Friday, August 19, 2022

သင်္ကန်းဝါဝါ

0 comments

(Maurice Maybury က Heaven-Born in Burma လို့ရေးပြီး ဒေါက်တာသန်းထွန်းက မိုးကျရွှေကိုယ်လို့ ဘာသာပြန်တဲ့စာအုပ်ထဲက အခန်း ၁၀ ဖြစ်တဲ့ သင်္ကန်းဝါဝါ ကို စာရိုက်ပြီးတင်ပေးတာပါ။ စဉ်းစားတွေးဆ စရာတွေပါတယ်မြင်လို့ပါ)

နေက သိတ်မမြင့်သေး၊ နံနက်ခင်းရဲ့စိုပြည်လန်းဆန်းတဲ့အရသာနဲ့ လမ်းဘေးက တောစိမ်းစိမ်းရဲ့အရသာကို ထန်းပင်တွေကထိန်းပေမဲ့ မကြာခင် ကျဲကျဲတောက်နေကပူတော့မှာပါ။ ကြက်သွန်ဖြူနဲ့ ဆီကြော်နံ့ကတော့ ထွက်နေပါပြီ။ နေစင်စင်လင်းပြီ။ နေ့စဉ်ကြားနေကြ လှည်းသံတကျွီကျွီလည်း လှည်းလမ်းကြောင်းက ပေါ်ထွက်နေပါပြီ။ အိမ်ရှင်မတွေက အိမ်အောက်ဆင်းပြီး ငရုပ်ကြက်သွန်ထောင်းနေကြတယ်။ ပန်းပဲဆရာက တူသံပေသံပေးစဉ်မှာ ခေါင်းရွက်ဈေးသည်က သူ့ရောင်းကုန်ကို ကြော်ငြာနေပါပြီ။ ကျေးရွာရဲ့အသံတစ်ရာ့တစ်ပါးကို နားမှာကြားရပြီ။ နင်လားငါလား အလုပ်ကိုအပြိုင်ဆင်းကြပေမဲ့ နေကတော့နုပါသေးတယ်။ လမ်းအကွေ့ဆီက မောင်းသံခတ်ဆိုင်းဆိုင်းဟာ ခတ်သွက်သွက်ဖြစ်လာတယ်။ ရွာလမ်းအတိုင်း ဘုန်းကြီးတွေ သူတို့သီတင်းသုံးရာ ကျောင်းကထွက်ပြီး ဆွမ်းခံဝင်လာပြီ။ ရှေ့ဆောင်ကိုရင်(ကျောင်းသား)က မောင်းငယ်ကို အသံသာသာအေးအေး မြည်အောင်ထုပြီး(ဆွမ်းခံဝင်ပြီ)လို့ဆော်ဩနေပါတယ်။ ကုသိုလ်ရဖို့ကိစ္စတစ်ခု ဒီလမ်းအတိုင်းလာနေပြီလို့ သိကြရတယ်။

ဆွမ်းခံကိုရှေ့ဆောင်တာက ရွာဦးကျောင်းက ကိုယ်တော်လည်းဖြစ်နိုင်တယ်။ ဝါစဉ်အလိုက် နောက်ကသံဃာတွေက တန်းစီပြီးပါလာကြတယ်။ သင်္ကန်းရုံထားတယ်၊ မျက်လွှာအောက်ချလို့၊ သူတို့သုံးခွင့်ရတဲ့သပိတ်က မည်းမည်း သူတို့သုံးလာတဲ့ပစ္စည်းဟာ လှပဖို့ထက် အသုံးကျဖို့ ပိုပြီးလိုတယ်။ ဆွမ်းခံဝင်တဲ့အခါ ဖြည်းဖြည်းလေးနဲ့ ခံ့ခံ့ညားညား၊ ဆွမ်းလောင်းသူရှိရင် ရပ်ပေးရတယ်။ ရွာတစ်ပတ်ပတ်ပြီး ကျောင်းကို ပြန်ဝင်သွားကြတယ်။

