Wednesday, July 17, 2019

(မသင့်မမြတ် အဖြစ်ပြတဲ့အခါ)

0 comments
(မသင့်မမြတ် အဖြစ်ပြတဲ့အခါ)
လက်တွေ့ဗမာ့နိုင်ငံရေးအရ စစ်အုပ်စုနဲ့အင်န်အယ်လ်ဒီဟာ တစောင်းစေးနဲ့မျက်ချေးဖြစ်မနေကြပါ။ တယောက်တယောက်ဖက်တွယ်ပြီး အမှီသဟဲပြုနေရတာပါ။ အဲ့သလိုပြုနေရအောင်လည်း စစ်အုပ်စုကထောင့်စေ့အောင် ဖန်တီးထားတာပါ။ အဲ့ဒီဇာတ်ကွက်အတိုင်း အင်န်အယ်လ်ဒီက ကျေကျေနပ်နပ်အသုံးတော်ခံရင်း “တပ်ပိုင်အစိုးရ“ အနေအထားလေးကို ထိန်းထားရတာပါ။ အမှီသဟဲပြုကြရတာချင်း အတူတူဆိုတောင် စစ်အုပ်စုအပေါ် အင်န်အယ်လ်ဒီရဲ့ အမှီသဟဲပြုရမှုက ပိုကြီးပါတယ်။ သဘောက အင်န်အယ်လ်ဒီမရှိလည်း စစ်အုပ်စုကဖြစ်ပေမယ့် စစ်အုပ်စုမရှိရင်တော့ အင်န်အယ်လ်ဒီက မဖြစ်နိုင်သေးပါ။ စစ်အုပ်စုဟာ ဆယ်စုနှစ်ပေါင်းများစွာချီပြီး ပြဿနာပေါင်းများစွာကို ဖန်တီးထားတာပါ။ ဒီပြဿနာတွေကို စစ်အုပ်စုအကူအညီမပါဘဲ အင်န်အယ်ဒီဟာ ဖြေရှင်းလို့မရနိုင်ပါ။ သူရှိနေမှ သူရှုပ်ခဲ့တဲ့ပြဿနာတွေကို တချို့နေရာတွေမှာ သူ့ခံပြီး၊ တချို့နေရာတွေမှာ သူနဲ့ တည်ပေးပြီး၊ တချို့နေရာတွေမှာ သူ့ရှေ့တင်ပြီး၊ တချို့နေရာတွေမှာ “သူ့အား“ယူပြီး ဖြည်းဖြည်းချင်းပဲရှင်းရမှာပါ။ ဒါတောင် ပြောမယ်ဆို တကယ့် အသွင်ပြောင်းလဲရေးအစစ်အမှန်လုပ်မယ်ဆိုမှ ဖြစ်ရမယ့်ပုံစံပါ။ ခုအဲ့လိုဖြစ်မနေပါ။
“သူ့အား“ယူပြီးဆိုတာက ပိုအခရာကျပါတယ်။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုပြဿနာတွေမှာ နိုင်ငံရေးအရ တန်းတူရည်တူ မှန်မှန်ကန်ကန်ကန် ဖြေရှင်းရမယ်ဆိုပေမယ့် ဦးဆောင်ဖြေရှင်းမယ့်သူ(အစိုးရ) က အခြားသူတွေထက် အင်အားပိုရှိရပါတယ်။ ဒီမှာပြောတဲ့ အင်အားအားဟာ စစ်အင်အားပါ။ အင်အားကြီးသုံးပြီး ဖိဆွေးနွေးတိုင်း မအောင်မြင်နိုင်ပေမယ့် အင်အားငယ်နေရင်တော့ ဆွေးနွေးဘက်က ဝေါနဲ့ပင့်တာတောင် မလာပါ။ ပမာမခန့်လုပ်မှာပါ။ လက်ရှိအနေအထားအရ တပ်ပိုင်အစိုးရက စစ်တပ်ကိုအမိန့်မပေးနိုင်တဲ့အပြင် တချို့နေရာတွေမှာ နာပါနာခံနေရတာပါ။ ဒါကလည်း ဘယ်သူမပြု မိမိမှုဖြစ်တာပါ။ တဘက် ဆွေးနွေးဘက်(လူမျိုးစုလက်နက်ကိုင်အင်အားစုများ)တွေမှာ တပ်ရှိပါတယ် သေနတ်ရှိပါတယ်၊ သူ့ခေါင်းဆောင်အမိန့်ကို တပ်ကနာခံရပါတယ်။ ကုန်ကုန်ပြောရရင် အချိန်တိုင်း သူတို့ရဲဘော်တွေလက်ထဲ သေနတ်အပ်ထားရဲလောက်အောင် တပ်ကိုယုံကြည်လို့ရတဲ့သူတွေပါ။
အစိုးရ(အာဏာ)ဆိုတာ တပ်နဲ့သေနတ်ကို အမိန့်ပေးနိုင်မှုပါ။ ရဲတပ်၊ တရားရုံး၊ အကျဉ်းထောင်နဲ့ လွှတ်တော်ကို ပိုင်ပိုင်နိုင် ကိုင်ထားနိုင်မှုပါ။ အချုပ်အခြာအာဏာမှမဟုတ် ဒီမိုကရေစီတန်ဖိုးတွေကိုလည်း တပ်နဲ့ပဲကာကွယ်ရပါတယ်။ အာဏာရဲ့သော့ချက်ဟာ သတ္တုချကြည့်လိုက်ရင် သေနတ်မှာသွားဆုံးတာ မလွဲမသွေတွေ့ရမှာပါ။ အဲ့ဒါ အာဏာပါ၊ အဲ့ဒါ ဖန်တီးနိုင်မှုပါ။ အင်န်အယ်ဒီမှာ အဲ့ဒါ မရှိပါ။
