Wednesday, July 17, 2019

နှမထွေး မယ့်ကိုလိုလျှင်

0 comments
နှမထွေး မယ့်ကိုလိုလျှင် 
ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။
နှမထွေး မယ်တို့အိမ်ကို၊ သိလိုလျှင်မူ၊ နတ်ခရိုင်နှင့်၊ ဈေးဆိုင်နှင့်။
အိမ့်ရှေ့ကမူ၊ နတ်ပလ္လင်နှင့်၊ ညောင်ပင်နှင့်။
အိမ့်တောင်ကမူ၊ ကြက်သွန်ခင်းနှင့်၊ ရေတွင်းနှင့်။
အိမ့်မြောက်ကမူ၊ စပါးလင်နှင့်၊ ဒန်းပင်နှင့်။
အိမ့်နောက်ကမူ၊ မိဿလင်နှင့်၊ ချင်းပင်နှင့်။
မိဿလင်နှင့် ချင်းကိုလိုလျှင်၊ ဝါဆိုငယ်မှ ဝါဦး၊ မြေနူးနူးကို၊ တူးလှည့်ပါ့ရှင်။
မိဿလင်နှင့်၊ ချင်းကို မလို၊ နှမထွေး မယ့်ကိုလိုလျှင်၊ တပေါင်းငယ်မှ တန်ခူး၊ ရွှေဖီဦးကို ခူးလှည့်ပါ့ရှင်။
အလို အပျိုဖြူ သူနှင့်ဆုံသည်၊ ဂုံချိုကုံးငယ်နှင့်၊ ဆောင်လုံးညီးလေး။ ။

တောင်တွင်း ရှင်ငြိမ်းမယ်
* * *
(၁)
ကျောင်းနေစဉ် မြန်မာစာ သင်ခဲ့ရသမျှထဲတွင် ရှင်ငြိမ်းမယ်၏ အိုင်ချင်းများကို အသည်းစွဲခဲ့ ဖူးပါသည်။ ယခုထက်တိုင် နှစ်သက်နေဆဲ။
နောင်လည်း အမြဲပင် နှစ်ခြိုက်နေဦးမှာ သေချာသည်။ ‘ချစ်တဲ့သူငယ်လေ’ဟု ရင်းနှီးစွာ စတင်ပြီးမှ ပွင့်လင်းရှင်းလင်းစွာ လိုရင်းကို ထင်းခနဲ ပြောတတ်သည်။ သူ့ အရေးအဖွဲ့ကို ေဩာချမိမြဲ ဖြစ်ပါသည်။
သူ့ကဗျာပါ အဓိက ဇာတ်ဆောင် မိန်းကလေးများ၏ ချက်ချာသော စရိုက်ကိုလည်း အမှုထားမိတတ်မြဲ ဖြစ်ပါ၏။
ငယ်စဉ်က ချစ်ခဲ့ဖူးသော ကဗျာများကို ကြီးမှ ပြန်မြင်ရတော့ တစ်မျိုးဆန်းသစ်၍ လာသလိုပင်။ ခုတော့ မြင်သာမြင်လွယ် ထိုမိန်းကလေးငယ်တို့၏ စရိုက်ထက် သူတို့ အလင်းပေးထား၍ လှုပ်ရှားလာရသည့် သူတို့ ချစ်သူများကို ပို၍ စိတ်ဝင်စားမိ မြင်လာမိသလို ရှိရလေတော့ ကဗျာ၏ ရုပ်လုံးမှာ ပို၍ပို၍ ကြွပြီး အသက်ဝင်လာသည့်နှယ်။ တကယ်ဆိုတော့လည်း ‘ကဗျာ ဆိုသည်မှာ အသံတိတ်ပန်းချီ ဖြစ်ပြီး ပန်းချီ ဆိုသည်ကား အသံတိတ်ကဗျာ’ ဟူသည့် စကားရှိသည် မဟုတ်ပါလား။
(၂)
‘နှမထွေး မယ့်ကို ... လိုလျှင်’ အိုင်ချင်းတွင် ရှင်ငြိမ်းမယ်၏ အစွမ်းကို အံ့မခန်း တွေ့နိုင်ခဲ့သည်ဟု ထင်ချင်သည်။
ထုံးစံအတိုင်း အဓိက ဇာတ်ကောင်မှာ နှုတ်ရေး စကားတတ်၊ ရဲတင်း သွက်လက်လှသော မိန်းမပျိုလေး။ မမြင်ရသော ဇာတ်ဆောင် (သူ့ချစ်သူမှာ) မတုန်မလှုပ်။ မထုံတက်သေး။ ဇာတ်လမ်းမှာ အချစ်ဇာတ်လမ်း။
သို့သော် နှစ်ပါးသွား မဟုတ်၊ တစ်ပင်တိုင်မျှသာ။ စောင့်စည်းအပ်သော မိန်းမတို့ ဣန္ဒြေ ကြားမှာပင် မခြွေခင်က ကြွေချင်နေသော ပန်းကလေး။
ချစ်တဲ့ သူရယ်လေ ...
