Saturday, July 27, 2019

မတရားမှုအားလုံးရဲ့ အခေါင်အချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေ

0 comments
မတရားမှုအားလုံးရဲ့ အခေါင်အချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေ
ဒီသတင်းထဲမှာ ၂၀၀၈ အခြေခံဥပဒေ ပျက်ပြယ်ကြောင်း စာချွန်တော်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပြီတဲ့။ ဒါက ဘာအဓိပ္ပာယ်လဲ။ ဘယ်လောက်လေးနက်ပါသလဲ။

လူဦးရေ စာရင်းမမှန်မကန်နဲ့ အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ အစကတည်းက တရားမဝင်ဘူးလို့ ဦးဒေးဗစ်လှမြင့်တို့ ဦးနိုင်းနိုင်းတို့အဖွဲ့က ထုတ်ပြောလိုက်တာပဲ။

ပဋိညာဉ် ဥပဒေ သဘောတရားအရဆိုရင် လိမ်လည် အတည်ပြုထားတဲ့ ပဋိညာဉ်တခုဟာ အဲဒီအတည်ပြုစဉ်ကတည်းက အလိုလို ပျက်ပြယ်တယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေကြီးဟာ အစကတည်းက ဥပဒေလိမ်၊ ဥပဒေညာ ဖြစ်တယ်။ ဘယ်တုန်းကမှ တရားမဝင်ဘူး။ ဦးဒေးဗစ်လှမြင့်တို့ ဦးနိုင်းနိုင်းတို့ ၉၀ လွှတ်တော်အမတ်တွေ ပြောချင်တဲ့ အချက်က ဒါပဲ။

ဒါကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်ခံပြီး စစ်ဆေးဆုံးဖြတ်မယ်ဆိုတာဟာ ဦးဒေးဗစ်လှမြင့်တို့ ဦးနိုင်းနိုင်းတို့ရဲ့ တိုက်ကွက် အောင်မြင်မှု ရတဲ့ သဘောပဲ။ အနိမ့်ဆုံး အဆင့်တော့ ဒီဥပဒေဟာ မတရား လိမ်လည် အတည်ပြုထားတဲ့ ဥပဒေဆိုတာကို ကမ္ဘာသိအောင် ကြေညာလိုက်နိုင်တာပဲ။

ဒီ ၂၀၀၈ အခြေခံဥပဒေ တရားမဝင်ပျက်ပြယ်ရင် အဲဒီဥပဒေအရ ပေါ်ထွက်လာတဲ့ လွှတ်တော်လည်း ပျက်ပြယ်တယ်။ အဲဒီဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရလည်း ပျက်ပြယ်တယ်။ နောက်ထပ် အခြေခံဥပဒေသစ်တရပ်ကို အမြန်ဆုံး ရေးဆွဲ အတည်ပြုဖို့လိုအပ်တယ်။ ဒါက တရားမျှတမှု သဘော၊ ဥပဒေ သဘောအရ လမ်းကြောင်းမှန်မှန် ရိုးရိုးသားသား စဉ်းစားရင် ထွက်ပေါ်လာတဲ့ အဖြေပဲ။

