Sunday, July 28, 2019

(လွတ်လပ်ရေးကာလနယ်ချဲ့ဆန့်ကျင်ရေးများ) (ရန်သူကြီး ၃ ဦးမှ)

0 comments
(လွတ်လပ်ရေးကာလနယ်ချဲ့ဆန့်ကျင်ရေးများ) (ရန်သူကြီး ၃ ဦးမှ)
လွတ်လပ်ရေးရပြီးနောက်တွင် “စစ်အေးကာလ” ဟူသောခေတ်ကြီး ဖြတ်သန်းခဲ့ရသည်။
“စစ်အေး” ဆိုသောဝေါဟာကို ဝင်စတန်ချာချီက ထွင်ခဲ့ခြင်းဖြစ်သည်။ ချာချီမျိုးနွယ်မှာ အင်္ဂလိပ်အင်ပါယာကို ထူထောင်ခဲ့ ၊ တိုးချဲ့ကာကွယ်ခဲ့သည်။ “အင်ပါယာဝါဒီ”များအတွင်းတွင် ထင်ရှားသောမျိုးနွယ်ဖြစ်သည်။ ဗမာပြည်ကို လွတ်လပ်ရေးမပေးဖို့ အကျောက်အကန်လုပ်ခဲ့သူ၊ လွတ်လပ်ရေးပေးလျှင် ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်မည်ဟု နိမိတ်ဖတ်ခဲ့သူဖြစ်၏။
စစ်အေးတိုက်ပွဲကို အမေရိကန်ကပေါ်လစီချပြီးလုပ်ခဲ့၏။ ယင်း၏အနှစ်သာရမှာ အတိုချုပ် လိုက်လျှင် “ကမ္ဘာလုံးဆိုင်ရာ ကွန်မြုနစ်ဆန့်ကျင်ရေးနှင့်ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို ဟန့်တားရေး” ဖြစ်သည်။
ဗမာပြည်၏ အစိုးရအဆက်ဆက်သည် “ကွန်မြူနစ်ဆန့်ကျင်ရေး” လုပ်နေသူများဖြစ်၍ “စစ်အေးတိုက်ပွဲ” ၏ မိတ်ဖက်များဟု ဆိုနိုင်သည်။ သို့သော်နယ်ချဲ့သမား၏ ကွန်မြူနစ် ဆန့်ကျင်ရေးမှာ ဆိုဗီယက်ကွန်မြူနစ်နှင့်တရုပ်ကွန်မြူနစ်ဆန့်ကျင်ရေးက အဓိကဖြစ်သည်။ ဗမာပြည်အစိုးရ၏ကွန်မြူနစ်ဆန့်ကျင်ရေးမှာ ဗမာပြည်ကွန်မြူနစ်ပါတီဆန့်ကျင်ရေးသာဖြစ်ပြီး ဆိုဗီယက်ဆန့်ကျင်ရေး၊ တရုပ်ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်၍ မဖြစ်။ သင်ခန်းစာရထား၍ ဖြစ်သည်။
၁၉၅ဝ ခုနှစ် ကိုရီးယားစစ်ပွဲကာလက အမေရိကန်အလိုကျ ကုလသမဂ္ဂတွင် မဲပေးခဲ့ဖူးပြီ။ ယင်းကို မကြေနပ်နိုင်၍ အာဏာရဆိုရှယ်လစ်ပါတီထဲမှာ တိုးတက်သူများခွဲထွက်ကြသည်။ အစိုးရအတိုက်အခံများဖြစ်လာကြသည်။ တရုပ်ကွန်မြူနစ်ကိုဆန့်ကျင်ပြီး တရုပ် ကေအမ်တီ (ထိုင်ဝမ်)ကို ထောက်ခံအားပေးရန် အမေရိကန်ကမြှူခဲ့သည်။ တွန်းခဲ့သည်။ ထိုအချိန်က ကေ အမ်တီ တပ်ကြွင်းတပ်ကျန်များသည်။ ဗမာပြည်အရှေ့ခြမ်းကို ကျူးကျော်သိမ်းပိုက်ထားသည်။ အမေရိကန်ခိုင်း သလိုလုပ်လျှင် ကေအမ်တီ ကျူးကျော်မှုကို ပြောင်ထောက်ခံရတော့မည်။
