Tuesday, July 16, 2019

(ကြိုက်လုံးပစ်ကို မကြိုက်ခြင်း)

0 comments
(ကြိုက်လုံးပစ်ကို မကြိုက်ခြင်း)
တလျှောက်လုံး Popular ဆိုသည့်စကားသည် ရေပန်းစားသည်ဟူသောသဘောနှင့် ကောင်းသည်ဆိုသည့်အနက်ကိုဆောင်ကာ အတော် ပေါ်ပြူလာဖြစ်နေခဲ့ပါသည်။ ဒီကောင်မလေး ပေါ်ပြူလာဖြစ်သည်ဟုဆိုလျှင် လျှပ်ပေါ်လော်လီသည့်သဘောထက် ချောသည် လှသည် အပေါင်းအသင်းဝင်ဆန့်သည် ခေတ်မီသည် ပညာတတ်သည် စသည်တို့ဘက် ပြေးမြင်သူကများ၏။ တက္ကသိုလ်ကျောင်းသူကျောင်းသားတို့ ဝန်းကျင်တွင် ထိုအနက်သည် သိသိသာသာသာရွေ့သွားခြင်း မရှိသေး။ အခြားနယ်ပယ်တို့တွင်ကား သတိထားမိလောက်အောင်ပင် အရွေ့တွေရှိ၏။
ပထမက ပညာရေးနယ်ပယ်။ ဗမာပြည်တွင် ဆရာဝန် အင်္ဂျင်နီယာစသည်တို့မှာ ယခုတိုင် လူကြိုက်များဆဲ ရေပန်းစားဆဲအသက်မွေးဝမ်းကျောင်းများ ဖြစ်နေ၏။ အမေရိကန်တွင် ထိုသို့ ထပ်တူထပ်မျှဖြစ်နေသည်ဟု အပ်ချမတ်ချ ပြောမရ။ သို့နှင့်တိုင် အမေရိကန်ရောက် ဗမာပြည်ဖွားမိဘအချို့မှာ သားသမီးတို့ပညာရေးကို ဗမာတွေး တွေးနေတတ်ကြပါသည်။ ကလေးတို့အား ဆရာဝန် အင်္ဂျင်နီယာစသည်တို့ ဖြစ်စေ့ချင်ကြတုန်း။ သုံးလေးတန်းလောက် ကလေးတချို့ကလည်း မိဘတို့စကား သံယောင်လိုက်ကာ ဆရာဝန် အင်္ဂျင်နီယာ စသည်ဖြင့်ဖြေတတ်ကြ၏။ တကယ် ကြီးလာတော့လည်း သူတို့ စိတ်သန်ရာအသက်မွေးဝမ်းကြောင်းတွေ ရွေးကြတာများ၏။

ကျနော့်မိတ်ဆွေတယောက်မှာ အတော်ပြင်းထန်သည့် အာရုံကြောဆိုင်ရာရောဂါရှိ၏။ သူ့သမီးလေးသည် အဖေ့အတွက် ရတက်မအေး။ အမြဲလိုလို စိတ်လက် မချမ်းမသာ။ ထိုကလေးမလေး ၅ တန်းလောက်ရောက်တော့ ဘယ်သူကမှ သင်မပေးပဲ “သမီးကြီးရင် အာရုံကြောအထူးကုဆရာဝန်လုပ်မယ်“ဟုပြော၏။ ယင်း ချာတိတ်မလေးက ယခု ၈ တန်းကျောင်းသူ။ ယခုလည်း မေးလျှင် တူသည့်အဖြေသာပေးတုန်း။ သူ့ဆရာဝန်ဖြစ်ချင်ခြင်းသည် ဖခင်နှင့်သမီး၏ချစ်ခြင်းတွင်ဖွဲ့တည်သော မေတ္တာ၏ပြယုဂ်။