ဒါပေမယ့် ဒီအခြေခံဥပဒေဟာ မတရားတဲ့ ဥပဒေဆိုတာ (တကယ်တော့) တတိုင်းပြည်လုံး၊ တနိုင်ငံလုံးက သိပြီးသားပဲ။ အဲဒီအခြေခံဥပဒေ အတည်မပြုခင်ကတည်းက သိပြီးသား။ သိလျက်သားနဲ့ မတရားမှန်သိသိကြီးနဲ့ မတတ်သာလို့ ခေါင်းငုံ့ခံနေရတဲ့ အဆိုးဝါးဆုံး အကြီးမားဆုံး မတရားမှုကြီးပဲ။ တနည်းအားဖြင့် ပြောရရင် မြန်မာနိုင်ငံမှာရှိတဲ့ မတရားမှုအားလုံးရဲ့ အခေါင်အချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေပဲ။ သက်ငယ်မုဒိမ်းမှု ဖြစ်တာ၊ စစ်သားတွေက တိုင်းရင်းသူတွေကို မုဒိမ်းကျင့်တာ၊ စစ်တပ်က ရိုဟင်ဂျာ ရွာတွေမီးရှို့ လူတွေ အစုအပြုံလိုက်သတ်တာ၊ စစ်တပ်က ရခိုင်လူမျိုး အရပ်သားတွေကို ခေါ်ယူစစ်ဆေးပြီး ညှင်းပန်းသတ်ဖြတ်တာ၊ ရပ်ရွာထဲမှာ လူသတ်မှုတွေ ဓားထိုးမှုတွေ များလာတာ၊ ဘိန်းနဲ့ မူးယစ်ဆေးတွေကို ဆယ်ဘီးကားကြီးတွေနဲ့ အချီကြီးချနေတဲ့လူတွေကို မဖမ်းနိုင်တာ၊ လူသတ်ထားပါတယ်လို့ ဝန်ခံပြီးသား တရားခံကို လာဘ်စားပြီး တရားသူကြီးနဲ့ တရားရေးအဖွဲ့တဖွဲ့လုံးက လွှတ်ပေးလိုက်တာ၊ လေယာဉ်ကွင်းမှာ ဗြောင်ကျကျလူသတ်သွားတဲ့ ဦးကိုနီသတ်ဖြတ်မှုရဲ့ တရားခံ အောင်ဝင်းခိုင်ကို ဖမ်းမမိတာ၊ ဦးကိုနီသတ်မှုမှာ အဓိက ခိုင်းစေသူ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်ပဲချတာ၊ ဦးကိုနီသတ်မှုမှာ အောင်ဝင်းခိုင် ဇေယျာဖြိုးတို့ကို ခိုင်းတဲ့ နောက်ကွယ်က စစ်အာဏာရှင်တွေ ရှိမှန်းသိလျက်နဲ့ အမျိုးသားရင်ကြားစေ့ရေးကိုထောက်ထားပြီး စုံလုံကန်းလုပ်နေရတာ စတဲ့.... စတဲ့ မြောက်မြားလှစွာသော မတရားမှု အားလုံးရဲ့ အခေါင်အချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေဖြစ်တယ်။

ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေဆိုတာ အာဏာမဟုတ်ဘူး။ အာဏာနဲ့ ထောက်ပံ့တည်ဆောက်ထားတဲ့ စနစ်တခုရဲ့ ကိုယ်ထည် frame work တခုသာ ဖြစ်တယ်။ အဲဒီ ၂၀၀၈ အခြေခံဥပဒေကိုယ်တိုင်က အာဏာမဟုတ်ဘူး။ သူဟာ ယန္တရားတခု စနစ်တခုကို အကောင်အထည်ဖော်ဖို့ ပုံကြမ်းလောင်းပေးတဲ့ အရာသာဖြစ်တယ်။ အဲဒီပုံကြမ်းကို တည်တံ့ခိုင်မြဲအောင် နောက်ကနေ ကျားကန်ထားတဲ့ အရာကသာ အာဏာဖြစ်တယ်။

အဲဒီအာဏာဆိုတာက တခြားမဟုတ်ဘူး။ စစ်တပ်ဖြစ်တယ်။ အဲဒီအာဏာကို ချုပ်ကိုင်ထားသူဟာ စစ်တပ်ကို နွားဖားကြိုးထိုး ဇက်ချုပ်ထားတဲ့ စစ်အာဏာရှင်တွေ ဖြစ်တယ်။ NLD ကကြောက်နေတာဟာလည်း တကယ်တော့ ၂၀၀၈ အခြေခံဥပဒေမဟုတ်ဘူး။ အဲဒီအခြေခံဥပဒေကို ကျားကန်ပေးထားတဲ့ စစ်တပ်နဲ့ အဲဒီစစ်တပ်ကို နွားဖားကြိုးထိုးထားတဲ့ စစ်အာဏာရှင်တွေကို ဖြစ်တယ်။