သူငယ်ချင်းကောင်း၊ ယောက်မတို့လေ ... ဟူသော အာလုပ်စကား အပြီးတွင် ...
နှမထွေး မယ်တို့အိမ်ကို သိလိုချင်၊ နတ်ခရိုင်နှင့်၊ ဈေးဆိုင်နှင့်။
အိမ်ရှေ့ကမူ၊ နတ်ပလ္လင်နှင့်၊ ညောင်ပင်နှင့်။
အိမ်တောင်ကမူ၊ ကြက်သွန်ခင်းနှင့်၊ ရေတွင်းနှင့်။
အိမ်မြောက်ကမူ၊ စပါးလင်နှင့်၊ ဒန်းပင်နှင့်။
အိမ်နောက်ကမူ၊ မိဿလင်နှင့်၊ ချင်းပင်နှင့်။
မိဿလင်နှင့် ချင်းကိုလိုလျှင် ... ဝါဆိုငယ်မှ ဝါဦး၊ မြေနူးနူးမှာ တူးလှည့်ပါရှင်။
မိဿလင်နှင့်၊ ချင်းကို မလို။
နှမထွေး- မယ့်ကို လိုလျှင်
တပေါင်းငယ်မှ တန်ခူး၊ ရွှေဖီဦးကို
ခူးလှည့်ပါရှင် ... ဟု ဆက်ထားသည်။
ဤအပိုင်းတွင် ...
ကျေးလက်သဘာဝ နေ့တိုင်း မြင်တွေ့နေကျဖြစ်သော အိမ်ပတ်ဝန်းကျင်နှင့် အိမ်နယ်နိမိတ်ကို လမ်းညွှန်သယောင် ဆိုသည်။ အိမ်ပတ်ဝန်းကျင်ရှိ သီးပင် စားပင်တို့ကို ဖော်ပြပြီး အိမ့်နောက်ဘက်ရှိ မိဿလင်နှင့် ချင်းကို လိုလျှင်၊ မိုးလယ်မြေနူးမှာ အလွယ်တကူ တူးနိုင်ကြောင်း ညွှန်းသည်။
တစ်ဆင့်တက်၍ မိဿလင်နှင့် ချင်းကို မလို။ နှမထွေးမယ့်ကို လိုလျှင် တပေါင်း၊ တန်ခူး၊ သရဖီပန်းများ ဖူးနေချိန်၌ ခူးလှည့်ပါဟု ဖိတ်ခေါ်ထားသည်။
ဤရိုးစင်းသော ကဗျာလေးတွင် ပညာပါသော တင်စားချက်လေးများဖြင့် မထိတထိ ရိထားသော အပြောလေးများ၊ အဖွဲ့လေးများကို တွေ့ရသည်။
အိမ်နယ်နိမိတ်ပြ အရှေ့-အနောက်၊ တောင်-မြောက်၊ သီးပင်စားပင်တို့ကို အရမ်းမဲ့ နေရာမချ။ အိမ့်နောက်တွင်မှ ချင်းနှင့် မိဿလင်ကို သူ ဖော်ပြခြင်းမှာ ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ကိုယ်ကြင်မည်။
သို့သော် ဤသဘောကို နောက်တန်း ထားပါသည်ဟုများ ဆိုလိုလေသလား- တွေးနေမိသည်။
ပြီးမှ ‘နှမထွေး- မယ့်ကိုလိုလျှင်’ဟု တစ်ဆင့် တက်ထားရာ တစ်ထစ်ပြီး တစ်ထစ်၊ တစ်ရစ်ပြီး တစ်ရစ် ဝက်အူရစ်သလို တိုး၍ တိုး၍ အပိုင်ချည်လာသော စကားအရာကို မြင်ရသည်။
မယ့်ကိုလိုလျှင်- ကာလအားဖြင့် တပေါင်း၊ တန်ခူးမှာ ပန်းခူးသလို ခူးရမည်။