တောရွာတိုင်းမှာ ဒီလိုဆွမ်းခံဝင်တာမြင်ရမယ်။ သာမန်အရပ်သားအထိ လူတွေရဲ့ ဘဝအနေအထိုင်အပြောအဆို အလုပ်အကိုင်အားလုံးကို ဗုဒ္ဓရဲ့ဆိုဆုံးမချက်က ပုံစံချပြီးညွှန်ကြားတဲ့အတိုင်း လိုက်နာကြတာဖြစ်ပါတယ်။ တချို့ ရွာငယ်တွေဆိုရင် ရွာကျောင်း မရှိနိုင်ပါ။ ကျောင်းက လူနေနဲ့ကွဲပြားခြားနားအောင် ဘုံဆင့်သဘော အမိုးအဆင့်အဆင့်နဲ့ ပြသာဒ်ဖြစ်ပါတယ်။ ရွာတွေမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းထက် ပိုတတ်တယ်။ တစ်ခါတစ်ရံ ဘုန်းကြီးကျောင်းတွေ အပြိုင်အဆိုင်ဖြစ်ပြီး မပြေလည်တဲ့ကိစ္စတွေလည်း ရှိတတ်ပါတယ်။ ရွာသားက ဘုန်းကြီးကို ကြည်ညိုလေးစားတာကတော့ ခြွင်းချက်မရှိ အမြင့်ဆုံးအဆင့်မှာရှိပါတယ်။ ဘုန်းကြီးရောလူပါ ဘုရားအဆုံးအမ အတွင်းမှာ သတိနဲ့နေကြလို့ ဒီလိုညီညွတ်မှုရှိနေတာဖြစ်ပါတယ်။ 

ဘုန်းကြီးတွေက လောကစည်းစိမ်ကိုစွန့်ခဲ့ကြတာဖြစ်လို့(လောဘ ဒေါသ မောဟ)ဆိုတာတွေရဲ့ အနှောင့်အယှက်က ကင်းလွတ်ကြပါတယ်။ ဘဝများစွာကျင်လည်ရတဲ့ သံသရာဆင်းရဲက အပြီးကျွတ်အောင်အားထုတ်ကြတယ်။ မက်မောစရာပစ္စည်းမစု၊ ပိုက်ဆံမကိုင်ပါ။ (ကာမဆန္ဒကိုချိုးနှိမ်ထားတယ်) လမ်းမှန်လမ်းကောင်းကိုသွားနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ ပုထုဇဉ်လူအများက ကြည်ညိုလေးစားကြတယ်။

နေ့စဉ်အသုံးအဆောင် အစားအသောက်ကို လှူတဲ့လူရှိမှ သုံးဆောင်မှီဝဲရတယ်။ ဗုဒ္ဓရဲ့ဆုံးမချက်မှာ ကုသိုလ်နဲ့ အကုသိုလ်ရှိတယ်။ အကုသိုလ်နည်းနိုင်သမျှနည်းအောင် ကျင့်ကြံရတယ်။ ဘဝထိုထိုကို လွတ်အောင်ရုန်းထွက်နိုင်ရင် နိဗ္ဗာန်။ အဲ့ဒီတော့ လယ်ဂျာစာရင်းမှာလို အဝင်နဲ့အထွက် အမြဲညှိကြရမယ်။ အဝင်နည်းပြီး အထွက်များမှာစိုးရတယ်။ ဘုရားတည် ကျောင်းဆောက် အလှူပေးဆိုတာလုပ်ကြရမယ်။ ဒါပေမဲ့ နည်းနည်း ပြန်ညှိသင့်ပါတယ်။ ဆိုလိုတာက ဘုရားဟောင်းကိုပြင်ဖို့ထက် ဘုရားအသစ်ကိုပဲတည်ဆောက်နေကြတယ်။