ဒီတော့ ဒီအခြေခံဥပဒေဟာ အစကတည်းက ပျက်ပြယ်တယ်ပြောပြော၊ လွှတ်တော်ကနေ နှစ်ပေါင်း ၃၀ အချိန်ယူပြီး ပြင်မယ်ပြောပြော အဲသလို ပြောသမျှဟာ အလကားပဲ။ အချည်းနှီးပဲ။ ၁၀ နှစ်ကြာအောင်ပြင်ပြင်၊ နှစ် ၃၀ ကြာအောင်ပြင်ပြင်၊ အခုချက်ချင်းပဲ ဖျက်ဖျက်၊ အစကတည်းကပျက်တယ် ပြောပြော အဲဒါတွေအားလုံးဟာ သန်းရွှေမင်းအောင်လှိုင်ရဲ့ စစ်ဖိနပ်ရှေ့မှာ လမ်းဆုံးတယ်။ သူတို့က နိုးဆိုတာနဲ့ အာလုံးပွဲသိမ်းတယ်။ စစ်တပ်ကို စစ်အာဏာရှင်ကို ထိပ်တိုက် မရင်ဆိုင်ရဲသမျှ အဲဒီမှာ လမ်းဆုံးနေမှာပဲ။

စစ်အာဏာရှင်ကို ရင်ဆိုင်ဖို့ နည်းလမ်းဟာ ၂ နည်းပဲ ရှိတယ်။ အေအေ ရခိုင့်တပ်မတော်တို့၊ ကေအိုင်အေ၊ ကေအန်ယူ၊ ဝပြည်တပ်မတော်တို့လိုမျိုး လက်နက်နဲ့ ရင်ဆိုင်ချင်ရင်ဆိုင်၊ အဲသလိုမှ မဟုတ်ရင် ၁၃၀၀ ပြည့်အရေးတော်ပုံတုံးကလို၊ ၈၈ ခုနှစ်တုံးကလို လူထုတရပ်လုံး လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ကို တောခြောက်မောင်းထုတ်ချင်ထုတ်၊ အဲဒီ ၂ နည်းကလွဲပြီး တခြားနည်း မရှိဘူး။ အဲသလိုနည်းမျိုးနဲ့ လုပ်ရင် တိုင်းပြည်ပျက်မှာပေါ့၊ လူတွေ သေကုန်မှာပေါ့၊ ဒုက္ခရောက်မှာပေါ့လို့ ပြောတဲ့လူတွေ အများကြီးရှိကောင်းရှိလိမ့်မယ်။ အဲသလို အများကြီး ရှိနေအောင် စစ်အုပ်စုက တမင်လုပ်ထားတာ။ တော်တော်ပြင်းပြင်းထန်ထန် ကြိုးစားထားတာ။ အဲဒီတော့ အဲသလို ရှိတာဟာ မဆန်းဘူး။ အဲဒီအတွေးအခေါ်ဟာ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့ သတ္တိတွေ အညွန့်ကျိုးအောင် စစ်အာဏာရှင်တွေက နှစ်ပေါင်း ၃၀ ကျော် မှိုင်းတိုက်သွင်းထားတဲ့ အတွေးအခေါ်ပဲ။ အဲဒီအတွေးအခေါ်ကို နေဝင်းမောင်အတွေးအခေါ်၊ ဗဟု အတွေးအခေါ်၊ အီးဂရက်စ်အတွေးအခေါ်၊ ကျော်ဝင်း အတွေးအခေါ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွေးအခေါ်တွေနဲ့ ဝိုင်းရံထားတယ်။