ဒီတော့ တပ်ကိုမှီခိုရပါတယ်။ အင်န်အယ်လ်ဒီရင်ဆိုင်နေရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲမှာ တပ်ရှိနေမှ ရှင်းလို့ရမယ့်ပြဿနာတွေက အကြီးဆုံးပါ။ ထိပ်ဆုံးကပါ။ ဒေါ်မေဝင်းမြင့်ပြောသလို “ဗမာ့နိုင်ငံရေးထဲက စစ်တပ်ကို ဖယ်ထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်“တဲ့အနေအထားပါ။ ပါမောက္ခယန်ဟီးလီ အားပေးစကားဖြစ်တဲ့ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်အတွက် ပူနေစရာမလိုပါ“ဆိုတာလည်း အင်န်အယ်လ်ဒီအတွက် လက်တွေ့မကျပါ။ ဒါက ဖြစ်နေတဲ့ပကတိကိုပြောတာပါ။
ဒီတော့ ၂ ဘက်လုံးက တဘက်ကိုတဘက်မှေးထားရင်း၊ တခါတလေ သေဖော်ညှိရင်း၊ တခါတလေ မိုက်တွင်းအတူတူးရင်း၊ တခါတလေ ခြေစောင့်မျက်စောင်းထိုးရင်း၊ တခါတလေ စိတ်ကောက်စကားနာထိုးရင်း၊ တခါတလေ စောင်းလားမြောင်းလားပြောရင်း၊ တခါတလေ ကြည်စေအေးစေလုပ်ရင်း၊ တခါတလေ နောက်ကနေဖနောင့်လိုက်နင်းရင်း၊ တခါတလေ နောက်နေ ထမိန်စဆောင့်နင်းရင်း၊ တခါတလေ မသိနိုးနားနေရင်း၊ တခါတလေ ဖက်လှဲတကင်းလုပ်ရင်း၊ တခါတလေ မခေါ်နိုင်မပြောနိုင် ခတ်ခွာခွာနေရင်း၊ တခါတလေ မသင့်မမြတ်ဖြစ်လေဟန်ပြရင်း ခရီးသွားနေကြတာပါ။
ဒါကို လူထုက သေချာဃဏသိကြပါတယ်။ အတွက်လည်း မချော်ဖို့ပါ။ ခု လွှတ်တော်တွင်းဖွဲ့စည်းပုံပြင်ရေးကလည်း အဲ့ဒီအပေါ်ကနေဘဲ သွားနေကြတယ်ဆိုတာ လူထုကသိပါတယ်။ လွှတ်တော်တွင်းဖွဲ့စည်းပုံပြင်ရေးထောက်ခံပွဲတွေလုပ်နေတာဟာ လူထုက စစ်အုပ်စုကိုမလိုလားကြောင်း ဖော်ထုတ်ပြသတာပါ။ ပြင်ရေးကိစ္စ တကယ် အောင်အောင်မြင်မြင် ချောချောမောမောဖြစ်သွားနိုင် မနိုင်ကိုလည်း လူထုကသိပါတယ်။ ဒါပေမယ့် စစ်အာဏာကို ဆန့်ကျင်ကြောင်းပြတာပါ။ ဒါပေမယ့် ဒီလူထုတွေထဲမှာ စစ်အုပ်စုနဲ့အင်န်အယ်လ်ဒီ တကယ်ထိပ်တိုက်တွေ့နေပြီတို့၊ ဒါနောက်ဆုံးတိုက်ပွဲတို့ဆိုပြီး ထင်နေသူတွေ ရောယောင်ဝါဒဖြန့်နေသူတွေပါနေတာလည်း သတိထားမိပါတယ်။ အန္တရာယ်များတဲ့လူတွေမဟုတ်ပေမယ့် လူ့အလှောင်အပြောင်ခံရတာမို့ အင်န်အယ်လ်ဒီအတွက်တော့ မျက်နှာပူစရာပါ။
ပြန်ချုပ်ရရင် စစ်အုပ်စုနဲ့ အင်န်အယ်လ်ဒီ အပြန်အလှန် အမှီသဟဲပြု အပြန်အလှန်ထောက်ကူ အပြန်အလှန်မှီခိုရင်း ရှိနေကြပါတယ်။ အင်န်အယ်လ်ဒီရဲ့ အခုအတိုင်းတည်ရှိနေမှုကို စစ်အုပ်စုက ကြိုက်နေတာမှန်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ တနည်းမဟုတ်တနည်းနဲ့ ဇက်သတ်ပါလိမ့်မယ်။
အလားတူပဲ စစ်အုပ်စုရဲ့ အခုအတိုင်းတည်ရှိမှုကို အင်န်အယ်လ်ဒီကကြိုက်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ ဘာမှလုပ်မရပါ။ စစ်အုပ်စုမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအရ တရားဝင် အာဏာသိမ်းပိုက်လို့ရပါတယ်။ ဖွဲ့စည်းပုံမရှိလည်း တပ်ရှိပါတယ်၊ သေနတ်ရှိပါတယ်၊ အမိန့်ပေးနိုင်ပါတယ်။ အာဏာအတွက်ဆို အကုန်လုပ်ရဲပါတယ်။
မျိုးမြင့်ချို
ဂျူလိုင် ၁၇၊ ၂ဝ၁၉

0 comments:

Post a Comment