ကျနော့်တူမ မရင်နှစ်သည် ငယ်ငယ်ကလေးကတည်းက စာရေးစာဖတ် ဝါသနာထုံ၏။ ပန်းချီလေးတွေလည်း ဆွဲဆွဲနေတတ်၏။ စာကြည့်တိုက်သွားရမည်ဆိုလျှင်ပျော်တတ်၏။ သူ ၄ တန်းတုန်းက သမီးကြီးရင် ဘာလုပ်မလဲဟုမေးတော့ စာရေးဆရာဟုဖြေ၏။ ဆရာဝန်ရော မဖြစ်ချင်ဘူးလားဆိုတော့ ၏အဲ့ဒါတွေက ပေါ်ပြူလာတွေလေ ဘဘ“ဟုဖြေ၏။ လာမည့်ကျောင်းဖွင့်ရာသီတွင် သူ ၆ တန်းတက်ရတော့မည်။ ဟိုတလောကမေးတော့ “Animator လုပ်ချင်တယ်“ဟုပြော၏။ ဆရာဝန်ရောမလုပ်ချင်ဘူးဟု စိတ်စမ်းကြည့်တော့ ၄ တန်းကျောင်းသူတုန်းက အဖြေဘဲပြန်ပေး၏။ ကြီးလာရင် ဘာဖြစ်မည်လဲကတော့ ကံသေကံမ မပြောတတ်။

နိုင်ငံရေးတွင် Popular Politics တွေ ကမ္ဘာတဝှမ်းကြောက်ခမန်းလိလိ ခေါင်းထောင်ထလာ၏။ လူမျိုးရေး ဘာသာရေး ယဉ်ကျေးမှုစသည့် အကဲဆတ်သည့် အစ်ရှူးများကိုင်ကာ သည်းခြေကြိုက် ဆွယ်တရားလှိုင်းများစီးကာ ထိပ်ဆုံးရောက်လာသူတွေမှ မနည်း။ အမေရိကန်သမ္မတက အစ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ယဉ်ကျေးမှုစုံ၊ လူမျိုးစုံ၊ ဘာသာစုံရောနှောနေထိုင် အပြန်အလှန်လေးစား ဖေးမထောက်ကူ စသည့်တန်ဖိုးတို့ နောက်မဆုတ်ရသေးသော်လည်း မနည်းခံတိုက်နေရသည့်အဖြစ်။ ထို Popular Politics ကို ကောက်ကိုင်ပြီး ကွင်းထဲဝင်လာသည့် နိုင်ငံရေးသမားတွေ ပါတီတွေလည်း တပုံတမ။ ရန်လိုမုန်းတီးမှု စစ်ခေါ်သံများ သွေးတောင်းသံများဖြင့် ကမ႓ာပျက်သလို ပွက်ညံနေသည်။

ကျနော်က ဤ Popular Politics ကို “ကြိုက်လုံးပစ်နိုင်ငံရေး“ သုံး၏။ အများသုံးသော “လူပြိန်းကြိုက်နိုင်ငံရေး“ မသုံးစဖူး။ လူပြိန်းကြိုက်ဟုဆိုသဖြင့် လူထုကိုရည်ညွှန်းရာကျ၏။ လူထုအပေါ် အထင်အမြင်သေးရာရောက်၏။ လူတိုင်း လူပြိန်းမဟုတ်သော်လည်း အသိမဲ့စွာ ပညာညာဏ်နှင့်ဆင်ခြင်တုံနည်းပြီး မသိသားဆိုးရွား ရောယောင်ပါသွားသူတွေကိုပါ သိမ်းကြုံးပြောသည့်နှယ် ဖြစ်သွား၏။ ဤနေရာတွင် ပညာညာဏ်ဆိုသည်မှာ အတန်းပညာတတ်ခြင်းသက်သက်ကိုလောက် မဆိုလို။ တဘက်က ကြည့်ပြန်တော့လည်း လူပြိန်းကြိုက်ဟုဆိုသဖြင့် နိုင်ငံရေးသမား၏ ဖျံကျမှု ကလိန်ခြံုမှုကို အတိအလင်း ဖျောက်ထားရာရောက်၏။ ကြိုက်လုံးပစ်ဟုဆိုသည် လူထုကို "တည်"ပြောခြင်းမဟုတ်။ နိုင်ငံရေးသမားကို တည့်တည့်ပြောခြင်းဖြစ်၏။ နိုင်ငံရေးသမားက လူထုထဲမှာမှ သူနှင့်အကြိုက်ညီသူတွေ လူထုအစိတ်အပိုင်းတွေကို ဖဲ့ထုတ်သိမ်းသွင်းဖို့ရာ ထိုသူတို့အကြိုက် စကားလုံးများ ပစ်ပေးခြင်းဖြစ်၏။ ထို့ကြောင့် ကြိုက်လုံးပစ်နိုင်ငံရေး။

