Saturday, July 27, 2019

(ကိုယ့်ဘက်ပါတော့ ကိုယ့်ဟာဖြစ်ပါတယ်)

0 comments
(ကိုယ့်ဘက်ပါတော့ ကိုယ့်ဟာဖြစ်ပါတယ်)
တပြည်လုံး ကိုလိုနီလုံးလုံးဖြစ်သွားပြီး အုပ်ချုပ်ရေး အထိုင်သေချာချခါနီးမှ အင်္ဂလိပ်က နယ်နမိတ်သတ်မှတ်တာ စလုပ်ပါတယ်။ မြေတိုင်းနဲ့ကြေးတိုင်အလုပ် အတိအကျလုပ်ပါတယ်။ အခွန်အခနဲ့ အာဏာစက်ဖြန့်ကျက်ရတာ လွယ်ဖို့ဖြစ်ပါတယ်။ အဲ့ဒီတော့မှ ဗမာနိုင်ငံရယ်လို့ အတည်တကျ ဖြစ်တာပါ။ ဒီ့မတိုင်က ဗမာပဒေသရာဇ်တွေပြောတဲ့ “နိုင်ငံတော်“ဆိုတာပဲ ရှိပါတယ်။ 

အခြားလူမျိုးစု ပဒေသရာဇ်တွေကလည်း တခေါ်လောက်ဝေးတာနဲ့ တပြည်ထောင်ပြီး တမင်းလုပ်နေကြတဲ့ သူတလူငါတမင်း ပြည်ငယ်တိုင်းငယ်တွေ အများအပြားရှိပါတယ်။ ဗြိတိသိသျှက နယ်နမိတ်ကို တရုတ်နဲ့လုပ်တော့ ဒီဘက်ပါလာတဲ့ကချင်၊ လီရှော၊ လားဟူ၊ အခါ၊ ဝ၊ ကိုးကန့်က ဒီဘက်ကတိုင်းရင်းသားဖြစ်ပြီး ဟိုဘက်ပါသွားတဲ့လူတွေကလည်း ဟိုဘက်က တိုင်းရင်းသားဖြစ်ကုန်ပါတယ်။ နောက်တော့ နိုင်ငံသားဘာညာတွေဖြစ်ကြတာပေါ့။ 

အလားတူပဲ ယိုးဒယားနဲ့လုပ်၊ လာအိုနဲ့လုပ်၊ အိန္ဒိယနဲ့လုပ် လုပ်ပါတယ်။ နောင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ ဖြစ်လာမယ့် အရှေ့ပါကစ္စတန်နဲ့လည်း လုပ်ပါတယ်။ အဲ့အချိန်က ဗမာနဲ့ကပ်နေတဲ့ အဲ့ဒီဒေသဟာ အိန္ဒိယပိုင်နက်ပါ။ လုပ်တော့ ဟိုဘက်မှာကျန်ခဲ့တဲ့ ရခိုင်ရွာတွေရှိသလို ဒီဘက်ထဲပါလာတဲ့ ဘင်္ဂါလီရွာတွေလည်း ရှိပါတယ်။ တခြား လူမျိုးစုငယ်တွေလည်း သူ့ဘက်ပါ ကိုယ့်ဘက်ပါတွေ ပါကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေနဲ့ သူတို့ရွာတွေလည်း အလားတူဖြစ်ခဲ့ကြတာပါ။ တရုတ်ဘက် နယ်စပ်မျဉ်းဟာ တချို့နေရာတွေမှာ ရွာလည်ကောင်မှာ ကျောက်တိုင်တည့်တည့် ကျတာမို့ တရွာတည်း ဒီဘက်အခြမ်းက ဗမာပိုင်၊ ဟိုဘက်ခြမ်းက တရုတ်ပိုင်အထိဖြစ်နေတာ ကျနော် စစ်သားတုန်းက တွေ့ခဲ့ဖူးပါတယ်။

