Thursday, July 25, 2019

(ပဒေသရာဇ်မြေရှင်ဆန့်ကျင်ရေး သမိုင်းအကျဉ်း)

0 comments
(ပဒေသရာဇ်မြေရှင်ဆန့်ကျင်ရေး သမိုင်းအကျဉ်း) အင်္ဂလိပ်နယ်ချဲ့ရောက်မလာခင်က ဗမာပြည် လူမှုစနစ်သည် ပဒေသရာဇ်လူမှုစနစ်ဖြစ်သည်။ ပဒေသရာဇ်လူမှုဆက်ဆံရေးသာ အဓိက တည်ရှိခဲ့သည်။
နယ်ချဲ့သမားရောက်လာသောအခါ လူမှုလောကတခုလုံး ဗြောင်းဆန်သွားခဲ့သည် ပဒေသရာဇ် အုပ်ချုပ်ရေးယန္တယားကိုဖျက်သိမ်းပြီး ကိုလိုနီဗျူရိုကရေစီယန္တယားဖြင့် အစားထိုးခဲ့သည်။
ပဒေသရာဇ်အုပ်ချုပ်ရေး၏မဏ္ဍိုင်ဖြစ်သောဘုရင်ကို ဖမ်းပြီး နိုင်ငံခြားသို့နှင်လိုက်သည်။ ပဒေသရာဇ်အုပ်ချုပ်ရေးယန္တယားကို ဖျက်သိမ်းပြီး အင်္ဂလိပ်များကိုယ်တိုင် အုပ်ချုပ်လိုက်သည်။ အင်္ဂလိပ်များက ဝန်ရှင်တော်မင်းကြီး၊ အရေးပိုင်၊ နယ်ပိုင်၊ မြိ့ုအုပ်စသည်များ လုပ်ကြသည်။ ဤ အင်္ဂလိပ်အများစုသည် ပြည်သိမ်းတပ်မှ စစ်ဗိုလ်များဖြစ်ကြသည်။
အင်္ဂလိပ်စစ်တပ်ဖြင့်ပါလာသူ “သစ္စာရှိ“တိုင်းရင်းသားများကို အောက်ခြေဝန်ထမ်းများအဖြစ် ခန့်ထားလိုက်သည်။ တိုင်းရင်းသားများ အမြင့်ဆုံးရရှိနိုင်သည့်ရာထူးမှာ မြိ့ုအုပ်ရာထူးဖြစ်သည်။ ဤရာထူးကို တဦးတလေသာရကြသည်။
လက်နက်ကိုင်ပုန်ကန်သူများထဲမှ သစ္စာဖေါက်လာသူများကို ရာဇဝတ်အမှုထမ်း (ပုလိပ်) အရာရှိများအဖြစ် ပြန်သုံးသည်။ ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ရန်ဖြစ်သည်။
အုပ်ချုပ်ရေးအပြောင်းအလဲကို ဤမျှသာတင်ပြပါမည်။ အဓိတင်ပြရန်မှာ မြေယာထုတ်လုပ်ရေး စနစ်တွင် အပြောင်းအလဲဖြစ်သည်။ ကိုလိုနီလုပ်ခြင်း၏ရည်ရွယ်ချက်မှာ ကုန်ကြမ်းများ ဈေးပေါပေါနှင့်ရရှိဖို့နှင့် အင်္ဂလိပ်စက်မှုလုပ်ငန်းအတွက် ကုန်ချောများရောင်းချရေးဖြစ်သည်။
ပဒေသရာဇ်စနစ်အတိုင်း တောင်သူလယ်သမားများက ကိုယ့်ဘာသာဖူလုံရေးအတွက်သာ သဘာဝစိုက်ပျိုးရေးလုပ်နေကြလျှင် ရောင်းစရာ အနည်းအကျဉ်းသာရှိမည်။ ကုန်ကြမ်းများများ ရရှိရေးမူနှင့် မကိုက်။ ရောင်းစရာ များများထုတ်လုပ်သည့်စနစ်ဖြစ်ရမည်။ တောင်သူလယ်သမားများတွင် ရောင်းစရာရှိမှ ငွေရှိပြီး သူတို့(အင်္ဂလိပ်တို့)ရောင်းချင်သည့် ကုန်ချောများလည်းရောင်းရမည်။ အတိုချုပ်လျှင် မြေပိုင်ရှင်စနစ်ဖြစ်လာအောင် နယ်ချဲ့သမားက နည်းမျိုးစုံနှင့်လုပ်တော့သည်။
