Tuesday, August 30, 2022

ပဒုမ္မာကြာပွင့်အပြုံးရှင်

0 comments

ပဒုမ္မာကြာပွင့်အပြုံးရှင်

(ဒဂုန်တာရာ) စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၅၊ ၁၉၈၅၊ မေ၊

“အောင်ဆန်း သို့မဟုတ် အရိုင်း” ကိုရေးပြီးနောက် ဒုတိယရေးသောရုပ်ပုံလွှာအဖွဲ့အနွဲ့မှာ “ဗဟိန်း သို့မဟုတ် ကဗျာ”ဖြစ်သည်။ ၁၉၄၇ ဇန်နဝါရီလထုတ် တာရာမဂ္ဂဇင်းတွင်ပါသည်။

ကျွန်တော်နှင့် အချစ်ခင်ဆုံး၊ အရင်းနှီးဆုံး၊ နားအလည်ဆုံး၊ အလိုလားဆုံးမိတ်ဆွေများအနက်မှ တစ်ယောက်ဖြစ်သည်။ သခင်ဗဟိန်းမှာ ၁၉၄၆ နိုဝင်ဘာလတွင်ကွယ်လွန်၍ သူ့ကို ကွယ်လွန်ပြီးမှ ဖွဲ့နွဲ့ခဲ့သည်။ သခင်ဗဟိန်းကွယ်လွန်ချိန်တွင် ကျွန်တော်သည် တာရာမဂ္ဂဇင်းထုတ်ဝေရေးအတွက် ပြင်ဆင်အလုပ်များနေခဲ့သည်။ “အောင်ဆန်း သို့မဟုတ် အရိုင်း” ရုပ်ပုံလွှာအဖွဲ့အနွဲ့ကို ပုံနှိပ်ပြီးနေပြီ။

“မင်းသူငယ်ချင်း ကိုဗဟိန်း မန္တလေးဆေးရုံမှာဆုံးပြီ”ဟု ကျောင်းနေဖက်သူငယ်ချင်း သမာဓိသတင်းစာအယ်ဒီတာ မောင်မောင်က အိမ်လာပြောသည်။ ကျွန်တော့်ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ မောင်မောင်မှာ ကျွန်တော်နှင့် ကိုဗဟိန်း ခင်မင်သည်ကိုသိပြီး သတင်းရရခြင်း လာပြောခြင်းဖြစ်သည်။ ကျွန်တော်နှင့်ပတ်သက်၍ မောင်မောင်မှာ ကိုဗဟိန်းကို ခင်သွားသည်။ လူတိုင်း ကိုဗဟိန်းကို ခင်ကြသည်။ သူကလည်း လူတိုင်းကို ခင်သည်။ ပြောရလျှင် ရန်သူကပင် သူ့ကို ခင်သည်ဟု ရေးဖွဲ့ရမည်ထင်သည်။ အင်္ဂလိပ်စာပါမောက္ခ ရုတ်စ်က သူ့ကို နှစ်လိုဖွယ်ကောင်းသော သူငယ်ဟုပြောကြောင်း ကြားရဖူးသည်။

ကျွန်တော်သည် ကိုဗဟိန်းရုပ်ပုံလွှာကို ဖွဲ့နွဲ့မည်ရှိသောအခါ ချက်ခြင်း ခံစားမှုဝင်လာသည်။ ခံစားမှုအတိုင်း “ဗဟိန်း သို့မဟုတ် ကဗျာ”ဟု ခေါင်းစဉ်တပ်လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းက “ဗဟိန်း သို့မဟုတ် Romance လို့တပ်ရင် ပိုမှန်မယ်”ဟု ပြောကြောင်း ကြားရသည်။ Romance ကို ဗမာလို အတိအကျပြန်ရန်ခက်သည်။ ကျွန်တော်ကတော့ ကိုယ့်ခံစားမှုနှင့်ကိုယ် ကဗျာပဲကြိုက်သည်။

ကျွန်တော်က သူ့ကို ကဗျာဟုခေါ်သည်မှာ အကြောင်းမဲ့မဟုတ်။ ကဗျာကို ကျွန်တော်ချစ်သည်။ စာပေခံစားမှုတွင် ကဗျာသည် ကျွန်တော်၏ ပထမအချစ်။ ကဗျာသည် အလှအပ။ အနုစာပေအဖွဲ့အနွဲ့၊ ယင်းသို့ အချစ် အလှ အနုတို့ပေါင်းစပ်ထားသောဝိသေသမျိုးရှိသောကဗျာနှင့်သာ ကိုဗဟိန်းကို တင်စားရေးချင်သည်။ 