ရုပ်နဲ့ နာမ်မှာ နာမ်က ဘဝကူးတဲ့အခါ လူ နတ် ဗြဟ္မာ သတ္တဝါမျိုးစသုံဖြစ်တတ်တယ်။ အသက်တစ်ချောင်းကို မဖျက်ဆီးကောင်းလို့ ယူဆကြလေတော့ မြွေဆိုးမြွေဟောက်ကိုတောင် မသတ်ပါ။ ကျွန်တော်တို့တွေ့ဖူးတဲ့ ထမင်းချက်တစ်ယောပ်က ငရဲကြောက်လို့ ကြက်ဥကိုတောင်မခွဲပါ။ ကံကိုယုံတဲ့အတွက် ကံညံ့ရင် ခံ၊ ကံကောင်းရင် စံဆိုတဲ့သဘောထားကို စွဲနေကြတယ်။ ကံစီမံရာဆိုတဲ့စကားဟာ တွင်ကျယ်လာတယ်။

ဘုန်းကြီးဆွမ်းခံဝင်တဲ့အခါ ဆရာက ဒကာကိုသနားလို့ သည်းခံတယ်ဆိုတဲ့သဘောပါတယ်။ မြန်မာနိုင်ငံမှာ ပစ္စည်းပေးတဲ့သူက လက်ခံသူကိုကျေးဇူးတင်တယ်။ ဘုန်းကြီးကျောင်းက ဆွမ်းတွေဟင်းတွေစွန့်လို့ ကြက် ငှက်ခွေးတွေစားကြရတာကိုလည်း ကြည့်ပြီးကျေနပ်ကြတယ်။ (ငါတို့ ဦးဦးဖျားဖျားပေးလှူတာကို မသုံးမစား ပြုရက်တယ်လို့ မထင်ပါ) ဘုန်းကြီးကျောင်းကစွန့်တဲ့စားစရာကို စောင့်စားနေတဲ့သတ္တဝါတွေလည်း ဘုန်းကြီးကျောင်း ဝန်းကျင်မှာရှိနေတတ်ပါတယ်။ သူတို့ကလည်း အလှူရှင်တွေကို ကုသိုလ်ဖြစ်အောင်ကူညီနေတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

ဘုန်းကြီးပင့်ပြီးဆွမ်းကျွေးတဲ့အလေ့ဟာ မြန်မာနိုင်ငံမှာ စွဲမြဲနေတဲ့အလေ့အကျင့်တစ်ခုဖြစ်နေပါပြီ။ ကျွန်တော်တို့ မော်လမြိုင်က ကော့ကရိတ်ကိုအလုပ်တာဝန်အရပြောင်းရဖို့ ရက်ပိုင်းအလိုမှာ မောင်ကြီးက သူ့ကို လစာငွေ နှစ်ဆယ် ကြိုပြီးပေးပါလို့တောင်းပါတယ်။ ဘုန်းကြီးအပါးငါးဆယ်ကို ဆွမ်းကျွေးချင်လို့ဖြစ်ပါတယ်။ သူက ဘုန်းကြီးကျောင်းမှာ ညသွားအိပ်တယ်။ မနက်မိုးမလင်းခင် သုံးနာရီလောက်ကစပြီး ဆွမ်းနဲ့ဆွမ်းဟင်းကို ခြောက်နာရီမှာအသင့်ဖြစ်အောင် ချက်တယ်။ ဘုန်းကြီးအပါး ခုနှစ်ဆယ်နဲ့ ဒကာဆယ်ယောက်ကို(အာရုံဆွမ်းကပ်ပြီး) ကျွန်တော်တို့ကို ကိုးနာရီမှာ နံနက်စာကျွေးဖို့အမီ ပြန်ရောက်လာပြီး သခင်နဲ့သခင်မကို အမျှဝေပါတယ်။