ကိုယ့်ပြည်တွင်းကျူးကျော်ကာ ဒေသတချို့ကိုသိမ်းပိုက်ထားသောတပ်ကို ထောက်ခံလိုက်လျှင် ဖဆပလအစိုးရတွင် ဂုဏ်သိက္ခာ တပြားသားမှ ရှိတော့မည်မဟုတ်။
ရှေ့တိုး တံပိုး နောက်ဆုတ် လှည်းတုတ် – အကျဉ်းအကျပ်ကျတော့သည်။ နယ်ချဲ့သမား၏ အငြိုအငြင်လည်းမခံနိုင်။ (ပြည်တွင်းစစ်ကို နယ်ချဲ့အားကိုးပြီးတိုက်နေရသည်) နယ်ချဲ့သမား ခိုင်းသလိုလည်းလုပ်လို့မဖြစ်။(လုပ်လျှင်ချောက်ကျမည်) ဤသို့ဖြင့်ဤ ကေအမ်တီ အကျပ်အတည်းဖြေရှင်းရေးကို အချိန်ဆွဲထားခဲ့၏။ အကျပ်အတည်းသည် မလိုအပ်ပဲ ရှညကြာခဲ့သည်။ အချိန်ကြာသည်နှင့်အမျှ ကေအမ်တီတို့အတွက် ဗမာပြည်တွင်းတွင် လူမှုရေးအခြေခံများချရန်နှင့် ဘိန်းလုပ်ငန်းပိုက်ကွန်ချရန် အချိန်အလုံအလောက် ရသွားခဲ့သည်။
ဗမာပြည်၏မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတကာပြဿနာအဖြစ်သို့ ပြန့်နှံသွားနိုင်ခြင်းမှာ အမေရိကန်နယ်ချဲ့(စီအိုင်အေ)နှင့် ကေအမ်တီတို့ကြောင့် အဓိကဖြစ်သော်လည်း ဗမာပြည် အစိုးရစစ်တပ်၏ ပံ့ပိုးမှုသည်လည်း တခန်းတကဏ္ဍ ပါဝင်ပေသည်။
“ကေအမ်တီ တပ်ကြွင်းတပ်ကျန်များအကျပ်အတည်း” ပြီးဆုံးသွားသောအခါတွင် ဗမာပြည် အစိုးရစစ်တပ်၊ ကေအမ်တီ၊ ဘိန်းကာကွယ်ရေးအဖွဲ့ ဤအင်အားစုသုံးခုသည် ဖွတ်မီးထိုးထားသည့်ပမာ လိမ်ယှက်ရောထွေး၍ ကျန်ရစ်ခဲ့ပေတော့သည်။ (ဗမာပြည် ၏ဘိန်းဘုရင်အားလုံးသည် ကေအမ်တီ သို့မဟုတ် အစိုးရစစ်တပ်နှင့် တချိန်မဟုတ်တချိန် တနည်း မဟုတ်တနည်းဖြင့် ဆက်နွယ်ပတ်သက်နေကြသည်ချည်းဖြစ်သည်ကို သတိပြုပါ)
နဝတ ၏ “နယ်ချဲ့ဆန့်ကျင်ရေး” ဆိုသည်မှာ
နယ်ချဲ့ဆန့်ကျင်းရေးဟု ခေါင်းစဉ်တွင်သုံးရသော်လည်း နဝတ စစ်အစိုးရ၏ တရားဝင် အသုံးအနှုံးမှာ “ ပြည်တွင်းရေးကိုဝင် ရောက်စွက်ဖက်နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ရေး” ဖြစ်သည်။ တခါတရံမှသာ စစ်အုပ်စုဝင်တဦးတလေက နယ်ချဲ့ဆန့်ကျင်ရေး၊ လက်သစ်ကိုလိုနီဝါဒဆန့်ကျင်ရေး ဟုပြောသည်။
နယ်ချဲ့ဆန့်ကျင်ရေးဟု မသုံးခြင်းမှာ လိပ်ပြာမလုံကြ၍ ဖြစ်ဟန်ရှိသည်။
နယ်ချဲ့ဆန့်ကျင်ရေးဟုဆိုလိုက်လျှင် နယ်ချဲ့စနစ်တခုလုံးနှင့်နယ်ချဲ့ပေါ်လစီများကို တည်ကြည် လေးနက်စွာ ဆန့်ကျင် ရတော့မည်။ တသမတ်တည်းဆန့်ကျင်ရတော့မည်။ ဤကဲ့သို့လုပ်ရန် နဝတအစိုးရတွင် ဆန္ဒလည်းမရှိ၊ လုပ်နိုင်စွမ်း လည်းမရှိပေ။