ကိုအောင်ဆန်းက သူ့ကို Romance ဟုပြောခြင်းမှာ သူ့ခံစားမှုနှင့်သူ ပြောခြင်းဖြစ်မည်။ Romance ၏ အဓိပ္ပာယ်ကများသည်။ တကယ့်ဘဝမှဝေးပြီး စိတ်ကူးဘက်ယိမ်းခြင်း၊ အလှအပဘက် ညွှတ်ခြင်း၊ ကဗျာဆန်ခြင်း၊ စိတ်ကူးယဉ်အချစ်ဆန်ခြင်း အစရှိသောဝိသေသများအကျုံးဝင်သည်။ အချစ်ဝတ္ထုတစ်ပုဒ်ဟုလည်း အနက်ရသည်။ ကျွန်တော်က “စိတ်ကူးယဉ်စာပေ”ဟူ၍ စာပေဝေါဟာရအဖြစ်သုံးသည်။ ကိုအောင်ဆန်းက ဘယ်အဓိပ္ပာယ်ဖြင့် ယူသည်မသိ။ သူတို့ ကျောင်းသားသမဂ္ဂလုပ်ဖော်ကိုင်ဖက်များထဲတွင် ကိုဗဟိန်းကို သူတို့နှင့် စိတ်ခံစားမှုဘက်တွင် မတူသူတစ်ယောက်အဖြစ်မြင်ကြသည်ကို ကျွန်တော်သိသည်။ ကျွန်တော်နှင့် ကိုဗဟိန်း တတွဲတွဲနေသည်ကို သူတို့က ပြုံးကြသည်။ စိတ်ကူးယဉ်သမားနှစ်ယောက်တော့ တွဲမိနေပြီဟူသောသဘော။

 ၁၉၄၁ မိုးမကုန်မီ လပိုင်းကာလ ဖြစ်မည်ထင်သည်။ ကျွန်တော်၏ “မေ”ဝတ္ထုထွက်သည့် လပိုင်းလောက်တွင် ကိုဗဟိန်းအဖမ်းခံရသည်။ ထိုအခါ ရွှေဂုံတိုင်ရှိ ခြင်္သေ့ရုပ်လှေကားအထက်နားရှိ ဇရပ်တစ်ဆောင်(ထိုအခါက အင်္ဂလိပ်တော်လှန်ရေး မြေအောက်စခန်း)မှအပြန် ညဘက် အဖမ်းခံရခြင်းဖြစ်သည်။ ဗဟန်းတွင်ရှိနေစဉ် ထိုညက “မခင်ကြီးကို လွမ်းတယ်ဗျာ”ဟုပြောပြီး မြေနုလမ်းအိမ်သို့အပြန် အဖမ်းခံရခြင်းဖြစ်သည်ဟု ကြားရဖူးသည်။ ဘယ်လောက် မှန်မမှန်တော့မသိ။ ယင်းကာလအပိုင်းက ကျောင်းသားသမဂ္ဂနှင့် တို့ဗမာအစည်းအရုံးမှ လုပ်ဖော်ကိုင်ဖက်များ အတော်လေး အဖမ်းခံကြရသည်။ လူချင်းကွဲသွားပြီးနောက် ၁၉၄၂ ဗမာ့လွတ်လပ်ရေးတပ်မတော် ရန်ကုန်ဝင်သောအခါ လူချင်းပြန်ဆုံကြသည်။ ဂျပန်ခေတ်အတွင်းဆေးရုံကြီး(ယခုစစ်ဆေးရုံ)တွင် ကိုအောင်ဆန်း ဆေးရုံတက်နေရစဉ် ဆုံမိကြရာ ကိုဗဟိန်းအဖမ်းခံရသောပုံပြင်ကို ဝိုင်းပြောနေကြသည်။ ကိုအောင်ဆန်းက “ခင်ဗျား ကိုဗဟိန်းက ဒီလိုလူဗျ”ဟုပြောပြီး သဘောကျသလိုရယ်မောနေသည်။ ကိုအောင်ဆန်းသည်လည်း သည်ဆေးရုံမှာပင် သူ၏အချစ်ဇာတ်လမ်း (Romance) ကို  စခဲ့သည်မဟုတ်ပါလား။