လူ့စရိုက်နဲ့ကင်းအောင်နေတယ်ဆိုပေမဲ့ ဘုန်းကြီးတွေဟာ လူတွေနဲ့ လုံးလုံးအဆက်ပြတ်တဲ့သဘောမရှိပါ။ ပြန်ပြီး ဘယ်လောက် ရှေးကျတယ်လို့မပြောတတ်ပေမဲ့ ရှေးရှေးကလည်း ရွာထဲက သားယောက်ျားကို ဘုန်းကြီးကျောင်းကို လွှတ်ပြီး စာရေးစာဖတ်သင်တယ်။ လောကုတ္တရာစာပေကိုလည်း သင်စေတယ်။ သင်ကြားနည်းကတော့ ရှေးရိုးစဉ်ဆက်ပုံစံ ကြက်တူရွေးစကားသင်သလို အလွတ်ကျက်ရတဲ့စနစ်ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ လောကုတ္တရာ စာကလွဲလို့ ဘာတခုမှ အပိုသင်မပေးပါ။ ဒီတော့(အခုလို)ခေတ်ပြောင်းချိန်မှာ အဲ့ဒီပညာရေးစနစ်ကို ပြင်ရမယ်။ တန်းကျောင်းတွေပေါ်လာပြီ။ ဒါပေမဲ့ တောမှာ အရင်အတိုင်း ယောက်ျားလေးကို ဘုန်းကြီးဆီလွှတ်ပြီး ဟိုတုန်းကလိုပဲ ယံမင်္ဂလံကို အလွတ်ကျက်ခိုင်း နေပါသေးတယ်။ အဲ့ဒါထက်နည်းနည်းပိုတာက ဗုဒ္ဓသာသနာကို လေးစားရိုသေကိုင်းရှိုင်းလာတယ်။ စာရေးစာဖတ်နှုန်းဟာ ကမ္ဘာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ မြန်မာက အမြင့်မားဆုံး ဖြစ်ပါတယ်။ တကယ်က ကလေးကိုစာဖတ်သင်ပေးဖို့ ဘုန်းကြီးတာဝန်မဟုတ်ပါ။ ဗုဒ္ဓသာသနာဝင်တစ်ယောက်ရဲ့ အခြေခံပညာကိုသင်ရမဲ့တာဝန်သာရှိပါတယ်။ တခြားအောင်မြင်ချက်က အပိုဆုသာဖြစ်ပါတယ်။

ခရစ်ယာန်သာသနာဝင်တွေလို သူတို့မှာအားထားစရာ ဘုရားတစ်ဆူရယ်လို့ မရှိပါ။ ဗုဒ္ဓရှင်တော်က တွေးတော ကြံဆနိုင်ဖို့ခက်တာကို တွေးမနေနဲ့ ဒုက္ခအပေါင်းချုပ်ငြိမ်းရာနိဗ္ဗန်ရောက်ကြောင်းကိုသာ နည်းလမ်းပေးမယ်လို့ ဆိုပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးကိုရိုသေရမယ်။ ဗုဒ္ဓရုပ်ပွားတော်ကို ထိုင်ရှိခိုးဖို့မလို၊ ပုံတော်ကိုကြည့်ပြီး တရားကိုသာနှလုံးသွင်းရမယ်။ သမထဝိပဿနာကို အားထုတ်ရမယ်။ ရွာသူရွာသားကို ဒီလိုပြောနေတာထက် ဘုရားဝတ်ပြုခိုင်းတာက ပိုပြီးဖြစ်မြောက်နိုင်ပါတယ်။ ကမ္မဌာန်းမတိုင်မီ အစပြု ဆောင်ရွက်ရတာက ဘုရားကို ကိုးကွယ်ပါ၏၊ တရားကို ကိုးကွယ်ပါ၏၊ သံဃာကို ကိုးကွယ်ပါ၏လို့ ရွတ်ဆိုရမယ်။ သရဏဂုံသုံးပါး ဖြစ်ပါတယ်။