ထို့ပြင် စစ်အုပ်စုဝင်များသည် နယ်ချဲ့ဆန့်ကျင်ရေးကို ဘယ်တုန်းကမှ လုပ်ခဲ့သူများမဟုတ်ကြ၊ သူတို့လူလားမြောက်သည့်အချိန် ကျောင်းသားအရွယ်က ဗီယက်နမ်စစ် ပြင်းပြင်းထန်ထန် ဖြစ်နေချိန်ဖြစ်သည်။ တိုးတက်သည့်၊ နယ်ချဲ့ဆန့်ကျင်သည့်ကျောင်းသားတိုင်းလူငယ်တိုင်းသည် အမေရိကန်နယ်ချဲ့ကို ဆန့်ကျင်ကြ၊ ဆန္ဒပြကြလုပ်နေကြသည်။ ထိုစဉ်က သူတို့မပါ။
မဆလ စစ်အစိုးရအောက်တွင် စစ်ဗိုလ်များအဖြစ် အမှုထမ်းကြရသောအခါတွင်ကား နယ်ချဲ့ ဆန့်ကျင်ရေး၊ အမေရိကန်ဆန့်ကျင်ရေး၊ လုပ်စရာ၊ ပြောစရာအကြောင်းမရှိတော့။
သူတို့၏ဘဝတလျှောက်လုံးတွင် အမေရိကန်နယ်ချဲ့ဆန့်ကျင်ရေးဟူ၍ပြောစရာ ဘာတခုမှ မရှိခဲ့ပေ။ ထို့ကြောင့် လိပ်ပြာမလုံတာလည်းမဆန်းလှ။
၁၉၈၈၊ ၈၉ – ၉ဝ ခုနှစ်များကျမှသာ ဆန့်ကျင်ရေးပြောလာကြခြင်းဖြစ်သည်။ ဤသို့ ပြောလာခြင်း၏ တခုတည်းသောအကြောင်းမှာ နဝတစစ်အစိုးရအုပ်စိုးမှုကို အမေရိကန်က ပြတ်ပြတ်သားသား မထောက်ခံသောကြောင့် ဖြစ်သည်။ “ဆိုရှယ်လစ်တော်လှန်ရေး” လုပ်သည် ဆိုသော မဆလစစ်အစိုးရတုန်းကတော့ မချွင်းမချန်ထောက်ခံခဲ့ပါလျှက် ဓနရှင် “စျေးကွက်စီးပွာရေး” လုပ်မည်ဆိုသည့် နဝတစစ်အစိုးရကိုကျမှ မထောက်ခံပဲနေသည့်အတွက် နားမလည်ဖြစ်နေသည်။ စိတ်ကောက်နေသည်။ ထို့ကြောင့်“ပြည်ပနိုင်ငံများ” ကို ဆန့်ကျင် ကြသည်။
နယ်ချဲ့သမား သို့မဟုတ် အမေရိကန် ဗြိတိသျနယ်ချဲ့သမားဟု မပြောရဲသဖြင့်“ပြည်ပနိုင်ငံများ” ဟု ပြောခြင်းဖြစ်သည်။ ကေအမ်တီတပ်ကြွင်းတပ်ကျန်ကျူးကျော်မှုတုန်းက အတွေ့ကြုံကို နမူနာ ယူတာလည်းဖြစ်နိုင်သည်။ ထိုစဉ်က အမေရိကန်နှင့်ကေအမ်တီ(ထိုင်ဝမ်) တို့ကို နာမည် မဖေါ်ပြဝံ့ခဲ့ပေ။
ဆန့်ကျင်ရသည့်အကြောင်းမှာ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက် နှောက်ယှက်သောကြောင့်ဟု ဆိုသည်။ ဤနေရာတွင် နိုင်ငံရေးခေါင်းဆောင်ကြီးတဦးကပြောသည်ဆိုသည့် “အညှီရှိလို့ ယင်အုံတာ” ဆိုသောစကားသည် တိုတိုနှင့်ထိထိမိမိရှိလှသည်။
ပြည်တွင်းရေးကို မဝင်ရောက်၊ မနှောက်ယှက်စေလိုလျှင် -
(၁) ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကိုလိုက်နာဖို့။