ကိုဗဟိန်းသည် ချစ်တတ်ကြိုက်တတ်သူ၊ လွမ်းတတ်သူ၊ လူသားဆန်သူဖြစ်သည်။ စကားဝိုင်းတွင် ဗိုလ်လက်ျာ။ ကိုကျော်ငြိမ်း၊ သခင်သန်းထွန်းတို့ပါသည်။ “ကျုပ်ကတော့ ကိုဗဟိန်းလိုမဟုတ်ဘူးဗျ”ဟု ကိုအောင်ဆန်းက ဆက်လိုက်သည်။ အားလုံး ပြုံးနေကြသည်။ စကားဝိုင်းပြီး၍ နေရီသွားသောအခါ “ခင်ဗျား စန္ဒရားတီးဗျာ။ အပေါ်ထပ်က ဆရာမအခန်းမှာ စန္ဒရားရှိတယ်”ဟု ကျွန်တော့်အား အတင်းခေါ်ကာ သုံးထပ်ရှိအခန်းသို့ တစ်ပြုံလုံးသွားကြသည်။ ကိုအောင်ဆန်းလည်း ပါလာသည်။

လျှို့ဝှက်စခန်းတွင် ပုန်းအောင်းနေစဉ် ကိုဗဟိန်းက ရကာစဇနီးသည်အား လွမ်းသည်ကို ကျွန်တော်က သဘောကျသည်။ ကိုဗဟိန်း လူသားဆန်သည်ဟု ကျွန်တော်မြင်သည်။ လူသည် ချစ်တတ် ကြိုက်တတ်သူ မဟုတ်ပါလား။ ကိုဗဟိန်း လွမ်းတတ်သည်ကို ကျွန်တော် အပြစ်ဟုမမြင်။ ကိုအောင်ဆန်းရော ကိုဗဟိန်းပါ နိုင်ငံရေးစိတ်ဓာတ်ပြင်းပြသည်ကို ကျွန်တော်သိသည်။ ကိုအောင်ဆန်းက တစိုက်မတ်မတ် တစ်ခုတည်းအာရုံထားလုပ်သူမို့ ကျန်တာ ဘာမှအာရုံသိတ်မထား။ လူမှုရေးရာဘက်တွင် ယုတ်လျော့သည်။ ကိုဗဟိန်းက သူ့လိုမဟုတ်။ ၁၉၃၉ ခု အောက်တိုဘာ ကျောင်းပိတ်ရက်က ရှမ်းပြည်နယ်မှမပြန် မန္တလေး၌ရှိနေစဉ် ကိုအောင်ဆန်းရောက်လာသည်။ ကိုဗဟိန်းက ကျွန်တော်နှင့်အတူ ရန်ကုန်ပြန်မလိုက်ချင်သေး။ ကျွန်တော်တစ်ယောက်တည်းလည်း မပြန်စေချင်။ ကျွန်တော် မျက်စေ့မှုန်သဖြင့် စိတ်ချဟန်မတူ။ တစ်ယောက်တည်းပြန်မည်ဆို၍ မရ။ ကိုအောင်ဆန်းရောက်လာခိုက် မနက်ဖြန်ည ပြန်မည်ဆိုသဖြင့် ကိုဗဟိန်းက “ကျွန်တော့်ကိုခေါ်သွားပါ၊ တစ်တွဲတည်းသွားပါ”ဟု ကိုအောင်ဆန်းကိုမှာသည်။ ညဘက် ဘူတာရုံတွင်ဆုံကြသည်။ ရထားထွက်တော့ ကျွန်တော်က မျက်စေ့မှုန်သူမို့ မမြင်ဘူးထား။ သူက မြင်ရမည်။ ရှာလျှင်တွေ့ရမည်။ နောက်တစ်နေ့မနက် ကွမ်းခြံဘူတာကြီးမှဆင်းသောအခါ ကျွန်တော့်ရှေ့မှ ၃-၄ ယောက်ကျော်က စိုက်စိုက်စိုက်စိုက်နှင့်သွားနေသည်ကို တွေ့လိုက်ရ၏။ ကျွန်တော့်ကိုနှုတ်ဆက်ဖို့ဝေးစွ။ ကျွန်တော် အပြစ်မမြင်။ ခွင့်လွှတ်သည်။ လွမ်းတတ်သူကို နားလည်ရသည်။ မလွမ်းတတ်သူကိုလည်း ခွှင့်လွှတ်ရသည်။ 

