Monday, July 22, 2019

မခြဲၾကတာက မခြဲရတာက(မ်ိဳးျမင့္ခ်ိဳ)

0 comments
(မခြဲၾကတာ မခြဲရတာက)
ကိုယ်နဲ့မစိမ်းတဲ့အဖွဲ့ချုပ်ကြီးတွေအနက် အိန္ဒိယက ကွန်ဂရက်စ်အိုင်၊ တောင်အာဖရိက က အေအင်န်စီ၊ ဗမာပြည်က ဖဆပလ စတာတွေလည်း အချိန်တန်တော့ နိုင်ငံရေးအရ ရပ်ခံချက်ပြဿနာပေါ်တည်ပြီး ခွဲရပြုရတာပါဘဲ။ သတင်းစာသမားကတော့ အကွဲအပြဲလို့ သုံးတတ်ပါတယ်။
အင်န်အယ်လ်ဒီလည်း အဖွဲ့ချုပ်အနေနဲ့စခဲ့ပါတာပါ။ ဦးဂွယ်လမ်းဆွေးနွေးပွဲနောက်ပိုင်း ကာလတိုလေးတခုအထိတော့ အဖွဲ့ချုပ်ဆန်ဆန် လှုပ်ရှားခဲ့တာရှိပါတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ထီးတည်းကျလာတာဟာ ၂ဝ၁၂ ကြားဖြတ် မဝင်ခင်မှာစပါတယ်။ CRPP ကို လက်စတုံးလိုက်တဲ့အခါမှာ အဖွဲ့ချုပ်သဘောလက္ခဏာဟာ ကွယ်သွားပါတယ်။ ၂ဝ၁၅ လည်းကျရော လုံးလုံးကို နိုင်ငံရေးပါတီတခုအသွင် ဆောင်သွားပါတယ်။ ရေရှည် ဗျူဟာမြောက်မဟာမိတ်မပြောနဲ့ ရွေးကောက်ပွဲမဟာမိတ်တောင် မရှိတော့ပါ။
ခွဲကြပြုကြတာမဟုတ်ပေမယ့် စုပေါင်းမှုသဘောကတော့ ပျောက်သွားပါတယ်။ ဝန်းရံသူတွေလည်း ရှဲသွားပါတယ်။ စုဖွဲ့မှုစကတည်းက အခြေမခိုင်ခဲ့တာလို့ ယေဘုယျပြောနိုင်ပေမယ့် တကယ့်အတွင်းသဘောက “ဘုံရန်သူရှိပေမယ့် ဘုံလုပ်ငန်းစဉ်(ဘုံလမ်းစဉ်)မရှိတာကြောင့်“ ဆိုမှ မှန်မှာပါ။ ပေါင်းစည်းကြတဲ့အထဲမှာ “လိုချင်တဲ့ဒီမိုကရေစီ မတူကြတာ၊ ဖွဲ့ချင်တဲ့ပြည်ထောင်စု ကွဲပြားကြတာ“တွေလို့ဆိုရမှာပါ။ စစ်အုပ်စုရဲ့ အဖိအနှိပ်အကွပ်အညက်ကြီးတာကိုလည်း မမေ့အပ်ပါ။ ဘုံရန်သူရှိပေမယ့် ဘုံလုပ်ငန်းစဉ်မချနိုင်လို့ အဖွဲ့ချုပ်သဘောပျောက်သွားခဲ့ပြီး “နိုင်ငံရေးပါတီ“တခုအဖြစ်သာကျန်ပါတယ်။
နိုင်ငံရေးပါတီထဲမှာမှ အင်န်အယ်လ်ဒီဟာ လူ(ဒေါ်အောင်ဆန်းစုကြည်) အပေါ် အားပြုပြီး “တည်“ထားရတဲ့ပါတီပါ။ “ခေါင်းဆောင်မှု“ဆိုတာထက် “ခေါင်းဆောင်“ အပေါ်အခြေပြုထားတာပါ။ ဝန်းရံသူတွေကလည်း ဒါ့ကြောင့်ဝန်းရံကြတာမျိုးက များပါတယ်။ ဘုံလုပ်ငန်းစဉ်အရမဟုတ်တာမျိုးပါ။ နိုင်ငံရေးအရ မခိုင်မာပါ။ ဒီကြားထဲ ဒေါ်စုရဲ့ မူမဲ့တဲ့ရင်ကြားစေ့ရေးကြောင့် (လက်နက်ကိုင်ရော လက်နက်မကိုင်ပါ) လူမျိုးစုတွေဘက်ကလည်း သံသယဝင်လာပါတယ်။ သင်္ကာမကင်းတွေဖြစ်လာပါတယ်။ ဒါက အဖွဲ့ချုပ်သဘောကနေ နိုင်ငံရေးပါတီဖြစ်သွားတာကို ချုပ်မြင်ကြည့်တာပါ။ သေချာပြောမယ်ဆို အခိုင်အမာအချက်အလက်တွေ အတိအကျအကိုးအကားတွေလိုပါလိမ့်မယ်။
ပြောလိုရင်းက အဖွဲ့ချုပ်တွေရှိခဲ့တယ်။ ဘုံရန်သူရော ဘုံလုပ်ငန်းစဉ်ရောရှိတဲ့အချိန်(ဖက်ဆစ်ကိုတော်လှန်ချိန်မှာ အားလုံးရဲ့ဘုံရန်သူဟာ ဂျပန်ပါ။ ဘုံလုပ်ငန်းစဉ်က ဖက်ဆစ်ဆန့်ကျင်ရေးပါ)မှာ အဖွဲ့ချုပ်တွေ အဖွဲ့ချုပ်ပီပီမြည်မြည်ရှိပါတယ်။ ဘုံရန်သူပျောက်သွားရင် ဒါမှမဟုတ် ဘုံရန်သူတော့ရှိသေးတယ် ဘုံလုပ်ငန်းစဉ်မရှိတော့ရင် အဖွဲ့ချုပ်တွေ ချည့်နဲ့သွားတာ ပျောက်ကွယ်သွားတာတွေဖြစ်ပါတယ်။ ဘုံရန်သူလည်းရှိတယ် ဘုံလုပ်ငန်းစဉ်လည်းရှိတယ်ဆို မခွဲကြပါ။ ခွဲမရပါ။
ကျနော်တို့မှာ စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တယား၊ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကြီးက အကောင်မပျက် အလုံးအရပ်မလျော့ဘဲရှိနေပါတယ်။ ဒီမိုကရေစီရေးအတွက် ဘုံရန်သူဖြစ်နေပါတယ်။ ဒီနေရာမှာ “ဘုံရန်သူ“လို့ပြောဖို့ နှုတ်ထွက်မရဲရင် ဘုံဆန့်ကျင်ရမယ့်သူလောက်တော့ ပြောမှဖြစ်မယ်ထင်ပါတယ်။ ဘုံလုပ်ငန်းစဉ်ကတော့ ရေရေရာရာ အခိုင်အမာကောက်ပြစရာမရှိပါ။
မျိုးမြင့်ချို
ဂျူလိုင် ၂၁၊ ၂ဝ၁၉

0 comments:

Post a Comment