ပန်းကို မည်သည့်အတွက် ခူးကြပါသနည်း။ ပန်ဆင်ရန် ဖြစ်ပါသည်။ မောင်ကြီး ပန်ဆင်မည့် ပန်းမှာ မည်သည့် ပန်းနည်း။ ရွှေဖီဦး ဖြစ်ပါသည်။
မြင့်မားမတ်စောက်သော အပင်၏ ကြီးမားခန့်ထည်သော ပင်စည်နှင့် ကိုင်းခက် ရိုးတံများ တစ်လျှောက် တွယ်ကပ်၍ အပင်နှင့် အကိုင်းနှင့် မလိုက်။
သေးငယ်စွာ ပွင့်တတ်သည့် နွေဦး သရဖီပန်းလေး ဖြစ်ပါသည်။ အပွင့်သာ သေးသည်။ အမွှေးရနံ့မှာ ထက်အောက် ဝန်းကျင် လေသင့်ရာအနှံ့ ခရီးဝေးစွာ ပျံ့တတ်သောပန်း ဖြစ်သည်။ အပွင့်သေးသလောက် ရနံ့ကြွယ်သော ပန်းပါလေ။
တပေါင်း- တန်ခူး၊ နွေဦးမှာ ပွင့်သော ပန်းများအနက်၊ ကံ့ကော်ကို မရွေး။ ပိတောက်ကို မဆင်၊ သရဖီကို စင်တင်သည်မှာ ရှင်ငြိမ်းမယ်၏ ပါးနပ်မှုပင် ဖြစ်ပါလိမ့်မည်။
မိန်းကလေး၏ မေတ္တာမှာ ထုထည် ပြစားစရာ အားနည်းချင် နည်းမည်။
သို့သော် ... မေတ္တာအင်အားမှာ ထက်အောက်နံလျား ကြိုင်ရှားပျံ့လွင့်သော ပန်းရနံ့နှယ်ဟု တင်စားလိုဟန် ရှိသည်။ တစ်ဖန် သေးငယ်သော ပန်းပွင့်ကလေးများ၊ ကိုင်းတံတစ်လျှောက်၊ ပင်စည်တစ်လျှောက်၊ မှီတွယ် ဖူးပွင့်နေဟန်ဖြင့် တင်စားကာ ... ‘အားနွဲ့သူ မိန်းမသားမှာ အင်နှင့်အားနှင့်။ ယောက်ျား၏ ဘုန်းရိပ်မှာ ခိုလှုံလိုသူပါ’ ဟု သွယ်ဝိုက်လေသလား ထင်မှတ်ရသည်။
မည်သို့ပင် ဆိုစေ၊ ‘ရွှေဖီဦး’ ဟူသော ပန်းဖွဲ့လေးကြောင့်ပင် ကဗျာထဲမှ ချစ်သွေးဝင်စ မိန်းကလေး၏ အသွင်မှာ ပိုမို ပီပြင်လာရသည်။
ခေတ် အခါ မရွေး၊ အခြေအနေ မရွေး၊ မိန်းကလေးတို့၏ ဘဝမှာ ပန်း။ ယောက်ျားသားတို့မှာ ခူးဆွတ် ပန်ဆင်မည့်သူ။ ပန်းကိုသာ ပန်ဆင်လိုရိုး မှန်လျှင် ခါးတောင်း မြှောင်အောင်ကျိုက်၍ ပင်ဖျား ကိုင်းဖျား တက်လိုက တက်ရစေ။ မဥ္ဇူသကအတွက် ယက္ခငယ် နတ်မှူး ဘီလူးရယ် ကုမ္ဘဏ်ကို ရှိသမျှ အားမာန်နှင့် အာခံ၍ ရဲရစေတော့၊ မလျော့သော လုံ့လနှင့် ကြိုးကြမည့် သူချည့် ဖြစ်ကောင်း ဖြစ်ပါသည်။ သို့သော် ...
