြိုက်သလိုလိုလည်းပိုဖြစ်ပါသည်။ အမေကတော့ သားဟု အခေါ်များသော်လည်း တခါတရံဆိုရုံမျှ လူလေးဟုခေါ်ပါသည်။ လူလေးခေါ်ခေါ် သားခေါ်ခေါ်အရေးမကြီးဟု ထင်ရသော်လည်း ကျွန်တော်ကား လူလေးကို နားပိုစွဲပါသည်။

 

သည်လိုနှင့် ကျွန်တော်တို့ရွာထဲဝင်ခဲ့ကြသည်။ ရွာစပ်မို့ထင်သည် အိမ်တွေမှာ တဲတွေများသည်။ သွပ်မိုးပျဉ်ထောင်အိမ် က တအိမ်နှစ်အိမ်မျှ။ လမ်းသည် စမ်းချောင်းလေးလို ဖြစ်ပါသည်။ ခြေထောက်အောက်တွင် စမ်းချောင်းလေးတွေ စီးနေပါသည်။ ရေမှာ ခြေဖမိုးမြုတ်ရံသာသာမျှ။ သဲချောင်းလေးတွေဖြစ်ပြီး သဲမှာ အလွန်သန့်သဖြင့် ကျွန်တော် လက်နှင့်ဆုပ်ယူကြည်သည့်အထိဖြစ်ပါသည်။ အမေက အဲ့ဒီ သဲတွေထဲမှာ ငါးသလဲထိုးဥတွေရှိတယ်ဟုပြောပါသည်။ ကျွန်တော်တော့ ငါ ငါးသလဲထိုးဥမှမတွေ့ပါ။ ဘဲတဲတွေလည်း တွေ့ရပါသည်။ ဘဲတဲများမှ တဂတ်ဂတ် အော်သံများလည်း ကြားရပါသည်။ အမေက အဲ့ဒီဘဲတွေကို ဒီသဲချောင်းတွေထဲမှာ ကျောင်းတာပေါ့။ ဟိုးရွာအပြင်မှာ သဲချောင်းကျယ်ကြီးရှိတယ်။ အဲ့ဒီအထိ ဘဲတွေက သွားကြတာဟုပြောပြပါသည်။ ကျွန်တော်က ဘဲကျောင်းသည်ကို တခါမှမတွေ့ဖူးပါ။ ကျွန်တော့်တွင် ယခုအခါ နွားကျောင်းခြင်းနှင့် ဘဲကျောင်းခြင်းဟူသောကိစ္စနှစ်ခုအတွက် သိချင်ဇောလည်း ပြင်းနေပါသည်။

 

ကျွန်တော် ငယ်ငယ်က ဈေးထိပ်တွင် ဇလောင်းကြီးနှင့်ထည့်ကာ ဘဲသားပေါက်များလာရောင်းသည်ကို ဝယ်ပြီး မွေးဖူးပါသည်။ ဘဲပေါက်စလေးတွေမှာ အမွေးဝါဝါဆုပ်ဆုပ်ကလေးတွေ၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ချစ်စရာ အလွန်ကောင်းပါသည်။ လက်ထဲ ဖမ်းဆုပ်ထားချင်စရာကောင်းပါသည်။ အမေ့ကို ဂျီတိုက်ပြီး ထိုဘဲပေါက်စ လေးများကို ဝယ်ပါသည်။ အမေက အဲ့ဒါ ဘဲအထီးလေးတွေချည်းပဲ အမ မပါဘူးဟုပြောပြီး လေးငါးကောင် ဝယ်ပေး ပါသည်။ အိမ်ယူလာပြီး ဇလုံကြီးတလုံးထဲရေထည့်ကာ ဘဲလေးတွေကို ရေချပေးပါသည်။ ဘဲလေးတွေက ရေကူးလိုက် ရေထဲ ခေါင်းနှစ်လိုက်ဖော်လိုက်လုပ်နေတာကိုကြည့်ပြီး အလွန်ပျော်ပါသည်။ ကြက်စာဆိုင်က ဖွဲနုတွေဝယ်ပြီး ထမင်းရည်နှင့်နယ်ကာ သူတို့ကိုကျွေးပါသည်။ တီကောင်စားသဖြင့် တီလည်း တူးတူးကျွေးပါသည်။ တီရှိသည့်နေရာကို ပေါက်တူးနှင့်ပေါက်လိုက်လျှင် ဘဲလေးတွေက အပြေးဝင်လာသဖြင့် သူတို့ကို မနည်း ရှောင်နေရပါသည်။ မတော် ပေါက်တူးစာမိသွားလျှင် ခက်မည်မဟုတ်လား။ နောက်တော့ သိတ်မခံပါ ဘဲလေးတွေ သေကုန်ကြပါသည်။ သူငယ်ချင်းတယောက်က အဲ့ဒါ လက်ပူမိသွားတာဟုပြောပါသည်။ ထိုအချိန်တွင် ကျွန်တော် တခုခုကို တွေးနေမှန်းသိသဖြင့် အမေက သား...ရွာထဲမှာ မုန့်ဆိုင်တွေရှိတယ်၊ မုန့်ဝယ်စားကြတာပေါ့ဟု ပြောပါသည်။

 

ကျွန်တော်တို့ရွာထဲရောက်လာတော့ ပျဉ်ထောင်အိမ်တလုံးရှေ့တွင် ရပ်ပြီး အမေက အသံပေးတော့ အိမ်ရှင်တွေ ထွက်လာပြီး နွားနို့ယူပါသည်။ ထိုအခါကျမှ အမေ့နွားနို့ပုံးထဲတွင် ချိန်ခွက်ပါမှန်းသိပါသည်။ အမေ့ကို ပိုက်ဆံပေးကြ ပါသည်။ အမေက အင်္ကျီအောက်အနားစကိုလှန်ကာ ထမိန်အထက်ဆင့်ကြားအစပ်က သူ့ အတွင်းခံဘော်လီအိပ်ထဲကို ပိုက်ဆံတွေကို ထိုးထည့်ပါသည်။ ဤသို့ဖြင့် ဆယ်အိမ်လောက်လိုက်ရောင်းလိုက်ရာ နွားနို့တွေကုန်သွားပါသည်။ ဒီနေ့တော့ ကုန်သွားပြီ။ နောက်နေ့ကျ အိမ်မှာနည်းနည်းချန်ထားပြီး သားကိုကျိုတိုက်မယ်ဟု ပြောပါသည်။ အမေ အသီးအရွက်လေး နည်းနည်းကောက်လိုက်ဦးမယ်၊ သား ဗိုက်ဆာရင် မုန့်အရင်ဝယ်စားလေဟုပြောရာ ကျွန်တော် မဆာကြောင်းပြောပြီး အမေ့နောက်က လိုက်ခဲ့ပါသည်၊ အမေက အပြန်ကျဝင်ယူမယ်ဟုဆိုပြီး အိမ်တအိမ်တွင် နွားနို့ပုံးကိုအပ်ကာ ဗျတ်ကြီးတချပ်ကို ယူလာပါသည်။ ထိုဗျတ်ကြီး ခေါင်းရွက်ဈေးရောင်းရင်း အမေနှင့်ကျွန်တော် မနေ့က တွေ့ခဲ့ကြတာဖြစ်သည်။ 

 

နောက်တော့ ရွာအစပ်က စိုက်ခင်းတွေရှိသည့် နေရာကိုရောက်လာပါသည်။ ညောင်ပင်ကြီးအောက်က ကွက်လပ် တနေရာတွင် ဈေးသေးသေးလေးတခုလို ဖြစ်ပါသည်။ ဆောင်းအသီးအနှံတွေကို ခြံတွင်စိုက်ပြီး ဒိုင်တွင် လာသွင်းသူက သွင်း၊ ဒိုင်မှ ဖောက်သည်ပြန်ယူသူက ယူ၊ ခြင်းတောင်းတွေ၊ ပီနံအိတ်တွေ ဂုံနီအိတ်တွေခင်းပြီး ရောင်းသူကရောင်း ဝယ်သူကဝယ်နှင့် စည်နေပါသည်။ အဖေပြောသလို နေပူကြီးထဲဖြစ်ပါသည်။ အမေ ဒီအချိန်ကြီးမှ ကုန်စိမ်းတွေ လာရောင်းကြတာနော် ဆိုတော့ ညနေဈေးအတွက်လေသားရဲ့။ အမေက ဒီကကောက်ပြီး ရွာထဲလှည့်ရောင်းတော့ နေ့လည်လောက်ပေါ့။ ရောင်းရပါတယ်။ အမေ့အတွက်ရှစ်ကျပ်တဆယ်တော့ ကျန်ပါတယ်ဟုပြောသည်။ 

 

ထောက်ကြန်တွင်လည်း မှော်ဘီကားဂိတ်နားတွင် ကုန်စိမ်းဒိုင်ရှိပါသည်။ မနက်လင်းအားကြီးအချိန်တွင် ထောက်ကြန့်နှင့် ရွာနီးချုပ်စပ်များမှ နွားလှည်းများ၊ အထမ်းသမားများ၊ အရွက်သမားများက သီးနှံတွေ လာသွင်းကြတာဖြစ်ပါသည်။ မိုးမလင်းသေးသဖြင့် ရေနံဆီမီးခွက်ကြီးများထွန်းကာ ချိန်ကြတွယ်ကြ ရောင်းကြ ဝယ်ကြနှင့် ဆူဆူညံညံစည်စည်ကားကား။ မိုးမလင်းခင်မှာပဲ လော်ရီကားကြီးလာကာ ထိုဒိုင်မှအသီးအနှံများအား တိုက်ယူသွားပါသည်။ ဒိုင်လည်းလိုက်သွားပါသည်။ ကီလီဈေးသို့သွင်းသည်ဟုဆိုပါသည်။ ထိုအချိန်က ကျွန်တော် ကီလီဈေးဘယ်နားရှိမှန်း မသေးပါ။ ကုန်စိမ်းဒိုင်မှာ ကျွန်တော်တို့လမ်းထဲက အပျိုကြီး မောင်နှမတွေဖြစ်ပါသည်။

0 comments:

Post a Comment