(၂) ၉ဝ ခုနှစ်ရွေး ကောက်ပွဲရလဒ်ကို လေးစားလိုက်နာဖို့။
(၃) ရွေးကောက်ပွဲတွင် တခဲနက်အနိုင်ရထားသည့် လူထုထောက်ခံမှု ရထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးဖို့။
(၄) စစ်အစိုးရကျင်းပနေသည့် အတုအယောင်အမျိုးသားညီလာခံကို ဖျက်သိမ်းပစ်ပြီး တကယ်စစ်မှန်သည့်အမျိုးသားညီလာခံကျင်းပခွင့်ပြုဖို့…. ဤအမျိုးသာညီလာခံကို နဝတ က ဦးစီးကျင်ပဖို့မဟုတ်၊ ရွေးကောက်တင်မြှောက်ထားသည့်လွှတ်တော်က ဦးစီးကျင်းပဖို့လုပ်ရမည်။
အထက်တွင်ဖေါ် ပြထားသည့်(၄) ချက်ကို လုပ်နေပါလျှက် အမေရိကန်က ဆက်လက်စွက်ဖက် နှောင့်ယုက်နေလျှင် ဤနှောင့်ယှက်မှုကို တမျိုးသားလုံးအင်အားဖြင့်ဆန့်ကျင်ကြရမည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ကျရာအခန်းက အတက်ကြွဆုံးပါဝင်မည်။
နယ်ချဲ့ကို တည်ကြည်လေးနက်စွာ ဆန့်ကျင်တော့မည်ဆိုလျှင် ပဒေသရာဇ်အမျိုးသားရေးဝါဒဖြင့် နယ်ချဲ့ဆန့်ကျင်ရေး လုပ်၍မရ။
ဗျူရိုကရက်အရင်းရှင်အတွေးအခေါ် ဖြင့်လည်းလုပ်မရ။ ဆုံးရှုံးမှုသင်ခန်းစာများ ရှိပြီးဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေးလုပ်စဉ်ကလို တော်လှန်သောသဘောတရားရှေ့ဆောင်ကာ တမျိုးသားလုံးသွေးစည်ပြီး ဆန့်ကျင်ရမည်။
ဤတာဝန်က စစ်အုပ်စုက လုပ်လို့ရမည်မဟုတ်သည်မှာ သေချာသည်။ နယ်ချဲ့ဆန့်ကျင်ရေးကို ကြံ့/ဖွံ့ ဖွဲ့သလို – အစည်းအဝေး လုပ်သလို လုပ်၍မရနိုင်သောကြောင့်ဖြစ်၏။
အမျိုးသားရေးလော လူမျိုးရေးလော
နဝတ စစ်ခေါင်းဆောင်များ၏ အပြောအဆိုများတွင်လည်းကောင်း၊ အထူးသဖြင့်စစ်အစိုးရထုတ် သတင်းစာနှင့်မဂ္ဂဇင်းတွင်လည်းကောင်း လူမျိုးရေးအပြောအဆို အရေးအသားများ အများအပြား တွေ့နေရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ပုဂ္ဂိုလ်ရေးကိစ္စကို ဦးတည်ထားကြောင်းထင်ရှားသည်။
လူမျိုးရေးဝါဒကို ဝါဒဖြန့်ကျင့်သုံးနေလျှင် ပြောင်းပြန်အကျိုးဆက်ကိုသာ ဖြစ်စေလိမ့်မည်။ ဗမာပြည်သည် လူမျိုးပေါင်းစုံနေထိုင်ရာဖြစ်သည်ကို သတိပြုပါ။ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်လာလျှင် တတိုင်းပြည်လုံးနစ်နာလိမ့်မည်။
