Friday, July 26, 2019

(အရေခြုံတွေဖတ်စေ့ချင်တာ)

0 comments
(အရေခြုံတွေဖတ်စေ့ချင်တာ)
လက်ဝဲယောင်ယောင် ဘာယောင်ယောင်၊ လူတန်းစားအရေးယောင်ယောင် ဘာယောင်ယောင်ကောင်တွေ စစ်အုပ်စုက ရိုဟင်ဂျာတွေကိုသတ်ဖြတ်နေတုန်းက ထမင်းစားကောင်းရုံလောက် အသံလေးပေးပြီး ငြိမ်ငြိမ်ဝပ်ဝပ်ရှိသလောက် ခုရခိုင်တွေကိုသတ်တယ်လည်းဆိုရော အသံကုန်ကုန်းခြစ်ပြီးကို အော်နေကြတာတွေ့ရပါတယ်။
အော်တာက မအော်နဲ့မပြောပါ။ အော်ပါ။ စစ်အုပ်စုလုပ်နေတဲ့ မတရားမှုမှန်သမျှကို တန်းတူဖိနှိပ်မှုအဖြစ်မြင်ပါ။ လူတန်းစားအရေးလည်း လူတန်းစားအရေးပါ။ လူမျိုးရေးအရဖြစ်နေတာတွေလည်း ပြောပါ။ ဘာသာရေးအရ ဖိနှိပ်နေတာတွေလည်းပြောပါ။ ပြောတဲ့နေရာမှာ စစ်အုပ်စုသာ တရားခံဆိုတာလောက်လှီးလွှဲချပြီး ခေါင်းပုံချပြီး အမုန်းမခံချင်တာလိုလို မျက်နှာအပျက်မခံချင်တာလိုလို မလုပ်စေ မနေစေချင်ပါ။
မပြောချင် ဘာမှမပြောပါနဲ့ ကိုယ့်ဘာသာ ချောင်ကပ်စာဖတ်နေပါ။ ပြောတဲ့အခါ စစ်အုပ်စုရော စစ်အုပ်စုနဲ့အလိုတူအလိုပါဖြစ်နေတဲ့ အုပ်စုတွေ၊ လူတွေ၊ ဘုန်းကြီးတွေ၊ လူအစုတွေ၊ လူထုထဲကအစိပ်အပိုင်းတွေကိုပါပြောပါ။ လက်ပတ်နီပတ်ပြီး ထွက်ရိုက်တာမြင်မှ နံမည်တပ်ပြီး အသံကောင်းဟစ် ထအော်ပြတာမလုပ်ပါနဲ့။ ဝရမ်းထုတ်လိုက်တော့မှ မှတ်ပြီလားကွ ထွက်မလုပ်ပါနဲ့။ “ငါ့ရဲဘော်“ ပြောသံကြားမှ ဒီကိုယ်တော်ကြီး တဆိတ်တော့လွန်လွန်းတယ် မလုပ်ပါနဲ့။
ပြောတဲ့နေရာမှာလည်း စည်းရုံးရမယ့်လူ စည်းရုံး၊ ကြားချရမယ့်လူချပြီး စစ်အုပ်စုနည်းတူ တတန်းတည်းထား ဦးတည်တိုက်ရမယ့်သူကိုတိုက်ပါ။ ပစ်မှတ်ထားပြီး တည့်တည့်ပစ်ပါ။ တိတိကျကျပြောပါ။ ဝေ့လည်ကြောင်ပတ် မလုပ်ပါနဲ့။ တိုက်တာဖြစ်ဖြစ် လက်ရှောင်ပြီးနေတာဖြစ်ဖြစ် နေလို့ရပါတယ်။ နေတဲ့အခါ ရှုပ်ထွေးမှုမဖြစ်အောင်၊ အဖွဲ့အစည်းမထိခိုက်အောင်ဆိုရင်လည်း ကျနော်ကျမ ဘယ်အဖွဲ့အစည်းဝင်ပါ အဖွဲ့အစည်းသဘောထားအရ နာခံရလို့မလုပ်တာပါဆိုတာ ဗြောင်ပြောပါ။ လူမျိုးရေး ဘာသာရေးကိစ္စတွေထဲဝင်မပါနဲ့လို့ အကျောက်အကန်ပြောဆိုနေတာဟာ သွေးရိုးသားရိုးမဟုတ်ပါ။ မဟုတ်တဲ့အပြင် သွယ်ဝိုက် အားပေးအားမြှောက်ပြုရာ ရောက်ပါတယ်။