အခု ဒေါ်စုနဲ့ NLD တို့လုပ်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာဟာလည်း ဘာတခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်ပြင်ချင်တဲ့ ပြောင်းချင်တဲ့ ဆန္ဒအမှန်နဲ့ လုပ်နေတာလည်း မဟုတ်ဘူး။ လူထုကို လိမ်ညာလှည့်စားနေတာသာဖြစ်တယ်။ ရှေ့ဖုံးကနေ နောက်ကျောဖုံးအထိ တလုံးမှ မကောင်းတဲ့ ဒီအခြေခံဥပဒေကို ဖျက်မယ် မပြောရဲလို့ ပြင်မယ်လို့ ပြောင်းပြောခဲ့ဖူးပြီးပြီ။ လူတွေရဲ့ လက်မှတ် ၅ သိန်း ကောက်ခံပြီးမှ ဘာမှ မလုပ်ရဲလို့ လျှောချခဲ့ဖူးပြီ။ အခုပြင်မယ်ပြောင်းမယ် ပြောနေတာဟာ သူတို့ပေးထားတဲ့ ရွေးကောက်ပွဲ ကတိကြောင့် အရှက်ပြေလုပ်ပြပြီး လူထုကို နှစ်သိမ့်လိမ်ညာနေတာ သက်သက်သာ ဖြစ်တယ်။ အခြေခံဥပဒေ ပြင်ရေး လူထုဆန္ဒပြပွဲတွေမှာ တန်ဖိုးထားလောက်စရာဆိုလို့ တခုပဲရှိတယ်။ အဲဒါကတော့ လူထုဟာ ဒီအခြေခံဥပဒေကို လက်မခံဘူး၊ ဆန့်ကျင်နေသေးတယ်ဆိုတာ ဖော်ပြနေတဲ့ အချက်တချက်ပဲ။ အဲဒါကလွဲပြီး တခြား ဘာတန်ဖိုးမှ မရှိဘူး။ အစိုးရကိုယ်တိုင် ဦးဆောင်နေတဲ့ ဇာတ်တိုက် လိမ်ညာမှုကြီးပဲ။ လူထုကို လိမ်ညာတဲ့ ဧရာမမျက်လှည့်ပွဲကြီးပဲ။

အများပြည်သူဆန္ဒပြရင် ပုဒ်မအမျိုးတပ်ပြီး ဖမ်းဆီး၊ထောင်ချ၊ တရားစွဲနေတဲ့ ဒီနိုင်ငံမှာ အစိုးရက ကမကထ ပြုတဲ့ အခြေခံဥပဒေပြင်ရေးဆန္ဒပြပွဲကြီးတွေနဲ့ စစ်တပ်က ကမကထပြုတဲ့ မျိုးချစ်ဆန္ဒပြပွဲကြီးတွေကိုတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မြင်နေရတာ ရယ်စရာလည်း ကောင်းတယ်။ ရှက်စရာလည်း ကောင်းတယ်။ ဒီမိုကရေစီဆိုတာ ဘယ်သူ့အတွက် ဒီမိုကရေစီလဲ ဆိုတာဟာလည်း ထင်သာမြင်သာ ရှိလွန်းလှတယ်။

ဦးဒေးဗစ်တို့ ဦးနိုင်းနိုင်းတို့ရဲ့ အားထုတ်ကြိုးပန်းမှုကို ချီးကျူးဂုဏ်ပြုပါတယ်။ ဒါပေမယ့် ဒေါ်စုနဲ့ NLD ပါတီက စစ်အာဏာရှင်ကို ကြောက်နေသမျှ ဘာမှ အလုပ်မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်တယ်။

ပြည်သူလူထုအနေနဲ့ ဦးဒေးဗစ်တို့ ဦးနိုင်းနိုင်းတို့ကို အားကိုးနေလို့လည်း အလုပ်မဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုအားကိုးနေလို့လည်း အလုပ်မဖြစ်နိုင်ဘူး။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှပဲ ရနိုင်လိမ့်မယ်။

ဇော်ဝင်း
၈၈ ဗကသ

0 comments:

Post a Comment