မြေရှင်စနစ်သည် ပဒေသရာဇ်စနစ်တပိုင်း ဖြစ်သည်။ တနည်းအားဖြင့် ပဒေသရာဖ်စနစ်အကြွင်းအကျန်ဖြစ်သည်။ ပဒေသရာဇ်စနစ်ကို အကုန်အစင်မဖျက်သိမ်း၍ကျန်နေသော ပဒေသရာဇ္စ နစ်တပိုင်း။
မြေရှင်စနစ်ပြောင်းလဲမှုဖြစ်ပေါ်မသည် တမဟုတ်ချည်းဖြစ်လာသည်မဟုတ်ပဲ ရှည်ကြာသောကာလကို ဖြတ်သန်းပြီးမှ ဖြစ်ပေါ်လာခဲ့သည်။ တဖြည်းဖြည်းချင်း တောင်သူလယ်သမားများ လယ်ယာလက်လွတ်ကြ၍ လယ်ယာမြေများ မြေရှင်ဆီရောက်ကုန်ကြသည်။
လက်တဆုပ်စာလူတစုက မြေရှင်ဖြစ်လာသည်။ အများစုကြီးက လယ်သမားလူတန်းစား ဖြစ်လာခဲ့သည်။ လယ်သမားများအတွင်းတွင်လည်း လူ့အလွှာများကွဲလာသည်။ ကိုယ်ပိုင်လယ် လုပ်သူ၊သီးစားလုပ်သူ၊ မြေမဲ့ယာမဲ့ လယ်ယာအလုပ်သမားများအဖြစ် ကွဲပြားလာသည်။ လယ်မြေလုပ်သူများတွင်လည်း မြေယာ ပိုပိုလျှံလျှံလုပ်နိုင်သူ၊ လုံလောက်သူ၊ အနည်းအကျဉ်းသာလုပ်နိုင်သူ စသဖြင့်ကွဲပြားလာသည်။
ဗမာပြည်တွင် ထူးခြားသည်မှာ အိန္ဒိယအမျိုးသား မြေရှင်နှင်လယ်သမားများရှိခြင်း ဖြစ်သည်။ အင်္ဂလိပ်စစ်တပ်နှင့်ပါလာပြီး မြေယာပိုင်ဆိုင်ခွင့်ရသွားသည့် စစ်ဗိုလ်များရှိသည်။ မြေယာအပေါင်ခံပြီး မြေရှင်ဖြစ်လာသူ(ချစ်တီးများ)ရှိသည်။ ဤအမျိုးအစားမြေရှင်က ပိုများသည်။ လယ်သမားဖြစ်လာသူများမျာ မြေယာအလုပ်သမားအဖြစ် အိန္ဒိယမှရောက်လာပြီး ဗမာပြည်တွင်အခြေချနေရစ်သူများက အများစုဖြစ်သည်။ ဤအမျိုးအစားမှာ အောက်မောပြည်တွင်များသည်။ အထက်ဗမာပြည်တွင်ကား အင်္ဂလိပ်တပ်နှင့်ပါလာပြီးအခြေချသူစစ်သားများ ဖြစ်ာကသည်။ သီးခြားရွာများတည်ပြီး နေကြသည်ပင်ရှိသည်။ သိတ်တော့ မများလှ။
အိန္ဒိယပြည်သားများမှာ ဗမာပြည်သားများလိုပင် အင်္ဂလိပ်ဘုရင်၏ ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ်ကြ၍ ဗမာပြည်တွင်အခြေချဖို့ ပိုပြီးလွယ်ကူကြသည်။ ကျေးလက်တွင်အခြေချသော တရုတ်များမျာ ဆိုင်ရှင်များအဖြစ် အခြေချကြခြင်းများသည်။ မြေပိုင်ရှင်သက်သက်၊ လယ်သမားသက်သက်ဟူ၍ မရှိသလောက်နည်းသည်။ ဆန်စက်ပိုင်ရှင်များက အိန္ဒိယသားရော တရုတ်များပါရှိသည်။ ဤအချက်ကို တင်ပြနေရခြင်းမှာ လူမျိုးရေးဝါဒဖြင့် လူထုကိုဆွပေးဖို့(ဖေါက်ပြန်ရေးအင်အားစုများအတွက်) လွယ်ကူနေသည်ကို တင်ပြလို၍ဖြစ်သည်။ လူမျိုးရေးလှုံ့ဆော်ပြီးမဲဆွယ်လိုသူက “ကုလားတွေ ကြေးအိုးထမ်းပြန်စေရမည်“ဟု ကြွေးကြော်ဖူးသည်။ နိုင်ငံရေးအကျပ်အတည်းရှိတိုင်း “ကုလားဗမာမဓိကရုဏ်း“ ဖြစ်အောင်ဖန်တီးတတ်သည်။ လူမျိုးရေးဝါဒဖြင့် လူထုကိုဆွပေးခြင်းကား အကြံကုန်သော ဖေါက်ပြန်ရေးသမားတို့၏ မရးနိုင်သောလုပ်နည်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်ဖြစ်ကာနီးအချိန်တွင် အောက်ဗမာပြည်၏မြေယာအများအပြားကို ချစ်တီးမြေပိုင်ရှင်များက ပိုင်နေကြပြီ။ အထက်ဗမာပြည်တွင်ကား ချစ်တီးမြေရှင်မများလှ။ တိုင်းရင်းသားမြေရှင်များလက်သို့ မြေများ တဖွဲဖွဲရောက်နေလေပြီ။
အင်္ဂလိပ်၏မြေယာပေါ်လစီအရ မြေရှင်စနစ် မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပေါ်လာသည့် မြေရှင်စနစ်ကို ထိန်းသိမ်းကာကွယ်ပေးသည်။
ယခု အကြမ်းဖျဉ်းတင်ပြနေသည်မှာ ဧရာဝတီနှင့် စစ်တောင်းမြစ်ဝှမ်းဒေသ၏ အခြေအနေဖြစ်သည်။ ရှမ်း၊ ကချင်၊ ချင်း စသောဒေသများတွင်ကား ပဒေသရာဇ်စနစ်ကို အင်္ဂလိပ်က သူ့အတိုင်းပင်ထားသည်။ အပြောင်းအလဲ မလုပ်ခဲ့ပေ။ အင်္ဂလိပ်အရာရှိများခန့်ထားပြီး ထိုဒေသများကို ပဒေသရာဇ်များမှတဆင့်အုပ်ချုပ်သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီကာလများက မြေရှင်စနစ် အစွမ်းကုန်ဖွံ့ဖြိုးနေသည့်ကာလ ဖြစ်သည်။
သတင်းစာကြော်ငြာ(သို့မဟုတ်) ဖိတ်စာ(သို့မဟုတ်) ရွေးကောက်ပွဲကြေညာချက် စသည်များတွင် အမည်နောက်မှ “မြေပိုင်ရှင်“ဟု ထည့်ကြသည်။ ဝင့်ကြွားဂုဏ်ယူဖွယ်ရာတခု ဖြစ်ခဲ့သည်။ (ယခု မြေရှင်ဟုအခေါ်ခံရမျာရှက်နေသည်။)
အင်္ဂလိပ်ကပေးသည့် ဆြာဘွဲ့၊ ကေအက်စ်အမ်(K.S.M) ဘွဲ့ကို ထည့်ရသည်ဆိုလျှင် ဧရာမဝင့်ကြွားဖွယ်ဖြစ်ခဲ့၏။
မြေရှင်လူတန်းစားသည် အစိုးရအရာရှိများကို သားမက်ဖမ်းကြသည်။ အာဏာအဝန်းအဝိုင်းတွင် ပါဝင်လို၍ဖြစ်သည်။ ဥပဒေပြုလွှတ်တော်အမတ်အရွေးခံရဖို့ ကြိုးပမ်းကြသည်။ သြဇာရှိဖို့ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရန်မဟုတ်။ သူတို့လူတန်းစားအနေနှင့် နယ်ချဲ့ဆန့်ကျင်ရေးအတွေးအခေါ် လုံးဝမရှိချေ။
(ဗမာပြည်ကွန်မြူနစ်ပါတီ၏ လုပ်ငန်းစဉ်နှင့် ရန်သူကြီး ၃ ဦး အစီရင်ခံစာမှ ထုတ်နှုတ်စာရိုက်ပြီး တင်ပေးတာပါခင်ဗျား။ မြေရှင်စနစ်ဆုတ်ယုတ်ပြိုကျအားနည်းလာခြင်းကို ဆက်လက်လက်ပြီး ရိုက်တင်ပေးပါမယ်။ ခုခေတ်နဲ့ ဆက်စပ် စပ်ဟပ်ပြီးပြီး တွေးဆချင့်ချိန်စရာတွေရအောင်ပါခင်ဗျား။ ကေအက်စ်အမ်ဆိုတာက ကျက်သရေစလွယ်ရမင်းကို အင်္ဂလိပ်လိုစာလုံးပေါင်းပြီး အဖျားဆွတ်အတိုကောက်ခေါ်တာဖြစ်ပါတယ်။ မျိုးမြင့်ချို ဂျူလိုင် ၂၅၊ ၂ဝ၁၉)

0 comments:

Post a Comment