တချို့ကတော့ လူကြိုက်များ/ရေပန်းစားနိုင်ငံရေးစသည်ဖြင့်လည်း သုံးကြ၏။ ဤသို့ သုံးလျှင် ကောင်းသည် မှန်သည် လှသည်ဆိုသည့်သဘောဘက်နွယ်သွား၏။ ဘယ်သို့သုံးမှ မှန်မည်ဟု ယတိပြတ်မဆိုသော်လည်း ထိုအသုံးတို့ကို ကျနော် ဘဝင်မခွေ့ မနှစ်မြိ့ု။ သုံးသူက သူ့အနက်နှင့်သူ သူ့ရပ်ခံချက်နှင့်သူ သူ့အကျိုးစီးပွားနှင့်သူ သုံးမည်သာ။

ဤတွင် စဉ်းစားစရာရှိ၏။ ဂျာမန်ဖက်ဆစ်ဟစ်တလာကိုလည်း ခုခေတ်ကနေ လှမ်းကြည့်လျှင် သူလည်း Popular Politicians ပင်ဖြစ်၏။ သူကို လူကြိုက်များနိုင်ငံရေးသမားဟု သတ်မှတ်မည်လားက တွေးစရာဖြစ်၏။ လူထုပါလို့သာ ဖက်ဆစ်တို့ ဤမျှဆိုးသွမ်းယုတ်မာခွင့်ရသည်ဆိုခြင်းမှာ မှန်၏။ သို့သော် ထိုလူထုသည် “သူတို့လူထု“ဖြစ်၏။ သူတို့အာဏာနှင့် ဖန်တီးမွေးထုတ်ယူလိုက်သည့် လူထုဖြစ်၏။ ဇာတိပုညဂုဏ်မာန အညွန့်အချိုးခံလိုက်သည့် လူထုအစိတ်အပိုင်း၏ လက်စားချေသွေးဆာစိတ်ကိုနင်းပြီး၊ ထိုသူတို့ သည်းခြေခိုက်စကားများ ကြိုက်လုံးများပစ်ကာ မိမိအကြိုက်ကို ထိုသူတို့အကြိုက်ဖြစ်လာအောင်လုပ်ယူ လူစုပြီး အာဏာကိုင်သွားခြင်းဖြစ်၏။ အာဏာလက်ထဲရောက်လာတော့ ဖန်တီးနိုင်သည့်အခွင့်တွေရလာ၏။ ထိုအခွင့်တွေကို တိုးချဲ့ရင်း ကမ္ဘာချီသည့် ရာဇဝတ်မှုကြီးတွေကို လက်ရဲဇက်ရဲလုပ်သွားခြင်းပင်။

ပြန်ကောက်ပါမည်။ Popular ၏အနက်သည် ရွေ့လာနေပြီ။ အထူးသဖြင့် ပညာရေးနှင့်နိုင်ငံရေးတွင်။ Popular Politics ကို “ကြိုက်လုံးပစ်နိုင်ငံရေး“ဟု သုံး၏။ ထိုနိုင်ငံရေးသည် ခေါင်းထောင်ထနေ၏။ ကမ္ဘာကြီး အမုန်းစကားများ အမုန်းမီးများ ရန်လိုသွေးဆာမှုများနှင့် တကြော့ပြန် လောင်မြိုက်နေပြန်၏။ ဗမာ့လက်တွေ့နိုင်ငံရေးတွင်လည်း လစ်ဘရယ်လ်ဒီမိုကရေစီအရေခြုံထားသည့် ကြိုက်လုံးပစ်နိုင်ငံရေးသမားတွေလည်း တွေ့နေရ၏။ တိုင်းပြည်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ မကောင်း။ ထို့ကြောင့် ကျနော် မကြိုက်။ မကြိုက်သဖြင့် ဤစာရေးဖြစ်သွား၏။
မျိုးမြင့်ချို
ဇူလိုင် ၁၅၊ ၂ဝ၁

0 comments:

Post a Comment