စစ်အုပ်စုရှိနေလို့ဒါတွေရှိနေတာ စစ်အုပ်စုမရှိတော့ရင် ဒါတွေမရှိတော့ဘူးဆိုတဲ့စကားက ကလေးတွေကို တာတေကြီးနဲ့ခြောက်တာမှန်ပေမယ့် ကလေးတွေကအစဒီအပြောကို နောနေပါပြီ။ လူတွေက၊ လူထုတွေ စစ်အုပ်စုကို တလျှောက်လုံး တည်တိုက်လာနေခဲ့သလို တပါတည်းမှာ အဲ့ဒီ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု အနိုင်ကျင့်မှုတွေကိုပါ ဗြောင်ကျကျဖွင့်ထုတ် ဖော်ချတိုက်ဖျက်နေကြတာပါ။ လူထုက ဘယ်ဟာကိုတိုက်ရင်း ဘယ်ဟာကိုပါ တိုက်သွားရမယ်ဆိုတာကိုသိနေပါလျှက်က အရေခြုံအယောင်ဆောင်တွေက စစ်အုပ်စုဘဲတည်တိုက်သဘောလုပ်နေတာ မရိုးသားမှုပါ။ လူခုဟာ စစ်အုပ်စုဆိုတဲ့ ဦးတည်ပစ်မီတ်ကနေ တလက်မမှရွေ့မသွားပါ။ စစ်အုပ်စုကို တကယ်တိုက်သူတိုင်း အဲ့ဒီပြဿနာတွေကိုပါ တိုက်ရပါတယ်။ အဲ့ဒီပြဿနာတွေဟာ ခုနေခါမှာ အစွယ်အပွားပြဿနာလောက်မဟုတ်တော့ပါ။ လက်အောက်ခံပြဿနာလောက် မဟုတ်တော့ပါ။ အဓိက ပြဿနာထဲ ပါလာနေပါပြီ။
ဒါ့ကြောင် စစ်အုပ်စုကိုလည်း တည်တိုက်ပါ။ စစ်အုပ်စုရော၊ ဘာသာရေး လူမျိုးအုပ်စုတွေ ခေါင်းဆောင်တွေ လူ့အစုကြီးတွေကရော စည်းကိုက်ဝါးကိုက် အပေးအယူမျှမျှ ဦးထမ်းပဲ့ထမ်း ထမ်း ဖန်တီးနေသူတွေကိုလည်း ဆန့်ကျင်ပါ။ တိုက်ပါ။ ထပ်ပြောပါမယ် ဒါဟာ အစွယ်အပွားပြဿနာမျှမဟုတ်တော့တဲ့၊ စစ်အုပ်စု ရှိရှိ မရှိရှိ ရှိနေမှာဖြစ်တဲ့ ပြဿနာပါ။ ဒါ့ကြောင့် တစုံလုံးအရလည်းပြောပါ။ တခုခြင်းအလိုက်ကိုလည်း တခုခြင်းအလိုက်ပြောပါ။
ဒီ ဘာသာရေး လူမျိုးရေးပြဿနာတွေ အစွဲအလမ်းကြီး အယူသည်း အကြမ်းဖက် သတ်ဖြတ် လုယက်မှုတွေဟာ စစ်အုပ်စုရှိရှိမရှိရှိ အတွေးအခေါ်အယူအဆအရ သန္ဓေတည်မိပြီးသားလူ့အဖွဲ့အစည်းမှာ သဏ္ဍန်ပေါင်းစုံနဲ့(အပြင်းအပြော့သာ ကွာချင်ကွာမယ်)ရှိကိုရှိနေမှာပါ။ အချိန်မရွေးပေါ်နေမှာပါ။ ဖော်နေမှာပါ။
အဲ့ဒါ လူတန်းစားပြဿနာဆိုပြီး လုံးရိုက်ရှောင်ထွက် လူမုန်းမခံလုပ်နေတာဟာ မိမိအတွက်ကောင်းတဲ့လက္ခဏာမဟုတ်ပါ။ အဖိနှိပ်ခံမှန်သမျှအတွက် ရပ်တည်မယ် ရပ်ခံမယ်ဆိုတဲ့သဘောထားမဟုတ်ပါ။ လူလည် လုပ်နည်းသက်သက်ပါ။ စားကောင်းရုံ လက်ဝဲအရေခြုံတာပါ။
ဒီမိုကရေစီအရေခြုံထားတဲ့ လက်ယာအစွန်းရောက်တွေ ဒီကိစ္စမျိုးတွေမှာ မသိကျိုးကျင်ပြုပြု။ သွေးထိုးလှုံ့ဆော် ဆော်၊ ဘေးပဲတီး တီးပေးရုံမကလို့ ကိုယ်တိုင်ပဲဝင်ပါပါ နင်းပဲတက်တက်က သူတို့လုပ်နေကြကိစ္စမို့ သူတို့မပြောတာပါ။ ဘာမျှပြောစရာမရှိပါ။ မရှိတဲ့အပြင် ဆန့်ပါဆန့်ကျင် တိုက်ပါတိုက်ဖျက်ပစ်ရမှာပါ။ ဒါ ပြည်သူ့ဒီမိုကရေစီအရေခြံု လူတန်းစားအရေးအသံကောင်းဟစ်နေတဲ့ ထမင်စားမပျက်ရုံ စားကောင်းရုံ အသံသေးအသံကြောင် လက်ဝဲသမားတွေအတွက် ပြောတာပါ။
ထပ်ပြောပါတယ်။ ဒီ လူမျိုးရေး ဘာသာရေး အာကမ်းဖက်မှုပြဿနာဟာ အစွယ်အပွားပြဿနာမျှမဟုတ်တော့ပါ။ လက်အောက်ခံပြဿနာမျှမဟုတ်တော့ပါ။
မျိုးမြင့်ချို
ဂျူလိုင် ၂၆၊ ၂ဝ၁၉

0 comments:

Post a Comment