Tuesday, July 30, 2019

ဗြူရိုကရက်အရင်းရှင်လူတန်းစားအတွင်းသို့ စစ်အုပ်စုတိုးဝင်ခြင်း(ရန်သူကြီး ၃ ဦး)မှ

0 comments
ဗြူရိုကရက်အရင်းရှင်လူတန်းစားအတွင်းသို့ စစ်အုပ်စုတိုးဝင်ခြင်း(ရန်သူကြီး ၃ ဦး)မှ
ဖဆပလ အစိုးရခေတ်တွင် အစိုးရထည့်ဝင်ငွေနှင့်ပုဂ္ဂလိကငွေ စုပေါင်းကာ ထူထောင်သော ဖက်စပ်ကော်ပိုရေးရှင်းများ ပေါ်ခဲ့သည်။ ဤကော်ပိုရေးရှင်းများက သွင်းကုန်ထုတ်ကုန်လုပ်ငန်း များ လုပ်ကြသည်။ ဖက်စပ်ကော်ပိုရေးရှင်းများကို ဖဆပလအစိုးရအဖွဲ့မှဝန်ကြီးများက ဦးစီးကြသည်။ ပါလီမန်ဒီမိုကရေစီခေတ်ဖြစ်၍ ကိုယ့်မဲဆန္ဒနယ်။ ကိုယ့်ကျောထောက်နောက်ခံ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်း စသည်တို့ကို အခြေခံပြီးဖွဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဟု စကားလှလှ သုံးကြသည်။ တကယ်က လူထုဖွံ့ဖြိုးတိုးတက်ရေးအတွက်မဟုတ်ပဲ သူ့ ဗြူရိုကရက် အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးသာ ဖြစ်သည်။ ဖက်စပ်များသည် ဒေသန္တရလက်ဝါးကြီးအုပ် များဖြစ်လာခဲ့သည်၊ ဗြူရိုကရက်အရင်းရှင်များ အလွန် စားသာကြသည်။
ဤသည်ကို စစ်ဗိုလ်များ အားကျကြသည်။ မနာလိုဝန်တိုမှုလည်းရှိသည်။ အထူးသဖြင့်သူတို့ အထင်မကြီးသော မလေးစားသော ဖဆပလဝန်ကြီးများကို မနာလိုဝန်တိုဖြစ်သည်။ သို့သော် ဝန်ကြီးများက အာဏာပါဝါရှိနေသည်။ (စစ်ဗိုလ်များ အထင်မကြီးသူများမှာ သန့်ရှင်းဖဆပလ အဖွဲ့ဝင်များ ဖြစ်ကြတာများသည်)
ဖက်စပ်ကော်ပိုရေးရှင်းများ ထူထောင်ကြသောကာလတွင် စစ်အုပ်စုကလည်း သူတို့ကိုယ်ပိုင် “ဖက်စပ်” ကော်ပိုရေးရှင်း တခုထောင်သည်။ ဘီအီးဒီစီ (B.E.D.C) ဟုခေါ်သည်။ ဤ ကော်ပိုရေးရှင်းက လုပ်ငန်းပေါင်းစုံလုပ်သည်။ ကြော်ငြာလုပ်ငန်းလို အသေးစားမှသည် ပင်လယ်ကူးသင်္ဘောကုမ္ပဏီထိ လုပ်သည်။ ဘီအီးဒီစီမှာ “ဖဆပလ” အစိုးရဝန်ကြီးများဦးစီးသည့် ဖက်စပ်ကော်ပိုရေးရှင်းများလို ဒေသန္တရသဘောမျိုးမဟုတ်ဘဲ တပြည်လုံးသဘောဆောင်သည်။
စစ်တပ်က စီးပွားရေးမလုပ်ဘို့ ဘီအီးဒီစီ ဖျက်သိမ်းဘို့ အတိုက်အခံများ၊ ပြည်သူများက တောင်းဆိုလာကြသည်၊ ပြည်သူများသည် အလွန်အမြော်အမြင်ကြီးသည်။ လက်နက်ကိုင်တပ်က စီးပွားရေးလုပ်လာလျှင် တိုင်းပြည်အတွက် ဆိုးကျိုးတွေတသီကြီးဖြစ်တော့မှာကို မြင်သည်။
ဘီအီးဒီစီလုပ်ရင်း စစ်အုပ်စုသည် စီးပွားရေးအတတ်ပညာများတတ်လာသည်။ နိုင်ငံခြား အဆက်အသွယ်များရလာသည်။ စစ်ဗြူရိုကရက်အရင်းရှင်များဖြစ်လာသည်။
ထိုအချိန်နှင့်မရှေးမနှောင်းမှာပင် ဖဆပလအဖွဲ့ ကွဲသွားသည်။ သူတို့အထင်မကြီးသော ဝန်ကြီးများပါသည့် သန်ရှင်း ဖဆပလအဖွဲ့က အနိုင်ရကာ အစိုးရဖွဲ့လာသည်။ ဘီအီးဒီစီ ဖျက်သိမ်းရမည်ဟု ကြွေးကြော်ထားသော အတိုက်အခံနိုင်ငံရေးအင်အားစု(ပမညတ)၏ ထောက်ခံမှုဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု ယမ်းပုံမီးကျ ဖြစ်တော့သည်။ စစ်တပ်အာဏာသိမ်းပွဲဖြင့် အကြပ်ကိုင်ကာ အာဏာကို “လွှဲ”ယူလိုက်သည်။ “အိမ်စောင့်အစိုးရ” ဟူ၍တက်လာခဲ့သည်။
အိမ်စောင့်အစိုးရ ဖွဲ့သောအခါ စစ်ဗြူရိုကရက်အနည်းစုကိုအခြေခံကာ စစ်သားမဟုတ်သော ဗြူရိုကရက်အများအပြားထည့်သွင်းပြီး အစိုးရဖွဲ့သည်။ ဗြူရိုကရက်အချင်းချင်း မဟာမိတ်ဖွဲ့သည့် သဘောဖြစ်၏။ ဤသို့ဖြင့်စစ်အုပ်စု၏အင်အားကို တောင့်တင်းစေခဲ့သည်။ အိမ်စောင့်အစိုးရ ဖွဲ့စည်းစဉ်ကာလက စစ်အုပ်စုသည် အင်အားမတောင့်တင်းသေး ထို့ကြောင့်သူတို့၏ ဆရာသမားဟောင်းများဦးစီးသည့် တည်မြဲဖဆပလကို မှီခိုရသည်။ သန့်ရှင်းဖဆပလကို ဖြုတ်ပြီး လွှတ်တော်တွင် မဲရှုံးသွားသော သူတို့ဆရာသမားများကို အစိုးရအဖွဲ့ထဲထည့်လျှင် ပြည်သူက ခံမည်မဟုတ်သောကြောင့်သာ မထည့်ခြင်းဖြစ်သည်။
“ဖွတ်မိကျောင်းဖြစ် - မြစ်မချမ်းသာ” ဆိုရိုးစကားအတိုင်း ဘီအီးဒီစီ က စခဲ့သော စစ်ဗြူရိုကရက် အရင်းရှင်လူတန်းစားသည် ၁၉၆၂ ခုနှစ်တွင် မိကျောင်းစစ်စစ်ဖြစ်ခဲ့၏။ မြစ်နှင့်တူသော ဗမာပြည်သည်လည်း မချမ်းသာဖြစ်ရပေတော့မည်။ ဗမာပြည်အတွက် ကြမ္မာဆိုးဝင်ခဲ့ချေပြီ။

0 comments:

Post a Comment