အလို ... အပျိုဖြူ၊ သူနှင့်ဆုံသည် ဂုံချိုကုံးငယ်နှင့်၊ ဆောင်လုံးညီးလေး။ ဟု ရှင်ငြိမ်းမယ်က ဗြုန်းခနဲ ပြည်ဖုံးကား ချလိုက်၏။
ဤနေရာတွင် “သူ” ဟု နာမ်စား သုံးထားသော မောင်ကြီးသည်၊ အိမ်သာ သော်လည်း ဧည့်အဖြစ် မလာ။ မိဿလင်နှင့် ချင်းကို တူးရန်လည်း မရောက်။ ရွှေဖီဦးကို ခူးဖို့လည်း မပေါ်ပေါက်။ မတော်တဆ လမ်းမှာ ဆုံ၍ ကြုံကြိုက်မိတော့မှပင်၊ “အလို ... သူ့ဆံထုံးမှာ၊ ဂုံချိုကုံးတွေနှင့်ပါလား” ဟု မျှော်လင့်သူမှာ တအံ့တဩနှင့် မောရတော့သည်။ မှန်းသူမှာ မတမ်းသာတော့ဘဲ လွမ်းရတော့မည်။ သို့သော်လည်း စာရေးသူက အလွမ်းကို ဦးစား မပေး။ မလွမ်းနိုင်လောက် အောင်ပင် ချက်ချင်းသားကြီး တအံ့တဩ ရင်ဆို့ သွားမိဟန်ကို “အလို” ဟူသော အာမေဋိတ်ဖြင့် အတိုချုပ် ပေးလိုက်သည်။
ဂုံချိုပင်မှာ အညာဝန်းကျင်၌ သိလွယ် မြင်လွယ်သော ချိုဟင်းရွက်ပင် တစ်မျိုး ဖြစ်ပြီး ခြံစည်းရိုးများ၌ နွယ်တင်လေ့ ရှိပါသည်။ နွေလယ်၌ စိမ်းစိုသော ဂုံညွှန့်၊ ဆူးပုတ်ကလေး၊ ကျီးအာ၊ ကင်းမုံ၊ စပျစ်၊ ရွှေဖရုံညွန့်လေးများကို ခပ်စပ်ရွက် ဟင်းချို ချက်သောက်ရသော အရသာမှာ အညာသူ အညာသားများအတွက် ထူးခြားသော အရသာ ဖြစ်ပါသည်။ ဂုံပင်မှာ ခွေးတောက်နှင့် ဆင်ပြီး၊ ခွေးတောက်ဖူး ကဲ့သို့ပင် ဂုံဖူးလေးများ ပွင့်တတ်သော်လည်း ပန်ဆင်ကောင်းသည်ဟု သတိ မထားခဲ့ပါ။
သို့သော် ရှင်ငြိမ်းမယ်က ဂုံချိုကုံးတွေ တစ်ဆောင်လုံး ညီးအောင် ပန်ခိုင်းထားခြင်းဖြင့်၊ အရောင်ဖြင့်ရော အမူအရာဖြင့်ပါ ရွှေဖီဦးကို မပန်။ ပန်ဆင်ရန် ပန်း ရှိပြီ ဖြစ်ကြောင်း၊ စိမ်းကား ရက်စက်လေဟန် ဖော်ပြထားခြင်းလည်း ဖြစ်နိုင်သည်။ အရောင် သက်သက်ဖြင့် စိမ်းပြလိုလျှင် စကားစိမ်းကို သုံးလျှင်လည်း ရကောင်းပါသည်။ သို့သော် စကားစိမ်းမှာ ပွင့်ဖတ်သာ စိမ်းသည်။ ရနံ့ မှာမူ ထူးခြား သင်းပျံ၍ ကြာရှည် ခံလှသည်။ မွှေးသော ပန်းကို မသုံးဘဲ ပန်ဆင်လေ့ မရှိသော ပန်း။ ရနံ့မဲ့သော ပန်းကို သုံးခြင်းဖြင့် နှမထွေးအပေါ် ရက်စက်လိုသော အမူအရာကို ပို၍ မြင်သာစေခြင်း ဖြစ်မလား တွေးထင်မိ၏။