ကျောင်းသားသမဂ္ဂလုပ်ဖော်ကိုင်ဖက်များတွင် ကိုလှရွှေ ကိုဗဟိန်းတို့မှာ အစောဆုံး လက်ထပ်သွားကြသည်။ ကိုလှရွှေက ၁၃၀၀ ပြည့်အရေးတော်ပုံအပြီး။ ကိုဗဟိန်းက ၁၉၄၀ ရှေ့ဆင့်နောက်ဆင့်။ ဂျပန်ခေတ်အစတွင်ကား ကိုလှမောင်၊ ကိုအောင်ဆန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်လက်ျာ၊ ကိုကျော်ငြိမ်း၊ ကိုဘဆွေတို့ လက်ထပ်သွားကြသည်။

“စိတ်ဓာတ်ကျတဲ့အချိန် မိန်းမရသွားကြတာပဲဗျ” ဟု ကျွန်တော်ကပြောသောအခါ သူတို့က လက်မခံကြ။ “ခင်ဗျား ဘာနားလည်လို့လဲ”ဟု သူတို့ကဆိုကြသည်။

ဂျပန်ခေတ်တွင် သူတို့လုပ်ချင်တာ မလုပ်နိုင်ကြသည်ကို ကျွန်တော်က စိတ်ဓာတ်ကျချိန်ဟု ဆိုလိုခြင်းဖြစ်သည်။

သည်အကြောင်းကို ကျွန်တော်က ကိုဗဟိန်းကို ပြန်ပြောသောအခါ သူက... “ချစ်သူဆိုတာ အချစ်ဆုံးအဖော်ပဲဗျ၊ အထူးသဖြင့် ဒုက္ခကို ဝေငှခံနိုင်တယ်”ဟု ပြောသည်။

ကိုဗဟိန်းနှင့် ခံစားမှုခြင်း အတွေးချင်းနီးစပ်သည်။ ထို့ကြောင့်ပင် ခဏတာနှင့် ခင်မင်ရင်းနှီးသွားကြသည်။ ဂီတ၊ ပန်းချီ။ ကဗျာ၊ ဝတ္ထုတို့ကိုပြော၍ရသည်။ သီချင်းအကြောင်း ပြောလည်း ရသည်။ လုံချည်အရောင်ရွေးတာချင်းပါ တူနေတတ်သည်။ အနုအလှ အင်မတန် ကြိုက်သည်။ စာအရေးအသား အဖွဲ့အနွဲ့လည်း ကောင်းသည်။ “ဓနရှင်လောက”ကဲ့သို့ အချက်အလက်ပါသော နိုင်ငံရေးသိပ္ပံကျမ်းများလို ရှင်းလင်းပြတ်သားသောစာကို ရေးနိုင်သလို “လေလွင့်သူ” ဘဝခရီး” စသော ဝတ္ထုတိုရသစာပေမျိုးကိုလည်း ရေးဖွဲ့သည်။ “လူ့အလို” ဝတ္ထုရှည်ကြီးကိုကား နိုင်ငံရေးတာဝန်များပိသဖြင့် ပြီးအောင်မရေးခဲ့ရ။ 

ကိုဗဟိန်းစိတ်က အနုအလှကြိုက်သလို ရုပ်ကအနုအလှ။ ဆံပင်ကောက်ကောက်။ အသားအရောင်က ဖြူဖြူ၊ အဖြူပေါ်တွင်ပန်းနုရောင်သန်းနေသည် သမ်းနေသည်။ (သည့်ဟုထင်ပါသည်) နှုတ်ခမ်းနှင့် ပါးအို့တွင် ပဒုမ္မာကြာပွင့်အပြုံးက အမြဲတမ်း လမ်းတင့် ရွှန်းပလျှက်။

လူကနုသော်လည်း သူ၏နိုင်ငံရေးယုံကြည်မှုကား ကြံ့ခိုင်သည်။ ကြီးမားသည်။ အားကောင်းသည်။

၁၉၄၀ ပတ်ဝန်းကျင်က စပိန်ပြည်နယ်တွင် ပြည်တွင်းစစ်ကြီးဖြစ်ရာ ဂျင်နရယ်ဖရန်ကိုနှင့်ဆန့်ကျင်ဘက်မှ “နိုင်ငံပေါင်းစုံတပ်ဖွဲ့”ဖွဲ့စည်း၍ ဥရောပမှ တိုးတက်သောလူငယ်များ ဝင်ရောက်တိုက်ခိုက်ပေးကြသည်။ စာရေးဆရာများ၊ ကဗျာဆရာများ ပါကြသည်။ ယင်းတပ်ဖွဲ့သို့ သွားဝင်ရအောင်ဟု ကိုဗဟိန်းက ကျွန်တော့်ကိုပြောဖူးသည်။ ပထမတော့ ကျွန်တော် အံ့ဩမိသည်။ နောက်ကျတော့ မအံ့ဩ။ နားလည်သွားသည်။

၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေးကာလက ကိုဗဟိန်းသည် ပဲခူးရိုးမတောင်ပေါ်ရှိ ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားစခန်းတွင်ရှိနေခဲ့သည်။ “ကိုဗဟိန်းက ကာဘိုင်သေနတ်ကို လွယ်လို့ဗျ”လေထီးဆင်း ဗိုလ်တစ်ဦးကပြောသည်။ ကျွန်တော် မအံ့ဩတော့ပါ။ သူက အနုနှင့်အကြမ်း ရောထားနိုင်သူ ဖြစ်သည်။ လူကနုသော်လည်း ကြမ်းတမ်းမာကျောစွာ ခက်ထရော်သော နိုင်ငံရေးသမားဘဝကို သူရွေးချယ်ခဲ့သည်။ သူ့ယုံကြည်ချက်က ကြံ့ခိုင်သည်မဟုတ်လား။

ကျွန်တော်သည် အနုနှင့်အကြမ်းပေါင်းစပ်ခြင်းကို သဘောကျသည်။ ဆန့်ကျင်ဘက်ခြင်း ညီညွတ်ခြင်းကို ကြိုက်သည်။ ပန်းချီရေးလျှင်ပင် ကျွန်တော်သည် ဆန့်ကျင်ဘက်အရောင် တွဲစပ်ချင်သည်။

အမှန်အားဖြင့် ကျွန်တော်သည် ကျောင်းသားဘဝက ကိုဗဟိန်းကိုအထင်ကြီးသည်။ ကိုအောင်ဆန်းထက် အထင်ကြီးသည်။ (ဂျပန်ခေတ်ရောက်မှ ကိုအောင်ဆန်းကို အထင်ကြီးသွားသည်) အနုနှင့်အကြမ်းပေါင်းစပ်နိုင်သဖြင့် အထင်ကြီးသည်။ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာမည်ဟု ထင်သည်။ ခေါင်းဆောင်သည် အနုနှင့်အကြမ်းပေါင်းစပ်နိုင်ရမည်ဟု ထင်သည်။ အနုချည်းလည်း မဖြစ်။ အကြမ်းချည်းလည်း မဖြစ်။ ပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်းအစားမျိုး။ ကိုဗဟိန်းသည် အနုသမား။ သို့သော် သံမဏိ။

(ခ)

ကျွန်တော့်ကို နိုင်ငံရေးလောကသို့ရောက်စေချင်သူမှာ ကိုဗဟိန်း။ တကယ်က ကျွန်တော်သည် နယ်ခြားမျဉ်းကြောင်းပေါ်ရပ်နေတတ်သူ။ အဝေးမှနေပြီး အနီးအဝေးမြင်ကွင်းအမှန်ဖြင့် မကြည့်တတ်လျှင် တစ်ဖက်တည်းရောက်နေသည်ဟု အမြင်မှားသွားတတ်သည်။ ကျွန်တော်က ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့လို့ နိုင်ငံရေးသမားလုပ်ရန် ရည်ရွယ်ချက် ရှိသည်မဟုတ်။ စိတ်ဓာတ်ရှိသော်လည်း ကန့်လန့်ကာနောက်ကွယ်မှသာ နေချင်သည်။ ရေးပေးမည်။ ဖတ်ပေးမည်။ ဒါက အရသာရှိသည်ဟုထင်သည်။