ဒီနေရာမှာပြောချင်တာက ဟိုဘက်တည်းပါသွားပြီး ဟိုဘက်နိုင်ငံသားဖြစ်နေတဲ့ ကချင်၊ လားဟူ၊ လီရှော၊ မွန်၊ ပဒေါင်၊ ကရင်၊ ရခိုင်၊ မြို၊ သက်၊ ချင်း၊ နာဂ စတဲ့လူတွေကို ငါတို့တိုင်းရင်းသားတွေ ငါတို့တိုင်းရင်းသားတွေလို့ တချို့က ပြောတတ်ကြတာဟာ မသိလို့ပြောနေကြတာဖြစ်ကြောင်းက တချက်ပါ။ နောက်တချက်က ကိုယ့်ဘက်ပါလာတဲ့ ဟိန္ဒူတွေ၊ ဘင်္ဂါလီတွေ၊ လာအိုနွယ်တွေ၊ ရိုဟင်ဂျာတွေ၊ ကိုးကန့်တွေ၊ မုန်းကိုးတွေကိုလည်း နိုင်ငံခြားသားတွေ ဗမာတိုင်းရင်းသားတွေ မဟုတ်ဘူးလို့ပြောနေတာဟာ ညာဏ်နည်းရာကျကြောင်း ပြောချင်တာပါ။ ဒီဘက်ပါလာရင် ကိုယ့်အမျိုးသားဖြစ်ပြီး ဟိုဘက်ပါသွားတော့ သူ့အမျိုးသားဖြစ်သွားပါတယ်။ ဒီဘက်ကဟာက ကိုယ့်ဘက်က လူမျိုးစုဖြစ်ပြီး ဟိုဘက်ကဟာက သူ့လူမျိုးစုဖြစ်သွားပါတယ်။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာနဲ့ အကူအလူးအဆက်အဆံတွေကတော့ ကမ္ဘာပေါ်က နပ်စပ်တိုင်းမှာ ဖြစ်တဲ့အတိုင်း ဖြစ်နေတာပါ။

ကျနော်တို့ဟာ လူမျိုးနဲ့အမျိုးသားကို ခွဲခွဲခြားခြား ကွဲကွဲပြားပြားသိမြင်ဖို့လိုသလို လူမျိုးရေးဝါဒနဲ့ အမျိုးသားရေးဝါဒကိုလည်း စိတ်ဖြာကျနနားလည်ကြဖို့လိုပါတယ်။ ဒီနေရာမှာ ဗမာပြည် ကွန်မြူနစ်ပါတီကထုတ်ဝေတဲ့ လုပ်ငန်းစဉ်နှင့်ရန်သူကြီး(၃)မျိုးထဲက ဖော်ပြချက်ကို နည်းနည်း ကိုးကားပါရစေ။ လေ့လာကြည့်ဖို့ပါ။ ခေတ်နောက်ခံက နဝတ စစ်အစိုးရလက်ထက်ပါ။

(အမျိုးသားရေးလော လူမျိုးရေးလော)
နဝတ စစ်ခေါင်းဆောင်များ၏ အပြောအဆိုများတွင်လည်းကောင်း၊ အထူးသဖြင့် စစ်အစိုးရထုတ် သတင်းစာနှင့် မဂ္ဂဇင်းတွင်လည်းကောင်း လူမျိုးရေးအပြောအဆို အရေးအသားများ အများအပြား တွေ့နေရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စကို ဦးတည်ထားကြောင်းထင်ရှားသည်။
လူမျိုးရေးဝါဒကို ဝါဒဖြန့်ကျင့်သုံးနေလျှင် ပြောင်းပြန်အကျိုးဆက်ကိုသာ ဖြစ်စေလိမ့်မည်။ ဗမာပြည်သည် လူမျိုးပေါင်းစုံနေထိုင်ရာဖြစ်သည်ကို သတိပြုပါ။ ကိုယ့်ရှူး ကိုယ်ပတ်ဖြစ်လာလျှင် တတိုင်းပြည်လုံးနစ်နာလိမ့်မည်။
 