ဗုဒ္ဓသာသနာဝင်တွေမှာ သားယောက်ျားဆိုရင် အစပထမ ဘုန်းကြီးကျောင်းကို အချိန်အ‌တော်ကြာ ပို့ထားရလေ့ ရှိပါတယ်။ ဘယ်အချိန်ကပို့သလဲဆိုရင် လူပျိုဖြစ်စအချိန်က ပို့ပါတယ်။ ခေါင်းကိုပြောင်အောင်ရိပ်ပြီး သင်္ကန်း စည်းပေးတယ်။ ဒါမှ(ဗုဒ္ဓဝါဒ)ကို သူစပြီးသိမှတ်ရတယ်ဆိုပါတော့။ မိဘချမ်းသာရင် သူ့ကို ရှင်ပြုတဲ့ပွဲကို တခမ်းတနား ငွေကြေးကျခံပြီးလုပ်မယ်။ ရှင်လောင်းကို မြင်းပေါ်တင်ပြီး တူရိယာတီးမှုတ်ပြီး(ရှင်လောင်းလှည့်မယ်)။ ဘုရားလောင်းက ရဟန်းဝတ်ပြီး တောထွက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ ပွဲလမ်းသဘင်ဘက်ကို အတော်များများ နွယ်သွားပြီးဖြစ်ပေမဲ့ ရှင်ပြုဆိုတဲ့ဝေါဟာရက ကျန်ရှိနေလို့ ရှင်ပြုပွဲဟာ သာသနာရေးပွဲအဖြစ် ဆက်လက် သဘောထားကြပါတယ်။

အများအားဖြင့် ရှင်ပြုပြီးကိုရင်ဟာ ဘုန်းကြီးကျောင်းမှာ တစ်သီတင်းနှစ်သီတင်းနေပြီး လူထွက်လာတာပါ။ အမှန်က သံသရာကိုငြီးငွေ့တဲ့ ဘယ်သူ့ကိုမဆို ခန္ဒာကိုယ် ချွတ်ယွင်းတယ်၊ စိတ်မနှံ့ဖြစ်တယ်ဆိုမှ ရဟန်းဘောင်က လက်မခံတာပါ။ အဲ့ဒါကလွဲရင် လက်ခံပါတယ်။ ပထမ ကိုရင်ဝတ်ရတယ်။ သတ်မှတ်ချက်တွေနဲ့ညီညွတ်မှ ဆက်ပြီး ရဟန်းခံပေးပါတယ်။ တချို့လည်း ကိုရင်ဝတ်နဲ့ပဲ တစ်သက်လုံးနေသွားကြတာတွေလည်း ရှိပါတယ်။

မြန်မာမင်းတွေလက်ထက်က သာသနာပိုင်ဆိုတာရှိတယ်။ မင်းကအားပေးတဲ့အတွက် ဩဇာအာဏာကြီးပါတယ်။ တတိယမြန်မာစစ်အပြီး သာသနာပိုင်က သူ့ကိုခွင့်ပြုမယ်ဆိုရင် ဗြိတိသျှကိုလက်သင့်ခံဖို့ သူဟောပြောပေးမယ်၊ သူ့ကိုဆက်ပြီး သာသနာပိုင်အနေနဲ့အသိအမှတ်ပြုပါလို့ စကားကမ်းလှမ်းတာကို ဗြိတိသျှက သာသနာရေးခုံရုံးကို အသိအမှတ်ပြုဖို့ပါနေတဲ့အတွက် လက်မခံပါ။

အဲ့ဒီလိုလုပ်မိတဲ့အတွက် အထက်မြန်မာနိုင်ငံ ငြိမ်ဝပ်ပိပြားရေးကို ခက်ခက်ခဲခဲ ငါးနှစ်ကျော်ကြာအောင်လုပ်ယူရတယ်။ သာသနာပိုင်မှာလည်း ရှင်ဘုရင်ကအပ်နှင်းတဲ့အာဏာတွေ ဆုံးရှုံးပါတယ်။ ဝိနည်းနဲ့မညီညွတ်လို့ ဘုန်းကြီးတစ်ပါးကို လူဝတ်လဲစေလို့တောင် ပြောခွင့်မရတော့ပါ။

အခုလို သာသနာပိုင်မှာ အာဏာကင်းလွတ်တဲ့အတွက် ဝိနည်းလေးစားပုံ ကျဆင်းသွားတယ်။ ခရစ်ယာန်အယူမှာ ဂိုဏ်းတွေကွဲပြားနေသလို ဗုဒ္ဓသာသနာမှာလည်း ဂိုဏ်းကွဲတွေများတယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ တစ်ကျောင်းတောင် ကွဲလွဲချက်တွေရှိတယ်။ ကျောင်းထိုင်ဘုန်းကြီးက ကြီးကြပ်ကွပ်ကဲရတယ်။ ဆရာတော်ကိုယ်တိုင် ပေါ့ပေါ့နေရင် အားလုံးပျက်စီးသွားရတယ်။ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မစဉ်းစားပါနဲ့။ မကောင်းတဲ့လူတွေ သာသနာ့ဘောင်ကို အများကြီးဝင်လာနိုင်ပါတယ်။

သာသနာမှာ အခြေပျက်တာကို တောမှာထက် မြို့ပေါ်မှာပိုပြီးထင်ရှားပါတယ်။ လူဦးရေများတဲ့ ရန်ကုန်၊ မန္တလေးမှာ ဆိုရင် မသမာသူတွေရဟန်းဝတ်ပြီး သာမန်လူတွေသာမက ရဲကိုပါလှည့်စားပြီး မသမာတဲ့အလုပ်တွေကို လုပ်လာကြတယ်။ ဘုန်းကြီးကျောင်းအမည်ခံပြီး လူဆိုးသူခိုး ခိုအောင်းရာစခန်း ဖြစ်လာတယ်။ ရဟန်းဝတ်နဲ့ မဟုတ်တာလုပ်ရင် သူ့အပြစ်သူခံလိမ့်မယ်။ တို့နဲ့မဆိုင်လို့ မြန်မာလူမျိုးတွေက ယူဆကြပါတယ်။ ပြီးတော့ ရဟန်းဝတ်သူဟာ လူတွေအတွက်လုပ်တဲ့ဥပဒေရဲ့အထက်ကလို့ တွက်ဆထားပါတယ်။

သင့် မသင့်မဆင်ခြင်တဲ့နိုင်ငံရေးသမားတွေက ဒါကိုအခွင့်ကောင်းယူပြီး သင်္ကန်းဝတ်ကို သူတို့လိုရာမှာအသုံးချတယ်။ အတိအကျပြောရရင် သာသနာ့ဝန်ထမ်းဟာ ဘယ်လူမှုကိစ္စနဲ့မှ မပတ်သက်ဘူး။ သာသနာပိုင်မှာလည်း မင်းက ခွင့်ပြုတဲ့အတွက် မြို့တော်မှာ သာသနာပိုင်ဩဇာကြီးသလို ကျေးရွာတွေမှာလည်း ရွာဦးကျောင်းကဘုန်းကြီးကို အားကိုးပြီး လူမှုကိစ္စတွေမှာပါဝင်ဆောင်ရွက်ခိုင်းတယ်။ အရေးအကြီးဆုံးကိစ္စက အစိုးရကိုတော်လှန်ဖို့ ဖြစ်တယ်။ နိုင်ငံရေးဘုန်းကြီးဆိုပြီး အသစ်အဆန်းပေါ်ပေါက်လာပါတယ်။

 

တောရပ်တောရွာမှာ ဘုန်းကြီးတွေဟာ သူတို့ရထားတဲ့အခွင့်အရေးကို ဆက်လက်ဆောင်ရွက်နေပါသေးတယ်။ သူတို့ဟာ ရပ်ရွာကောင်းဖို့ကိုပဲ ဆောင်ရွက်ပါတယ်။ ကော့ကရိတ်မြစ်ဝှမ်းက သက်ကြီးဝါကြီးဆရာတော်တစ်ပါးဆိုရင် ရဟန်းရောလူပါ ဝိုင်းပြီးကြည်ညိုကြတယ်။ နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းမလုပ်ပါ။ ဒါပေမဲ့ အဲ့ဒီဆရာတော်ကြီးရဲ့ဩဝါဒကို ခံယူပါတယ်လို့ နိုင်ငံရေးသမားက ရွေးကောက်ပွဲမှာဟောပြောပြီး မဲဆွယ်ပါတယ်။ အဲ့ဒီအမတ်ဟာ မပြတ်ဆိုသလို ဆရာတော်ရဲ့ကျောင်းကို ဝင်ထွက်ပြီး ဆရာတော်ရဲ့အဆုံးအမကို ခံယူမြဲခံယူပါတယ်လို့ ပြောလေ့ရှိပါတယ်။  

 

ဆရာတော်တစ်ပါး ပျံလွန်ရင် ချက်ခြင်းသင်္ဂြိုဟ်လေ့မရှိ။ သင်္ဂြိုဟ်ရက်ကို တစ်လကိုးသီတင်းရွှေ့ပြစ်တယ်။ အလောင်းကို ပျားရည်စိမ်တယ်။ တစ်နှစ်လောက်ကြာပြီးမှ ပွဲလမ်းသဘင်ခင်းကျင်းပြီး မီးသင်္ဂြိုဟ်တယ်။ ရွာဝန်းကျင်ကဆိုင်ငယ်လေးတွေမှာ ပျားရည်ဝယ်ရင်သတိထားဝယ်ပါ။ 

 

ဘုန်းတော်ကြီးရှေ့မှောက် ရောက်တဲ့အခါဖြစ်ဖြစ်၊ ကျောင်း၊ ဘုရားဝင်း ဒီလိုအမွန်အမြတ်လို့ သတ်မှတ်တဲ့ နေရာတွေရောက်ရင် မြန်မာလူမျိုးတွေ ဖိနပ်မစီးပါ။ စီးရင် သူတို့အယူဝါဒကို မလေးစားရာရောက်ပါတယ်။ မြန်မာဘုရင်ရှိစဉ်အခါက သူတို့လေးစားတဲ့ ဘုရား၊ ရဟန်း၊ မင်း အနီးအပါးကိုရောက်ရင် ဖိနပ်ချွတ်ပါတယ်။ ဥရောပတိုက်သားတွေရဲ့ ဦးထုတ်ချွတ်တဲ့သဘောနဲ့ ဆင်တူပါတယ်။ (ဥပဒေပါမောက္ခဦးမြင့်က ငါက ခေါင်းပေါင်း ပေါင်းပြီး ရှူးစီးထားတော့ ဦးထုတ်ချွတ်ရ ဖိနပ်ချွတ်ရတဲ့ ဘယ်နေရာကိုမနှ ငါမသွားဘူးလို့ ရယ်စရာပြောဖူးပါတယ်။

ဗုဒ္ဓသာသနာဝင်မြန်မာတွေဟာ သည်းခံတတ်ကြပါတယ်။ သူတို့ဓလေ့ကို နိုင်ငံခြားသားတွေလိုက်လုပ်ရမယ်လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုလေ့မရှိပါ။ ဥရောပတိုက်သားတွေကလည်း သူ့ဒေသစရိုက်ကို လေးစားကြပါတယ်။ သူတို့ကလည်း ဖိနပ်ချွတ်ဖို့ဝန်မလေးပါ။

နိုင်ငံရေးလှုံ့ဆော်သူတွေက ဖိနပ်ပြဿနာကို ရှေ့တန်းတင်လာပြီး ဥရောပဆန့်ကျင်ရေးနဲ့ တိုင်းရင်းသား လွတ်လပ်ရေးကို တွဲဖက်ပြောဆိုစည်းရုံးလာတဲ့အတွက် ဗုဒ္ဓသာသနာ ဂိုဏ်းချုပ် ဂိုဏ်းအုပ်တွေကမြန်မာဗုဒ္ဓသာသနာ အနုပညာဗိသုကာ ပညာလက်ရာတွေကိုလာကြည့်ပါလို့ဖိတ်ပေမဲ့ ဒီပြဿနာကြောင့် မသွားဖြစ်ပါ။

 

တောအရပ်(ကျေးရွာတွေမှာ) အစစပိုပြီးလွယ်ကူပါတယ်။ လက်ထပ်(မင်္ဂလာဆောင်)တယ်ဆိုတာ ပွဲမလုပ်လည်းရတယ်။ (ပုဆိုးတန်းတင် အကြင်လင်မယားဆိုတဲ့စကားအရ ဒီအမျိုးသားရဲ့ပုဆိုးကို ဒီအမျိုးသမီးအိမ်ကအဝတ်တန်းမှာမြင်ရရင် သူတို့ အတဆူနေပြီပေါ့လို့ သိလိုက်ကြတယ်) နှစ်ယောက်တွဲပြီး ဘုန်းကြီးဆွမ်းကျွေးတယ်။ ထမင်းလက်ဆုံစားတယ်။ အတူတွဲပြီး ပွဲကြာ့်ထွက်တယ်၊ အလှူကိုလာတယ်ဆိုရင် လင်မယားပဲပေါ့။ သင်္ကန်းဝတ်တွေကိုတော့ သိတ်တိကျတဲ့ထုံးနည်းနည်းတွေနဲ့ ပဉ္ဖင်းခံရတယ်။ လူထွက်ချင်ရင်တော့ သိတ်လွယ်တယ်။ 

 

ကျွန်တော်တို့ ကော့ကရိတ်မှာနေစဉ်က ကိုရင်လေးတစ်ပါးနဲ့ မိန်းကလေးချောချာတစ်ယောက် ချစ်ကြကြိုက်ကြတယ်။ ကိုရင်ကလည်း လူမထွက်၊ မိန်းကလေးဘက်ကလည်း တင်းတင်းမာမာ။ ဒါနဲ့ မိန်းကလေးကို အသက်ကြီးကြီး ပစ္စည်းရှိတဲ့လူတစ်ယောက်နဲ့ ပေးစားလိုက်ကြတယ်။ ညဘက်မှာ ကိုရင်က တိတ်တဆိတ်လာပြီး အသစ်စက်စက် သတို့သားကို ဓားနဲ့ထိုးသတ်လိုက်တယ်။

လူသတ်မှုဖြစ်ခဲပါတယ်။ တရားခံက သင်္ကန်းဝတ်ဆိုတာက သာတောင်ဖြစ်ခဲသေးတယ်။ အခုပြောတဲ့ကိစ္စကို ကြားစက မယုံကြပါ။ နောက် တကယ်ဖြစ်တယ်ဆိုတာသိရတော့ လူအများက ပြစ်မှုကျူးလွန်သူကို သနားကြပါတယ်။ ပြစ်မှု ကျူးလွန်သူက ဘုန်းကြီးဖြစ်နေလို့ သိတ်စိတ်ထိခိုက်ကြပါတယ်။

ချစ်သူချင်းမညားရင် လူအများက ချစ်ဒုက္ခရောက်သူနှစ်ဦးကို ဝိုင်းပြီးသနားကြတယ်။ အဲဒါအပြင် သာသနာ့ဝန်ထမ်းက( လောဘ ဒေါသ မောဟ တဏှာကို မထိန်းနိုင်ပါလားလို့)စိတ်ဆင်းရဲကြတယ်။

0 comments:

Post a Comment