၁၉၃၉ က ကျွန်တော့်မှာ ကျွန်တော်မသိဘဲ တက္ကသိုလ်သမဂ္ဂအမှုဆောင်ကော်မတီဝင် ဖြစ်သွားခဲ့ရသည်။ သမဂ္ဂဥက္ကဌ၊ ဒုတိယဥ္ကက္ကဌနှင့်ငွေထိန်းများရွေးကောက်ပြီးနောက် အမှုဆောင် ၆ ဦး ရွေးကောက်ရသည်။ အမှုဆောင်လောင်းလျှောက်လွှာ ပိတ်သည့်နေ့က ကျွန်တော် သမဂ္ဂသို့ မရောက်ဖြစ်။ ထိုနှစ်က ကျွန်တော် နေ့ကျောင်းသားအဖြစ် ကျောင်းတက်နေသည်။ မိခင် ဆေးလာကု၍ မြို့ထဲနေသည်။ နောက်တစ်နေ့ သမဂ္ဂရောက်သွားသောအခါ သမဂ္ဂအမှုဆောင် စာရင်းထဲတွင် ကျွန်တော့်နာမည်ပါနေသည်ကို ကြော်ငြာသင်ပုန်း၌ ဖတ်ရသည်။ ကိုဗဟိန်းနှင့် ကိုလှရွှေတို့လက်ချက်မှန်း သိရသည်။ ကိုဗဟိန်းက နောက်ကွယ်က။ ကိုလှရွှေက တရားဝင်ဆောင်ရွက်သူ။ အမှန်က အမှုဆောင်လောင်းလျှောက်လွှာကို ကျွန်တော်က လက်မှတ်ထိုးရမည်။ ယခုတော့ ကျွန်တော် သည်နေ့မှ လက်မှတ်ထိုးရသည်။

“ကျွန်တော့်လည်း မပြောကြဘူးဗျာ”။ “မနေ့က ခင်ဗျားမှ ဒီမလာတာ”။ “ကျွန်တော်မှ မလုပ်ချင်တာ”။ မရတော့ပါ ကြေညာချက်ထွက်သွားပြီးပါပြီ။ “ကျွန်တော်နဲ့ မဖြစ်ဘူးထင်တယ်၊ ကျွန်တော်က ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ သီချင်းတီးချင်.....”။ “ဘယ်ရမလဲ၊ အဲဒါကြောင့် ခင်ဗျားကို အမှုဆောင်ထဲ ထည့်တာ၊ ဒီလိုလူမျိုး လိုချင်နေတာ” ကိုလှရွှေကို ပြန်ပြော၍မရတော့။ ကိုဗဟိန်းနှင့် နှစ်ယောက်ချင်း တွေ့သောအခါ ကျွန်တော်မသိဘဲ လုပ်သည့်ကိစ္စကိုထပ်ပြောကြသည်။ “လုပ်လိုက်ပါဗျာ၊ ခင်ဗျားနဲ့ တော်ပါတယ်၊ ကျွန်တော်ကတင် ပြောတာမဟုတ်ဘူး၊ သူတို့ကလည်း ခင်ဗျားကို လိုချင်တာဗျ”ဟု ကိုဗဟိန်းက ပြုံးကာပြောသည်။ သူ၏ ကြာပွင့်ပြုံး အေးမြအပြုံးက ကျွန်တော့်အား ငြိမ်းအေးစေလိုက်သည်။ တကယ်တော့ သူတို့သည် ကျွန်တော့်ကိုယုံကြည်၍၊ ခင်မင်ရင်းနှီး၍ လူရင်းသဘောထားကာ လုပ်လိုက်ကြခြင်းဖြစ်သည်ကို ကျွန်တော်နားလည်လိုက်သည်။

မူလ တက္ကသိုလ်အသင်းမှာ ပညာရေးဆန်ဆန်၊ လူမှုရေးဆန်ဆန်အသင်း ဖြစ်ခဲ့သည်။ ၁၉၃၆ ကျောင်းသားသပိတ်ခေတ်လောက်ကစ၍သာ နယ်ချဲ့ဆန့်ကျင်ရေးတပ်ဦးဖြစ်ခဲ့သည်။ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ခဲ့ပေ။ အောက်စဖို့ဒ်တက္ကသိုလ်သမဂ္ဂအသင်းကို စံနမူနာထား၍ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ သမဂ္ဂအမှုဆောင်များ တာဝန်ခွဲဝေကြသောအခါ ကျွန်တော့်ကို (ကိုဗဟိန်း၏အကြံပေးချက်အရ)လူမှုဆက်ဆံရေး ဆပ်ကော်မတီ၏သဘာပတိအဖြစ်ရွေးသည်။ ယင်းတာဝန်အပြင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ပါ ပူးတွဲတာဝန်ယူရသည်။ သည်အလုပ်ကိုတော့ ကျွန်တော်ကိုယ်တိုင်က ကြိုက်သည်။ ကိုအောင်ဆန်းကို အိုးဝေမဂ္ဂဇင်းအယ်ဒီတာဘဝနှင့် သိကတည်းက အားကျခဲ့သည့်အလုပ်။ နောက်နှစ်တွင်လည်း ကျွန်တော် သမဂ္ဂအမှုဆောင် ