Tuesday, July 30, 2019

(အရင်းဟာ အာဏာ)

0 comments
(အရင်းဟာ အာဏာ)
လစ်ဘရယ်လ်ဒီမိုကရေစီဆိုတဲ့နိုင်ငံတခုက အာဏာပြဿနာကိုစဉ်းစားတဲ့အခါ အရင်းအနှီးကို အခြေခံရပါတယ်။ ဒီနိုင်ငံမျိုးမှာ အာဏာကိုဘယ်သူကိုင်ထားသလဲပြောရင် အရင်းအနှီးကိုင်ထားနိုင်သူသာ ကိုင်ထားနိုင်ပါတယ်။
တကယ့် ဒိတ်ဒိတ်ကြဲ လစ်ဘရယ်လ်ဒီမိုကရေစီနိုင်ငံကြီးတွေမှာ အရင်းအနှီးကိုင်ထားနိုင်သူတွေဟာ နားလည်မှုရှိရှိ သိမ်သိမ်မွေ့မွေ့နဲ့ အာဏာကို အလှည့်ကျလက်လွှဲယူကြဖို့ သင့်သင့်မြတ်မြတ် လုပ်ယူထားပါတယ်။ ဒါကို Syetem လို့ ပြောရမယ်ထင်ပါတယ်။ ဒီစစ္စတမ်က ဒီမိုကရေစီကျရွေးကောက်ပွဲမှာ အခြေခံထားပါတယ်။
ဒီအခြေခံဟာ လွယ်လွယ်နဲ့ဖြစ်လာတာတော့ မဟုတ်ပါ။ ပဒေသရာဇ်စနစ်ကို ပင်ပင်ပမ်းပမ်းဖြိုချပြီးမှ ခက်ခက်ခဲခဲ တည်ဆောက်ယူခဲ့ရတာပါ။ အချိန်လည်း အတော်ကြာ ယူခဲ့ရပါတယ်။ အချိန်ကြာလာလေလေ အာဏာလက်လွှဲယူမှုသဏ္ဍန်ဟာ တည်ငြိမ်သိမ်မွေ့လာလေလေ ခိုင်ခံ့လာလေလေ ဖြစ်လာပါတယ်။ ဘယ့်လောက်အထိ အခြေတကျ အခိုင်အခံ့ဖြစ်နေလဲဆိုတော့ လူတွေပြောင်းသွားတယ်၊ အဆောက်အဦ ပြောင်းသွားတယ်၊ ပါတီတွေပြောင်းသွားတယ်၊ အစိုးရတွေအမည်တွေပြောင်းသွားပေမယ့် အရင်းအနှီးကို ကိုင်လှုပ်လို့မရတဲ့အထိ ဖြစ်သွားပါတယ်။ အရင်းအနှီးကို မကိုင်လှုပ်နိုင်တော့ဘူး။
ဒါကိုပဲ လစ်ဘရယ်လ်ဒီမိုကရေစီ/အရင်းရှင်ဒီမိုကရေစီလို့ ရောက်လွယ်အောင် အမည်ပေးကြတာပါ။ ဒီမိုကရေစီဟာ အရင်းရှင်စနစ်က ရှာတွေ့သမျှထဲမှာ အကောင်းဆုံး အကာ ဒါမှမဟုတ် အခွံလို့ ဆိုနိုင်ပါတယ်။ အပြောင်းအလဲဟာ အဲ့ဒီ အခွံထဲမှာဖြစ်နေတာပါ။ အပြင်ကို ဖောက် မထွက်ပါ။ ဆိုတော့ အပြောင်းအလဲတော့ဖြစ်တယ်။ ဒီမိုကရေစီဆိုတဲ့အခွံထဲမှာ(အကာထဲမှာ) လူပြောင်း၊ အဆောက်အဦပြောင်း၊ ပါတီပြောင်း၊ အစိုးရနံမည်တွေပြောင်းသွားတယ် ဒါပေမယ့် အာဏာအထိုင်ဟာ ပြောင်းမသွားဘူး။ အရင်းအနှီး ပြောင်းမသွားဘူး။ အရင်းအနှီးဟာ အရင်းရှင်တွေလက်ထဲမှာပဲ ရှိနေတယ်။ တိုးပွားသထက် တိုးပွားနေတယ်။ အစိုးရအလုပ်က အဲ့ဒီအရင်းရှင်တွေရဲ့ ကိုယ်စားလှယ်အလုပ် လုပ်ရတာမျိုးလို့ သဘောကျလို့ရမယ် ထင်ပါတယ်။
ဒီအထိုင်ပေါ်ကနေ ဗမာပြည်ကိုကြည့်ရင် ဗမာ့လူ့အဖွဲ့အစည်းမှာရှိတဲ့ ဓနဥစ္စာ၊ ဘဏ္ဏာငွေကြေးနဲ့ အရင်းအနှီး တွေဟာ ဘယ်သူတွေလက်ထဲမှာ စုပုံနေသလဲကိုမြင်ရတာနဲ့အမျှ အာဏာဘယ်သူ့လက်ထဲရှိသလဲ၊ ဘယ်သူက အာဏာကို ခြယ်လှယ်နေသလဲကို တွေ့ရမှာဖြစ်ပါတယ်။
(နိုင်ငံတော်အစိုးရနှင့်တော်လှန်ရေး State and Revolution by VI Lenin) ဘာသာပြန်ဖတ်စဉ်က သိခဲ့လေ့လာခဲ့ရတာကို နားလည်မှတ်မိသလို ပြန်ဆွေးနွေးကြည့်တာဖြစ်ပါတယ်)
မျိုးမြင့်ချို
ဂျူလိုင် ၂၉၊ ၂ဝ၁၉

0 comments:

Post a Comment