Sunday, August 28, 2022

အောင်ဆန်း၊ ဗဟိန်း၊ ဌေးမြိုင်။ (ဒဂုန်တာရာ)

0 comments

အောင်ဆန်း၊ ဗဟိန်း၊ ဌေးမြိုင်။ (ဒဂုန်တာရာ)

(က)

ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ဌေးမြိုင်။ ဌေးမြိုင်ကတော့ ကျွန်တော်။ သူတို့ကတော့ ခေါင်းဆောင်များဖြစ်သွားကြသည်။ ကိုအောင်ဆန်းက အမျိုးသားခေါင်းဆောင်။ ကိုဗဟိန်းက ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်။

 

ကိုဗဟိန်းက ၁၉၄၆ တွင်ကွယ်လွန်သည်။ သူကွယ်လွန်စဉ်က ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏သဘာပတိ။ ကိုအောင်ဆန်းကတော့ နောက်နှစ် ၁၉၄၇ တွင်ကွယ်လွန်သည်။ သူကွယ်လွန်စဉ်က ကြားဖြတ်အစိုးရ သို့မဟုတ် ဘုရင်ခံ၏အတိုင်ပင်ခံအဖွဲ့ ဒုတိယသဘာပတိ။ လုပ်ငန်းတာဝန်ကတော့ ဝန်ကြီးချုပ်။ သူတို့နှစ်ယောက်နှင့် ကျွန်တော်သည် တစ်ချိန်တည်းလိုပင် ၁၉၃၈ ဝန်းကျင်က သိကျွမ်းခင်မင်ခဲ့ရသည်။ ကျွန်တော်ကတော့ ဘာကောင်မှမဟုတ်။ စာသမားဆိုလျှင်တော့ ရနိုင်သည်။ ကျောင်းသားဘဝက နောင်တွင် ဘာဖြစ်မည်ကိုမသိကြသေး။

 

ကျွန်တော်က စာရေးဆရာပေါက်စ။ သူတို့ကိုလည်း နိုင်ငံရေးသမားပေါက်စဟုပြောလျှင် ရနိုင်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂတွင် သူတို့က ဥက္ကဌ။ ကျောင်းသားဘဝဆိုသည်က အနာဂတ်၏ ဘဝပုံသဏ္ဌန်များမှာ အရောင်အသွေး အမွှေးရနံ့များပီပီသသနှင့် ပွင့်ဖူးသေးသည်မဟုတ်။ ၁၉၃၈ တွင် ကိုအောင်ဆန်းသည် သခင်အောင်ဆန်းအဖြစ်ခံယူကာ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ဖြစ်သွားသည်။ ကိုအောင်ဆန်း သမဂ္ဂမှနှုတ်ထွက်သွားသောအခါ ကိုဗဟိန်းက ဥက္ကဌအဖြစ်ဆောင်ရွက်ရသည်။ ထိုနှစ်က ၁၃၀၀ ပြည့်အရေးတော်ပုံသမိုင်းသစ်ထွန်းသောခေတ်။ ရေနံမြေအလုပ်သမားများ ချီတက်လာသောအခါ မကွေးတွင် ရပ်နားနေစဉ် သခင်ဗဟိန်းရောက်သွားသည်။ “မြင်းခွာတစ်ချက်ပေါက်လျှင် တစ်ပြည်လုံး မီးဟုန်းဟုန်း တောက်စေရမည်” ဟူသော သူ၏စကားရပ်က သမိုင်းဝင်စကားဖြစ်သွားခဲ့သည်။

 

သခင်အောင်ဆန်းကတော့ နိုင်ငံရေးလုပ်မည်ဆိုပြီး တက္ကသိုလ်သမဂ္ဂဥက္ကဌအဖြစ်မှထွက်ကာ၊ ဒို့ဗမာအစည်းအရုံးဝင် နိုင်ငံရေးသမားကြီးလုံးလုံး ဖြစ်သွားတော့သည်။ ကျွန်တော်ကတော့ ကျောင်းတက်ရင်း ကဗျာသမားလိုလို၊ ဝတ္ထုရေးသမားလိုလို ပေါက်စဘဝတွင် ကျင်လည်နေဆဲ။ ထိုအခါကတော့ ကျွန်တော့်ကို ဘယ်သူကမှ ဒဂုန်တာရာဟု မခေါ်။ ဌေးမြိုင်ဟူသော နာမည်ရင်းဖြင့်သာခေါ်သည်။ သူတို့က သခင်အောင်ဆန်း၊ သခင်ဗဟိန်း။

 

(ခ)

လူတို့၏ဘဝပုံသဏ္ဌန်ဆိုသည်ကလည်း နုစတွင် မွှေးရနံ့ အရောင်အသွေးသိတ်မပေါ်။ သမိုင်းကတော့ တရွေ့ရွေ့ ခုတ်မောင်းဆဲ။ ကျွန်တော်တို့သည် ကျောင်းသားဘဝက ကျောင်းစာအပြင် မာ့က်စ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒစာအုပ်များကို အတူတူပင်ဖတ်ခဲ့ကြသည်။ ကိုအောင်ဆန်းနှင့်တွေ့တိုင်း “လွတ်လပ်ရေးရရင်”ဟူသောစကားကို မကြာခန ပြောဖြစ်ကြသည်။

 

ကိုဗဟိန်းကတော့ “ဆိုရှယ်လစ်အဖွဲ့အစည်း တည်ဆောက်ရမည်”ဟူသောစကားရပ်ဖြင့် ကျွန်တော်က ပို၍ရင်းနှီးသည်ဟုဆိုနိုင်သည်။ အကြိုက်တူကြသည်။ နိုင်ငံရေးစကားအပြင် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီစသော ယဉ်ကျေးမှုရေးရာများ ပြောတတ်ကြသည်။ အပြောများသည်။ ကိုဗဟိန်းနှင့် ရုပ်ရှင်အတူကြည့်ကြသည်။ အကြိုက်ချင်းလည်းတူကြသည်။ ကိုအောင်ဆန်းနှင့်တော့ တစ်ခါပဲ ရုပ်ရှင်ကြည့်ဖူးသည်။ ကိုဗဟိန်းနှင့်ကတော့ တတွဲတွဲ နှစ်ယောက်သားကြည့်ကြသည်။ ကိုအောင်ဆန်းနှင့် ကြည့်ဖြစ်သည်ကတော့ ထိုအခါက ဘုရင့်ရုံတွင် ပြနေသော မက္ကစီကိုတော်လှန်ရေးခေါင်းဆောင် ဝရတ်၏အဖြစ်အပျက်ရုပ်ရှင်။ ကိုအောင်ဆန်းနှင့်အတူ ကိုဗဟိန်း၊ သခင်သန်းထွန်း၊ ဘောဂဗေဒဂုဏ်ထူးတန်းကျောင်းသား မစ္စတာဂိုရှယ်တို့ ပါဝကင်ကြသည်။ ကျွန်တော်တို့အဖွဲ့သည် ရှေ့ဆုံးတန်း တမတ်တန်းကဖြစ်သည်။

 

၁၉၃၉ အောက်တိုဘာကျောင်းပိတ်ရက်တွင် ကိုဗဟိန်းနှင့်ကျွန်တော်တို့ မြောက်ပိုင်းရှမ်းပြည်သို့သွားရန် အားထုတ်ကြသည်။ ကိုဗဟိန်း၏ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန်ဖြစ်သည်။ သို့သော် ကျွန်တော်တို့အတွေ့အကြုံနည်းသေးသဖြင့် သိန္နီကလှည့်ပြန်လာခဲ့ရသည်။ သခင်အောင်ဆန်းကတော့ ၁၉၄၁ တွင် သခင်လှမြိုင်နှင့်အတူ ဂျပန်သိမ်းထားသော တရုတ်ပြည် အေမွိုင်မြို့သို့ သင်္ဘောနှင့် သွားဖြစ်ခဲ့ကြသည်။

 

သူတို့သည်လည်း တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန်ဖြစ်သည်။ သို့သော် ကွန်မြူနစ်ပါတီမြို့တော် ယင်အန်သို့မရောက်ပဲ ဂျပန်ပြည်တိုကျိုသို့ရောက်သွားသငည်။ သမိုင်းဆိုသည်က အခက်သား။ ကိုဗဟိန်းနှင့် ကျွန်တော်တို့ကတော့ တရုတ်-မြန်မာ ယူနန်လမ်းမကြီးအကြောင်း စာရေးရန်သွားကြသည်ဟု သတင်းလွှင့်ထားသည်။ ကျွန်တော်တို့ကို တရုတ်ပြည်သို့ပို့ပေးမည်။ အမေရိကန်လက်နက်များ ပို့ပေးရန်တာဝန်ယူထားသောမေဂျာက ကျွန်တော်တို့ကိုမပို့တော့။ ကိုအောင်ဆန်းကတော့ အမွိုင်သို့ရောက်ဖြစ်သွားသည်။ သမိုင်းဆိုသည်က အခက်သား။

 

မမျှော်လင့်ပဲ ဂျပန်ဖက်ဆစ်တို့နှင့်ပေါင်းမိသွားသောသမိုင်းက ရဲဘော်သုံးကျိပ်ကို မွေးဖွားပေးလိုက်သည်။ ကိုဗဟိန်းနှင့် ကျွန်တော်တို့၏ အားထုတ်မှုကတော့ ဘာမှအသီးအပွင့်မရရှိခဲ့။ သမိုင်းဆိုသည်မှာ အခက်သား။ ထိုအခါက ကျွန်တော်တို့သည် စိတ်ကူးယဉ်ခဲ့ကြသည်။ လက်ဝဲစာအုပ်များ၊ တရုတ်ပြည်ပေါ်ကကြယ်နီစသည်တို့ကိုဖတ်ပြီး စိတ်ကူးယဉ်ခဲ့ကြသည်။ ကိုအောင်ဆန်းကတော့ စိတ်ကူးယဉ်သူမဟုတ်။

 

သူတို့က ကျွန်တော့်ကို အတွေးသမား၊ အရေးသမား၊ အငေးသမားဟု ပြုံးခဲ့ကြသည်။ သူတို့ပြောတာမမှား။ ကျွန်တော်လည်း ပြုံးမိလိုက်သည်။

 

(ဂ)

ပဌမမျိုးဆက်အသိုင်းအဝိုင်းကတော့ ကျွန်တော့်ကို ဌေးမြိုင်ဟုခေါ်ကြသည်။ ထိုအခါက ကျွန်တော်သည် ဒဂုန်တာရာကောင်းကောင်းမဖြစ်သေး။ နောက်ပိုင်းလူငယ်များကတော့ စာရေးသမားအဖြစ် သိကျွမ်း နားလည်နေကြသည်။ အသက်အရွယ်ရလာ၍ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်သောအခါ မိမိကိုယ်ကိုယ်မိမိ သိရှိလာရသည်။ “ဆိတ်ဖလူးရနံ့တွင် မိမိကိုယ်ကိုယ်တွေ့ရှိခြင်း”ဝတ္ထုတွင် နောက်ဆုံးတော့ ကျွန်တော်သည် အရင်းအမြစ်ဖြစ်သော စာလုံး၊ ဆေးစက်နှင့် စန္ဒရားခလုပ်သမား ရောတိရောရာဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြလိုက်ဖူးသည်။ သူတို့က ကျွန်တော့်ကို နိုင်ငံရေးသမားဖြစ်စေချင်ကြသည်။ တကယ်ကတော့ ကျွန်တော်က နိုင်ငံရေးသမားမဖြစ်။ ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီး ငြင်းခုန်ဆွေးနွေးပြီးမှ ချမှတ်သောဆုံးဖြတ်ချက်ကိုသာ လုပ်လိုသဖြင့် သူများနှင့်မဖြစ်။ ဒါကိုသိသူများက နားလည်ကြသည်။

 

ကျွန်တော်သည် အိမ်လွမ်းစိတ္တဇဝေဒနာကိုခံစားရင်း အောင်ဆန်း၊ ဗဟိန်း၊ ဌေးမြိုင်ဟုဖော်ပြခဲ့သည်။ သူတို့က ခေါင်းဆောင်။ မအပ်မရာ ကျွန်တော်နှင့်နှိုင်းယှဉ်၍မရ။ ကျွန်တော်က ဘာကောင်မှမဟုတ်။ ကျွန်တော်က စာလုံး၊ ဆေးစက်နှင့် စန္ဒရားခလုပ်ကိုတီးချင်သူ သာမန်လူတစ်ယောက်မျှသာ။

ဒဂုန်တာရာ။

၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင်ဖော်ပြရာ စာပေစိစစ်ရေး၏အမိန့်အရ ဆုတ်ဖြဲခံရသောဆောင်းပါးကို မြန်မာသတင်းသမဂ္ဂ (Burma Media Association) မှထုတ်ဝေသော ဥဒါန်းမဂ္ဂဇင်း(စက်တင်ဘာ ၂၀၀၄)တွင် ပြန်လည်ဖော်ပြခဲ့ပါသည်။

0 comments:

Post a Comment