ကဗျာတစ်ပုဒ်လုံး သွက်လက်ခဲ့သော မိန်းကလေး၏ အမူအရာ ယောက်ျားလေး လုပ်ရပ်က အလဲထိုး လိုက်သလိုပင်၊ ဤမျှ သွက်၍ ဤမျှ ချစ်စရာကောင်းသော နှုတ်ရေးစကားတတ် မိန်းကလေးကို ဤမျှ ရက်စက်ရပါမည်လားဟု တနုန့်နုန့် ဖြစ်မိရ၏။ ချစ်သွေးဝ၍ ရွှင်လန်းတက်ကြွ အသက်ဝင်နေသော မိန်းကလေးခမျာ မထင်မှတ်ဘဲ ကြုံကြိုက် လိုက်ရသော ဥပေက္ခာကြာင့် အိုးတိုးအတ ဖြစ်သွားရပုံကို သနားမဆုံး ဖြစ်မိရသည်။ ဤသည်ပင် ရှင်ငြိမ်းမယ်၏ အတတ်ပညာ ဖြစ်ပါလိမ့်မည်။ သွက်လက်သော အပြောနှင့်၊ ရက်စက်သော အမူ၊ ဤနှစ်ခုကို သူနေရာနှင့်သူ အံကျထားလိုက်ခြင်းဖြင့် ကဗျာလေးကို ရင်ထဲ စွဲငြိနေအောင် ဖန်တီးလိုက်နိုင်ပါသည်။ သွက်လက်သော မိန်းကလေးအပေါ် သံယောဇဉ် ဖြစ်မိသလောက် ရက်စက်သော သူ့အပေါ် အားမလို အားမရ ဖြစ်မိကာ ကဗျာကို ကဗျာဟု မမြင်။ ကြားဝင်ပေးရမည့် တကယ့် အဖြစ်အပျက် တစ်ခုပမာ ထင်မှတ်ချင် လာမိသည်။
ရှင်ငြိမ်းမယ်သည် သွက်လက်ပွင့်လင်းသော မိန်းကလေး၏ စရိုက်ဖြင့် စာဖတ်သူကို နှစ်သက် သံယောဇဉ် ဖြစ်စေပြီးမှ မည်သို့မျှ စကားမဆို၊ အလိုလို မထုံတက်သေး၊ သွေးအေးအေးနှင့် စိမ်းကားလိုက်သော မောင်၏ အမူအရာဖြင့် ကဗျာကို တိခနဲ ရပ်လိုက်ခြင်းမှာ တသသ သယ်လာသော ရတနာထုပ်ကို မြစ်လယ်ရောက်မှ ရေနက်ထဲ ပစ်ချ လိုက်သလိုပင်။ တစ်ချိန်လုံး မိန်းကလေး၏ တူနှစ်ကိုယ် ချစ်ကြင်ရေး စိတ်ကူးယဉ် ဇာတ်လမ်းလေးကို ချဲ့တွေးရင်း အလိုက်သင့် မျောပါ သွားမိပြီးမှ၊ မထင်မှတ်သော အချိန်၊ မထင်မှတ်သော နေရာမှာ ဗြုန်းခနဲ ရပ်လိုက်ခြင်းကြောင့် အိပ်မက်မှ လန့်နိုးသူလို ယောင်တီး ယောင်န ဖြစ်ခဲ့ရ၏။
စာရေးသူ ရှင်ငြိမ်းမယ်သည် ဤကဗျာကို အဖြစ်သက်သက် အနေနှင့် မရေး၊ လေးနက်သော အတွေးဖြင့် ရေးသည် ဆိုပါလျှင်၊ ကြံစည်တိုင်းလည်း မဖြစ်၊ မကြံစည်သော်လည်း ဖြစ်တတ်သော သဘောအရ လိုသလို မဖြစ်၊ ကံပစ်ချသလို ခံရရိုးရှိသော လောကဓံ၏ သဘာဝကို သိမ်မွေ့စွာ ညွှန်းလေသလား၊ သို့တည်းမဟုတ် ချစ်ချင်တိုင်းလည်း မပိုင်၊ ဆိုင်ချင်သော်လည်း မရသည့် မေတ္တာသဘော သက်သက်ကိုသာ အရိပ်အမြွက်မျှ ဖော်ပြလေသလား ဒွိဟ ပွါးစရာပင်။
ဪ ... သူ့ခမျာ ကြွေတော့ ကြွေရှာပါသည်။ သို့သော် ချစ်သူ့ ဆံကေရှင်မှာ ဝေခွင့် မရ။ ပန်သူမဲ့ရှာသော ပန်းကလေး တစ်ပွင့်မျှသာ။
----------------------
နတ်မောက်အနီချို
(သခင်မခြွေပါဘဲလျက်နှင့် ... ဝတ္ထုတိုမှ)

0 comments:

Post a Comment