အမျိုးသားရေးနှင့်လူမျိုးရေးမတူပါ။ “အမျိုးသား”ဟူသည်မှာ တိုင်းပြည်အတွင်းနေထိုင်သော လူမျိုးအားလုံးကို ခြုံ၍ခေါ်သည့်ဝေါဟာရ ဖြစ်ပါသည်။ လူမျိုးတမျိုးတည်းကို ကွက်ပြီး ကိုယ်စားမပြုပါ။
အတွေးတိမ်တိမ်ဖြင့်တွေးကာ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချရရင်ပြီးရောဆိုကာ လူမျိုးရေးဝါဒကို တွင်တွင်ဖြန့်နေပါက ပြည်တွင်းမှ လူမျိုးရေးဝါဒခေါင်းထောင်ထလာလိမ့်မည်။ လူမျိုးပေါင်းစုံဖြင့်တည်ထောင်ထားသောပြည်ထောင်စု ပြိုကွဲလိမ့်မည်။ လူမျိုးရေးဝါဒကို လူများစုလူမျိုးက ကျင့်သုံးသည်ဖြစ်စေ၊ လူနည်းစုလူမျိုးက ကျင့်သုံးသည်ဖြစ်စေ၊ လူမျိုးရေး ကွဲပြားမှုကိုသာဖြစ်စေမည် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအားလုံးလောက်မှာ ယခင်က လက်နက်ကိုင်တိုက်ခဲ့ကြသည်။ ယခုအထိ တချို့က တိုက်နေဆဲလည်းရှိသည်။ မတိုက်ကြတော့ သူများကလည်း လက်နက်များကိုင်ဆွဲထားကြသည်ကို ပြည်သူများသတိပြုရပါမည်။ တနပ်စား နိုင်ငံရေးသည် ကောင်းကျိုးမပြုကြောင်း သမိုင်းက သက်သေပြခဲ့ပါပြီ။
အင်္ဂလိပ်နယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်ကို လူမျိုးရေးဝါဒအတွေးအခေါ်ဖြင့်တိုက်ပြီး အောင်ပွဲခံခဲ့ခြင်း မဟုတ်ပါ။ အင်္ဂလိပ်လူမျိုးနှင့်ဂျပန်လူမျိုးကို ရန်သူလူမျိုးဟူ၍ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါ။ သူတို့ထဲက တိုးတက်သူများကို စည်းရုံးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ဝိုင်းပယ်ရန်နှင့် လူထုထောက်ခံမှုမရရှိစေရန်သက်သက်အတွက် တနပ်စားကြံလျှင် ကြံစည်သူသာ ဒုက္ခတွေ့လိမ့်မည်။
‘မျိုးချစ်ဝါဒ’ ဟု ယခင်က နှစ်ပေါင်းများစွာသုံးခဲ့ပါသည်။ ဤအသုံးအနှုံးသည်ပင် အယူအဆလွဲမှား နိုင်သဖြင့် ယနေ့အခြေအနေအရ မသုံးသင့်တော့ဟု ဗမာပြည်ကွန်မြူနစ်ပါတီက ဆုံးဖြတ်ခဲ့ ပါသည်။ ‘တိုင်းချစ် ပြည်ချစ်ဝါဒ’ အတိုကောက် အားဖြင့်‘ပြည်ချစ်ဝါဒ’ ဟုပြင်ဆင်သုံးနှုံးခဲ့ပါသည်။
ဗမာပြည်၏ ယိုပေါက်ဟာပေါက်ကို နယ်ချဲ့သမားနှင့် ဗိုလ်ကျလွှမ်းမိုးလိုသူများက အမြဲတမ်း ရှာနေကြသည်ကို ပြည်သူများ သတိပြုရပါမည်။ သမိုင်းသင်ခန်းစာများကို မမေ့မလျှော့ကြဖို့ လိုပါသည်။

0 comments:

Post a Comment