Monday, July 22, 2019

လူမျိုးရေးအလံထောင်ကြလျှင်

0 comments
ကရင်က လူမျိုးရေးအလံထူပြီးတိုက်သောအခါ နေဝင်း၊ အောင်ကြီးတို့က “ပြည်ထောင်စုမပြိုကွဲရေး“ ကြွေးကြော်ကာ ဗမာလူမျိုးရေးအလံလွှင့်ပြီးလူစုသည်။ BTF တပ်ရင်းများ အလွယ်တကူဖွဲ့နိုင်သည်။(ဖဆပလ အစိုးရက ၁၉၄၉ ဇန်နဝါရီအကုန် နောက်ဆုံးထားပြီး တပ်ရင်းအသစ်များဖွဲ့စေသည်။ ထိုတပ်များကို BTF (Burma Territorial Force)ဟု နံမည်ပေးဖွဲ့ရသည်။ “ဗြိတိတိသျှစစ်မင်ရှင်“၏ ကန့်ကွက်မှုကိုကျော်လွှားရန်ဖြစ်ပုံရသည်။ ကရင်တပ်များတောခိုပြီးမှ ဖွဲ့ခြင်းခြစ်သည်။ အင်္ဂလိပ်က လက်နက်မရောင်းဘဲပိတ်သည်။ အင်္ဂလိပ်ကပိတ်သဖြင့ အမေရိကန်ကလည်းမရောင်း။ ဒုက္ခတွေ့နေစသ် အိန္ဒိယနေရူးအစိုးရက ကူညီသည်)
ကရင်က ကရင်လူမျိုးကိုသာ စည်းရုံးနိုင်သည်။ ကရင်နှင့်အိမ်ထောင်ကျသူအခြားလူမျိုးကိုပါ စည်းရုံးနိုင်ဦးတော့ သိတ်မများနိုင်။ လွန်ရောကျွံရော ဗမာပြည်လက်ရှိလူဦးရေ သန်း ၅ဝ နှင့်တွက်လျှင်(အမေရိကန်နှစ်ချုပ်စာရင်းအရ ကရင် ၇ ရာခိုင်နှုန်းရှိသည်ထားပြီးတွက်လျှင်) ၃ သန်းခွဲရှိမည်။ ကရင်တိုင်းကလည်း “ကရင့်တော်လှန်ရေး“ထောက်ခံကြသည်မဟုတ်။
ဗမာလူမျိုးက သန်း ၃ဝ ကျော်သည်။ ယခု နအဖ က ၄ သိန်းခွဲ တပ်သားစုထားနိုင်သည်ကိုကြည့်ပါ။ ရိုင်ဖယ်ပေးနိုင်လျှင် ပေးနိုင်လောက် ထပ်စုရသေးသည်။ အာဏာကိုင်ထားသူဖြစ်၍ လခမပေးနိုင်မှာမပူရ။ ဝါဇီရှိသရွေ့ ပေးနိုင်သည်။ ထမင်းမကျွေးနိုင်မှာ မပူရ။ လယ်သမားတွေ လယ်စိုက်နေသရွေ့ ပေးနိုင်သည်။ သာမန်လူတွေသာ ငတ်မည်။ စစ်သား မငတ်။
လူမျိုးရေးအလံထူပြီး အပြိုင်အဆိုင်တိုက်ကြလျှင် ဗမာစစ်အုပ်စုက အသာစီးရမည်။ နအဖ၏ ဗမာလူမျိုးရေးစိတ်ဓာတ်က KNU ထက် ပြင်းထန်သည်။ လူမျိုးခြားနှင့်အိမ်ထောင်ပြုလျှင် ဗမာထဲက ငယ်စာရင်းပယ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ကြည့်။
ရင်းနှီးသောမိတ်ဆွေကြီး မရန်ဘရန်ဆိုင်း(ကွယ်လွန်)က ကျနော်တို့ကို တခါက တွက်ချက်ပြဖူး၍ လူနည်းစုအမျိုးသားတို့စဉ်းစားပုံကို ကွန်မြူနစ်များ သတိပြုမိခြင်းဖြစ်သည်။ ၁၉၇၉ ခုနှစ်က ဖြစ်သည်။
KIO မဆလ အစိုးရ ကျိတ်ဝိုင်းဆွေးနွေးပွဲလုပ်သည်။ အပေးအယူတည့်သည်။ သဘောတူညီချက် ၁၇ ချက်(ထင်သည်)ရသည်။ အနှစ်သာရက လက်နက်ချရေးဖြစ်သည်။ KIO က မဆလအခြေခံဥပဒေကို လက်ခံရမည်။ KIA ဖျက်ပြီး လက်နက်များအပ်ရမည်။ နောက်မှ စိစစ်ပြီး အစိုးရလုံထိန်းတပ်အဖြစ် ဖွဲ့ပေးမည်။ လက်နက်သစ် တပ်ဆင်ပေးမည်။ မဆလ အခြေခံဥပဒေအရ နိုင်ငံရေးအဖွဲ့အစည်းရပ်တည်ခွင့်မရှိသဖြင့် KIO ကိုဖျက်ပေးရမည်။ ကချင်ပြည်နယ် “ပြည်သူ့ကောင်စီ“တွင် ခေါင်းဆောင်တချို့ကို နေရာပေးမည် စသည့်အချက်များပါသည်ဟု မှတ်မိနေသည်။ မည်မျှအထိ အသေးစိတ်သလဲဆိုလျှင် KIO အတွင်းမှ တောခိုကျောင်းသားများအတွက်ပင်ပါသည်။ တောခိုမသွားမိနေခဲ့သည့်အတန်းထက် ၂ ဆင့်ကျာ်ပြီး အအောင်ပေးမည်ဟုပါသည်။ (၈)တန်းက တောခိုသွားသူသည် (၁ဝ)တန်းအောင်ပြီးသူဖြစ်မည်။ တက္ကသိုလ်နောက်ဆုံးနှစ် တက်နေသူဆိုလျှင် ဘွဲ့ရပြီးဖြစ်ရုံမက ဘွဲ့လွန်ပထမနှစ်အောင်ပြီး ဖြစ်နေမည်။ ဤကိစ္စမျိုးတွင် စစ်အုပ်စုက အလွန်လိုက်လျောတတ်ပါသည်။
ဤသို့အပေးအယူတည့်နေကြောင်းကို(ဗကပ)က ကြားပါသည်။ နေဝင်းနှင့် (ဗကပ)ပီကင်းတွင်တွေ့သောအခါ သေချာသွားသည်။
နေဝင်းက “ဦးဘရန်ဆိုင်းမျက်နှာမြင်လိုက်တာနဲ့ ဒီလူရိုးသားတယ်၊ အလုပ်ဖြစ်နိုင်မယ်ဆိုတာ တန်းပြီး သူသိလိုက်ကြောင်း၊ ဒါ့ကြောင့် သူ့လူတွေကို အပေးအယူမျှကြဖို့ ညွှန်ကြားရကြောင်း၊ ပီကင်းကပြန်လျှင် လက်မှတ်ထိုးပွဲလုပ်ရုံသာကျန်ကြောင်း၊ ဆွေးနွေးပွဲအောင်မြင်တဲ့အနေနဲ့ မဆလထိပ်သီးတွေအားလုံးတက်တဲ့ ထမင်းစားပွဲကြီးလုပ်ပြီး မှတ်တမ်းတင်ထားကြောင်း“ ကယားရေလွှတ်ကြွားသည်။ (ဗကပ)က ဘာမှတ်ချက်မှ မပေးလိုက်ပါ။
ပီကင်းကပြန်လာမှ ဦးဘရန်ဆိုင်း၊ ဦးဇော်မိုင်းတို့ကိုတွေ့လိုကြောင်း (ဗကပ)ကဖိတ်သည်။ သူတို့ ပန်ဆန်းလာကြသည်။
အတိုချုံးလျှင် (၁၇)ချက်ဟာ လက်နက်ချရေးဖြစ်တာကို သူတို့သိကြောင်း၊ ရေရှည်တိုက်လျှင် ဗမာကကျန်ရစ်ပြီး သူတို့ကချင်လူမျိုး မျိုးပြုတ်မည်ဖြစ်၍ လက်နက်ချရကြောင်းပြောပါသည်။ သူတို့စဉ်းစားချက်မှာ.... ဗမာက သန်းပေါင်း ၃ဝ ကျော်ရှိပြီး ကချင်က တသန်းပင်မရှိကြောင်း၊ စစ်တိုက်ရာတွင် ဗမာဆယ်ယောက် ကချင်တယောက်နှုန်းသေကြလျှင်ပင် ဗမာက သန်း ၂ဝ ကျော်ကျန်ပြီး သူတို့ကချင် မျိုးပြုတ်မှာဖြစ်ကြောင်းရှင်းပြပါသည်။ ထို့ကြောင့် ရေရှည်စစ်ပွဲမတိုက်ချင်တော့ကြောင်း ပြောပြပါသည်။
KIO ၏ရှင်းပြချက်ကို ဗပက က နားလည်မှုရှိပါသည်။ ဆက်ပြီးတောင့်ထားကာ တိုက်လျှင် အခြေအနေကောင်း မုချပေါ်မည်။ ဗကပ က ဆက်တိုက်နိုင်ရန် ကူညီမည်ဟုပြောခဲ့သည်။ သူတို့ လက်ခံသွားပါသည်။ တဆက်တည်း သူတို့ မဒတ(အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု)ထဲ ပြန်ဝင်မည်ဟုပြောပါသည်။ အင်္ဂလန်၊ အမေရိကန် သွားချင်သည်ဟုပြောသည်။
မဒတထဲဝင်တာကောင်းသည်။ အင်္ဂလန်၊ အမေရိကန်သွားချင်တာနဲ့ပတ်သက်ပြီး နားလည်မှုနှင့် သဘောပေါက်မှုရှိပါသည်။ KIO မှာ လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်၍ လွတ်လပ်စွာဆုံးဖြတ်ပါဟုပြောခဲ့သည်။
အဆမတန်အားနည်းသောလူမျိုးက အားကြီးသောလူမျိုးကိုတိုက်နေရလျှင် အားကိုးတခုခုကို ရှာရစမြဲဖြစ်သည်။
(၂ဝဝ၂ ခုနှစ်ထုတ် ပြည်သူ့အာဏာဂျာနယ်၊ ပြည်ထောင်စုပြဿနာ ဆောင်းပါးမျ ကောက်နှုတ်ပြီး စာရိုက်တင်ပေးတာပါ။ မျိုးမြင့်ချို)

0 comments:

Post a Comment