အမျိုးသားရေးနှင့် လူမျိုးရေးမတူပါ။ “အမျိုးသား” ဟူသည်မှာ တိုင်းပြည်အတွင်းနေထိုင်သော လူမျိုးအားလုံးကို ခြုံ၍ခေါ်သည့်ဝေါဟာရ ဖြစ်ပါသည်။ လူမျိုးတမျိုးတည်းကို ကွက်ပြီး ကိုယ်စား မပြုပါ။
အတွေးတိမ်တိမ်ဖြင့်တွေးကာ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချရရင်ပြီးရောဆိုကာ လူမျိုးရေးဝါဒကို တွင်တွင်ဖြန့်နေပါက ပြည်တွင်းမှ လူမျိုးရေးဝါဒ ခေါင်းထောင်ထလာလိမ့်မည်။ လူမျိုးပေါင်းစုံဖြင့် တည်ထောင်ထားသော ပြည်ထောင်စုပြိုကွဲလိမ့်မည်။ လူမျိုးရေးဝါဒကို လူများစုလူမျိုးက ကျင့်သုံးသည်ဖြစ်စေ၊ လူနည်းစုလူမျိုးက ကျင့်သုံးသည်ဖြစ်စေ၊ လူမျိုး ရေးကွဲပြားမှုကိုသာ ဖြစ်စေမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအားလုံးလောက်မှာ ယခင်က လက်နက်ကိုင်တိုက်ခဲ့ကြသည်။ ယခုအထိ တချို့က တိုက်နေဆဲလည်းရှိသည်။ မတိုက်ကြတော့ သူများကလည်း လက်နက်များကိုင်ဆွဲထားကြသည်ကို ပြည်သူများသတိပြုရပါမည်။

တနပ်စားနိုင်ငံရေးသည် ကောင်းကျိုးမပြုကြောင်း သမိုင်းက သက်သေပြခဲ့ပါပြီ။ အင်္ဂလိပ် နယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်ကို လူမျိုးရေးဝါဒအတွေးအခေါ်ဖြင့်တိုက်ပြီး အောင်ပွဲခံခဲံခြင်းမဟုတ်ပါ။ အင်္ဂလိပ်လူမျိုးနှင့် ဂျပန်လူမျိုးကို ရန်သူလူမျိုးဟူ၍ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါ။ သူတို့ထဲက တိုးတက်သူများကို စည်းရုံးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ဝိုင်းပယ်ရန်နှင့် လူထုထောက်ခံမှုမရရှိစေရန်သက်သက်အတွက် တနပ်စားကြံလျှင် ကြံစည်သူသာ ဒုက္ခတွေ့ လိမ့်မည်။

‘မျိုးချစ်ဝါဒ’ ဟု ယခင်က နှစ်ပေါင်းများစွာ သုံးခဲ့ပါသည်။ ဤအသုံးအနှုံးသည်ပင် အယူအဆ လွဲမှားနိုင်သဖြင့် ယနေ့အခြေအနေအရ မသုံးသင့်တော့ဟု ဗမာပြည်ကွန်မြူနစ်ပါတီက ဆုံးဖြတ်ခဲ့ပါသည်။ ‘တိုင်းချစ် ပြည်ချစ်ဝါဒ’ အတိုကောက်အားဖြင့် ပြချစ်ဝါဒ’ ဟုပြင်ဆင် သုံးနှုံးခဲ့ပါသည်။
ဗမာပြည်၏ ယိုပေါက်ဟာပေါက်ကို နယ်ချဲ့သမားနှင့် ဗိုလ်ကျလွှမ်းမိုးလိုသူများက အမြဲတမ်း ရှာနေကြသည်ကို ပြည်သူများ သတိပြုရပါမည်။ သမိုင်းသင်ခန်းစာများကို မမေ့မလျှော့ၾကဖို့ လိုပါသည်)
မျိုးမြင့်ချို
ဂျူလိုင် ၂၇၊ ၂ဝ၁၉

0 comments:

Post a Comment