Tuesday, February 21, 2023

ရဲဘော်ကြင်မောင် ရာပြည့်

0 comments
ရဲဘော်ကြင်မောင် ရာပြည့်
လှဝင်း
ရဲဘော်ကြင်မောင်အကြောင်း ကိုယ်မြင်ရာ ကိုယ့်ရှုထောင့်က ရဲဘော်တွေ ရေးခဲ့ဖူးပြီ။ ကျနော်လဲ ရေးခဲ့ပြီးပြီ။ ဆောင်းပါးတိုအဖြစ်ရေးရတာဆိုတော့ ဘယ်လိုမှ မပြည့်စုံနိုင်ပါ။ နောင်လဲ ဆက်ရေးနေကြရဦးမှာပါပဲ။ မမေ့နိုင်စရာတွေကလဲ ရှိနေကြသေးတာကိုး။
နက်ဖန်(၂၀ - ဖေဖော်ဝါရီ ၂၀၂၃) ဆိုရင် ရဲဘော်ထွန်း(ရဲဘော်ကြင်မောင်) ရဲ့ ရာပြည့်မွေးနေ့ပါ။ မမေ့တဲ့နိုင်လို့ နောက်ထပ် သတိတရအချက်လေးတွေကို ရေးပါမယ်။
(၁)
ကျနော် ဆောင်းပါးရေးတိုင်း ရဲဘော်ကြင်မောင် သင်ကြားပေးတဲ့စကားတခွန်းကို အမြဲသတိရနေမှာပါ။
(စာရေးတဲ့အခါ စာဖတ်သူရင်ထဲ တန်းရောက်အောင်၊ ချက်ချင်း သဘောပေါက်အောင် ကိုယ်ပြောလိုတဲ့အကြောင်းအရာကို သံမှိုနှက်သလို စွဲနေအောင် ရိုက်ချလိုက်ဗျ။ ဟိုဝေ့ဒီဝေ့ဆိုရင် ကိုယ်ပြောချင်တဲ့ ဆိုလိုချက် ဝေဝါးသွားနိုင်တယ်။)တဲ့။ သူသာဓက ပြသွားတဲ့ စာရေးဆရာတွေရဲ့ နာမည်တွေကိုလည်း သတိရနေပါတယ်။ လူထုဒေါ်အမာ၊ မောင်ညိုပြာ၊ နေဝင်းမြင့်နဲ့ ဂျူးတို့ပါ။ (ရသစာပေတွေလဲ သူ ဒါလောက် အလုပ်များနေတဲ့အထဲက အသေအချာ ဖတ်ရှုလေ့လာခဲ့တာ ထင်ရှားပါတယ်။ နာရေးကြော်ငြာတွေနဲ့ အခြားကြော်ငြာတွေကိုမကျန် ဖတ်ရှုပြီး အဲဒီကြော်ငြာတွေကနေ ဗမာပြည်နိုင်ငံရေးအခြေအနေကို သုံးသပ်ပြနိုင်သူပါ။)
စာရေးနိုင်ဖို့ စာများများ ဖတ်ရမယ်-လို့ သူသင်ကြားပေးခဲ့ပါသေးတယ်။ ကျနော်ကတော့ ရဲဘော်ထွန်းလို ဒင်ဒင်မြည် စာရေးကောင်းသူမျိုး မဖြစ်နိုင်ဘူးလို့ အောက်ပါအတိုင်း နိဂုံးချုပ်ထားပါတယ်။
(က) ရဲဘော်ထွန်းလို အတွေ့အကြုံကြွယ်ဝမှု ကျနော့်မှာ မရှိ။ ရဲဘော်ထွန်းဟာ စစ်ကိုင်းမှာ အင်္ဂလိပ်တပ်တွေ ဖက်ဆစ်ဂျပန်တွေကို မတိုက်မီထဲက ဖက်ဆစ်ဂျပန်တွေကို ရွပ်ရွပ်ချွံချွံ တိုက်လာခဲ့သူပါ။ သူ့ရဲဘော်တွေ တိုက်ပွဲထဲမှာ ကျတော့ အလောင်းကို ကိုယ်တိုင် သက်စွန့်ဆံဖျား တက်ဆွဲခဲ့သူပါ။ နောက်ပြီး ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမှာလဲ ရှမ်းရိုးမမှာ ခေါင်းဆောင်တဦးအဖြစ် လူ လက်တဆုပ်စာ အရေအတွက် ကျန်တော့တဲ့အထိ တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ တိုင်းခေါင်းဆောင်အဖြစ် တပ်ကြီးတွေနဲ့ တိုက်ခဲ့ဖူးသလို လူနည်းနည်းကျန်တဲ့အချိန်မှာ သွေးတစက်ကျန်တော့တဲ့အထိ ဆုံးခန်းတိုင် တိုက်ပွဲဝင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ တိုက်ခဲ့တဲ့ အတွေ့အကြုံလဲ ရှိပါတယ်။ သူ့ သွေးချင်းသားချင်း ရဲဘော် တိုက်ပွဲမှာ ရန်သူ့ အသတ်ခဲရလို့ ကျန်ခဲ့တဲ့အလောင်း ကိုယ်တိုင်မြင်ရတဲ့အတွက် ကြက်သားချက်ကျွေးရင်တောင် ဝမ်းတွင်းသား မကြည့်ချင် မစားချင် စားမရခဲ့တာ ကွယ်လွန်ချိန်အထိ။ ဇနီးဖြစ်သူလဲ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ပါတယ်။ အဲသလို မိသားစုဝင်တွေနဲ့ အသက် ပေးလှူပြီး တော်လှန်ရေးလုပ်ခဲ့သူပါ။ ခေတ်အဆက်ဆက် နိုင်ငံရေးအတွေ့အကြုံတွေ တလှေကြီးမို့ သူ့လို အတွေ့အကြုံ ကျနော်တို့ မရှိနိုင်ပါ။
(ခ) ရဲဘော်ထွန်းဟာ မာ့က်လီနင် မော်စီတုန်းအတွေးအခေါ်နဲ့ ဗမာပြည်နိုင်ငံရေးလက်တွေ့ကို ပေါင်းစပ်ပြီး တော်လှန်ရေးလုပ်နေတာ ဖြစ်ပါတယ်။ စာရေးတာလဲ မာ့က်စ်ဝါဒနဲ့ ဗမာပြည်နိုင်ငံရေးလက်တွေ့ကို ပေါင်းစပ်ပေးနေတာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ မာ့က်စ်ဝါဒစာပေကို အဆက်မပြတ်လေ့လာနေရုံမက မာ့က်စ် ကျမ်းတွေထဲက ဆိုလိုချက်ကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် လက်ခံရယူနိုင်စွမ်း ရှိတယ်။ မာ့က်စ်သဘောတရားကို ရဲဘော်ထွန်းပြန်ပြောတဲ့အခါ ဘယ်ဘာသာပြန် ပညာရှင်တွေနဲ့မှမတူ၊ ဒက်ခနဲ နားလည်အောင် ခပ်လွယ်လွယ်နဲ့ ဗမာတွေနားထဲ ထင်းခနဲ လင်းခနဲ သဘောပေါက်သွားအောင် ပြန်ရှင်းပြတာ၊ ဗမာပြည်နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြတာ လုပ်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင် ဖြစ်တယ်။ လီနင်ရဲ့ ကျမ်းကို ဗမာပြည်နိုင်ငံရေးနဲ့ဆက်စပ်ပြတာ ကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပြည်လုံးကျွတ်ပါတီကွန်ဂရက်မှာ သူကိုယ်တိုင်ဖတ်ကြားတဲ့ ဒီရေမြင့်သစ် စာတမ်းမှာ တွေ့နိုင်တယ်။ လီနင်ရဲ့ ကျမ်းတွေကို လက်တွေ့နိုင်ငံရေလုပ်ရမှာ လမ်းညွှန်အဖြစ် ထားသင့်တယ်။ ရဲဘော်တွေ လက်တွေ့နိုင်ငံရေးကို ကျွမ်းကျင်အောင် ကြိုးပမ်းအားထုတ်သင့်တယ်လို့ သင်ကြားပေးခဲ့တယ်။ ပကတိဘာဝနဲ့ အတ္တဘာဝ ခွဲခြမ်းစိတ်ဖြာပြီး တော်လှန်ရေးဒီရေမြင့်နဲ့ တော်လှန်ရေးအောင်ပွဲခံနိုင်ဖို့ ရောက်ရှိနို်ငမယ့်အဆင့်ကို တပါတီလုံးသို့ သင်ကြားပေးနိုင်စွမ်း ရှိသူ ဖြစ်တယ်။ မာ့က်စ်ဝါဒကို တိုင်းပြည်ရဲ့အခြေအနေနဲ့ ပေါင်းစပ်ပြီး တော်လှန်ရေးလုပ်နိုင်သူဆိုတာ တော်လှန်ရေးခေါင်းဆောင်တိုင်း၊ နိုင်ငံရေးခေါင်းဆောင်တိုင်း လုပ်နိုင်တဲ့အရာမျိုးမဟုတ်ပါ။ ဆောင်းပါးရေးတာလဲ ဒီလိုမျိုး မာ့က်စ်လီနင်ဝါဒနဲ့ ပေါင်းစပ်ရေးတာမျိုး လုပ်ဖို့ ဘယ်လွယ်မှာလဲ။ ဝပြည်နယ် ပန်ဆန်းစံပယ်တောစခန်းမှာ ရဲဘော်ထွန်း တခါတရံ ဆင်းလာပြီး ရဲဘော်တွေနဲ့ ဝါးစားပွဲ ဝါးထိုင်ခုံမှာထိုင်ပြီး စကားစမြည်ပြောတာဟာ စံပယ်တော နိုင်ငံရေးသင်တန်းလို့ ဆိုနိုင်ပါလိမ့်မယ်။ ကချင်ပြည်နယ် ကန်ပိုင်တီးမှာ ရဲဘော်ထွန်းသင်တန်းပေးတဲ့ သင်တန်းမှတ်စုကို ကျနော် အခုအချိန်အထိ စားပွဲဘေးမှာ ထားပြီး အမြဲတမ်း လေ့လာကိုးကားနေရဆဲပါ။ ရဲဘော်ထွန်းဟာ စာရေးကောင်းသလို စကားပြောတာလဲ အညာသားပြောသလို ပြောပြီး ဘွင်းဘွင်း ရှင်းရှင်းနဲ့ စကားပြောကောင်းတယ်လို့ ဆိုရပါမယ်။ သူ့ကောင်းနည်းက ပညာတတ်မဆန်ဘဲ ကောင်းတဲ့ ကောင်းနည်းမျိုး ဖြစ်ပါတယ်။
(ဂ)
ရဲဘော်ထွန်းဟာ လူထုသုံး ဒေသသုံးစကားတွေကို စာရေးရာမှာ ပိုင်ပိုင်နိုင်နိုင် ထည့်သုံးနိုင်တယ်။ ဒါမျိုး ကျွမ်းတာ ရွှေဥဒေါင်းနဲ့ ဒေါ်အမာတို့ လောက်ပဲ။
(ဃ) စာများများ ဖတ်ပါဆိုတာကို သူကိုယ်တိုင် စံနမူနာပြနိုင်သူ။ ဗမာပြည်က သတင်းစာကြော်ငြာကအစ မာ့က်စ်ဝါဒ ကျမ်းရင်းတွေအဆုံး၊ ဒါသာမက အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့ ကျမ်းရင်းတွေ အရင်းရှင်နိုင်ငံက ထုတ်တဲ့ စာအုပ်တွေသာမက အနိုင်နိုင်ငံက အကြောင်းအရာအလိုက်ထုတ်တဲ့ နှစ်ချုပ်စာအုပ်ကြီးတွေ၊ အနိုင်နိုင်ငံ ကွန်မြူနစ်ပါတီတွေက ထုတ်တဲ့စာအုပ်တွေအထိ တလျှောက်လုံး ဖတ်ရှုလေ့လာတယ်။ ဗမာပြည်က မဂ္ဂဇင်းစာစောင်မျိုးစုံနဲ့ ရသစာပေတွေကိုတောင် အလွတ်မပေးပါဘူး။ သူက ကွယ်လွန်သည့် တိုင် အဲသလို လုပ်ဆောင်သွားသလို ကျနော်တို့သေသည်အထိ အဲဒါကို အတုယူသွားရမှာပါ။
ရေးစရာ တွေများတာမို့ ဒီအပိုင်း ဒါလောက်ပဲထားပြီး တခြားအကြောင်းအရာ ဆက်ပါ့မယ်။
(၂)
ပါတီမှာ အင်အားအချည့်နဲ့ဆုံးအချိန်မှာမှ ပါတီကို သူတာဝန်ယူမယ်ဆိုပြီး တာဝန်ယူခဲ့တာပါ။ ကြီးမြတ်ပြီး ခက်ခဲတဲ့ တာဝန်ကြီးပါ။ ဒီတာဝန်ကို ရဲဘော်ထွန်း အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာမှာလည်း ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး ကွန်မြူနစ်ဝါဒ ဒီရေနိမ့်ရောက်နေ၊ ဗမာပြည်ကွန်မြူနစ်ပါတီလဲ လူမျိုးစုတပ်တွေ ခွဲထွက်တဲ့ ပါတီရှုံးနိမ့်မှုကာလပါ။ ရဲဘော်ထွန်းက (ပါတီ ဟာ သေလောက်တဲ့ ဒဏ်ရာ ရခဲ့တယ်)လို့ သုံးပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအသက်ဆက်ဖို့ အစွမ်းကုန် ကြိုးစားပါတယ်။ ကန်ပိုင်တီးမှာ သင်တန်ပေး တာဝန်ပေး လွှတ်ပါတယ်။ ၂၀၂ စစ်ဒေသ အဆင်းခိုင်းပြီး လက်နက်ကိုင် တောလှန်ဖို့ အားထုတ်ပါတယ်။ ၁၀၈ စစ်ဒေသ ရှမ်းရိုးမ အဆင်းခိုင်း လက်နက်ကိုင်တော်လှန်ရေ ဆက်လက်ဆင်နွှဲခိုင်းပါတယ်။ မရတဲ့အခါ (ပြန်လာခဲ့တော့) လို့ ပြတ်ပြတ်သားသား ဆုတ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးရှုံးနိမ့်ခြင်းအကြောင်း ခွဲခြမ်းစိတ်ဖြာပြီး ပါတီကို ပညာပေးပါတယ်။ ( လက်နက်ကိုင်တော်လှန်ရေးဟာ စစ်ရေးကြောင့် စစ်ရေးတိုက်ပွဲကြောင့် ရှုံးတာ မဟုတ်ပါ။ ကိုယ့်အင်အားကို ရန်သူက နည်းမျိုးစုံနဲ့ ဖြိုခွဲခဲ့လို့ပါ။ ရှုံးပေမယ့် အရှုံးမပေးသမျှ မရှုံးပါဘူး။ ဒါကြောင့် ကျနော်တို့ အခု အသစ်တဖန် လက်နက်ကိုင်ပြီး ပြန်တိုက်နေကြပါပြီ။
ပါတီကို ယူဂျီပါတီအဖြစ် ပြောင်းလဲလိုက်ပါတယ်။ တဖက်ကလဲ ပါတီကို သေလောက်တဲ့အခြေအနေကနေ ပြန်လည် နာလန်ထူလာအောင် လုပ်ရတယ်။ ရန်သူက ဗမာပြည်ကွန်မြူနစ်ပါတီ မရှိတော့ဘူးလိုလို ပြောတယ်။ မိန်းမပျက်ကတောင် ပါတီကို ဆဲတဲ့အထိ ကွန်မြူနစ်ဝါဒ ဒီရေနိမ့်ကာလ ရောက်နေချိန် (ခင်ဗျားတို့က ကိုကိုနစ် ကိုကိုနစ်ဆိုပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ပြန်ဖြစ်အောင်၊ လူထုထဲမှာ ကွန်မြူနစ်ဝါဒ ရေပန်းစားအောင် ပြန်လုပ်ရမယ်) လို့ ပြောခဲ့ဖူးပါတယ်။ ကြီးလေးတဲ့ တာဝန်ကို ရှင်းပြရင်း ခပ်ရွှင်ရွှင် ခပ်သောသော သဘောပေါက်အောင် ပြောလိုက်တာပါ။ သူကတော့ တာဝန်ကျေပါတယ်။ အထူးကွန်ဖရင့်ခေါ်ပြီး တော်လှန်ရေးဆက်လုပ်မယ့် (COC) ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို စည်းရုံးရေးကော်မတီကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ပါတယ်။ ရဲဘော်ထွန်းဟာ ပါတီအလံကို မလဲအောင် ပါတီကို လဲရာက ပြန်ထနိုင်အောင်၊ ဖီးနစ်ငှက်လို မီးလျှံကြားက ပြန်လည်ရှင်သန်ထမြောက်အောင် သူခေါင်းဆောင်ပြီး မိုးထဲလေထဲမှာ အသေအလဲ ကြိုးပမ်းခဲ့တယ်။ ကြီးမြတ်တဲ့ တာဝန်ကို ထမ်းရွက်ပြီး ပါတီကို ပခုံးထမ်း မတင်ပေးခဲ့တဲ့ ဂုဏ်ရောင်ပြောင်တဲ့ ကျေးဇူးရှင်ခေါင်းဆောင်ရဲဘော်ပါ။
(၃)
ဒါ့အပြင် PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြန်လည်ရှင်သန်လာအောင် လမ်းညွှန်ချမှတ်ပေးခဲ့တဲ့ ကျေးဇူးရှင်ကြယ်နီရဲဘော်ကြီးပါ။
(ကျနော်တို့ဟာ ယူဂျီပါတီ ဖြစ်သွားပေမယ့် လက်နက်ကိုင်ထားတဲ့ ရန်သူက အဖိနှိပ်ခံပြည်သူတွေကို လက်နက်အားကိုး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖိနှိပ်နေတော့ ကျနော်တို့ကလဲ လက်နက်ကိုင်တိုက်ပွဲပုံသဏ္ဌာန်ကို ရွေးလမ်းတခုအဖြစ် အမြဲတမ်းထားရလိမ့်မယ်)လို့ လမ်းညွှန်ခဲ့ပါတယ်။ ရွေးလမ်းကို အရန်အဖြစ်ထားပြီး ထိုင်စောင့်နေတာ မဟုတ်ပါ။ ပြင်စရာ ရှိတာကို ပြင်ပါတယ်။
ရန်သူ စစ်အုပ်စုက အကြမ်းဖက်တဲ့နည်းနဲ့ ပြည်သူကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တဲ့အချိန်ကာလတခု ရောက်လာမှာ ကြိုတင်မြော်မြင်နိုင်ခဲ့တယ်။ အဲဒီအချိန် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြန်လည်ခုခံနိုင်အောင် စောစောနှစ်တွေကတည်းက တာဝန်ပေးခဲ့တယ်။ တပ်ဖွဲ့စည်းနိုင်တဲ့အချိန်ကျရင် PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- ၄၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးအစပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီတပ် ခံယူခဲ့တဲ့အမည်) ဆိုတဲ့အမည်ကို သုံးပါလို့ သူကိုယ်တိုင်မှာကြားခဲ့တာပါ။ တချို့ဒေသတွေကို အခြေခံဖို့ ကြိုးပမ်းရာမှာ မအောင်မြင်တဲ့နေရာတွေလဲ ရှိခဲ့တယ်။ ဒါလဲ ယူဂျီပါတီအနေနဲ့ အလွန်တရာ ခက်ခဲတဲ့ တာဝန်ကြီးပါ။ ဒါပေမဲ့ ရဲဘော်တွေရဲ့ စွန့်လွတ်စွန့်စား တကယ့်ကို ကျားကုတ်ကျားခဲ ဇွဲနဘဲနဲ့ ကြိုးပမ်းမှု၊ မာ့က်စ်လီနင်ဝါဓဒ မော်စီတုန်းအတွေးအခေါ်ကို သက်ဝင်ယုံကြည်သူတွေရဲ့ ဝိုင်းဝန်းအားထုတ်မှုကြောင့် ၂၀၂၁ မင်းအောင်လှိုင်စစ်ကောင်စီ အာဏာသိမ်းပြီး ပြည်သူလူထုကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှု အစပြုကာစမှာပဲ ပြည်သူလူထုကြီး ရဲ့ စစ်အာဏာ ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်းက PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ဟာ ဖီးနစ်ငှက်လို အသစ်တဖန် ပြန်လည်ရှင်သန်ထမြောက်လာခဲ့ပြီဆိုတာ လက်တွေ့မြင်နေရပါပြီ။

0 comments:

Post a Comment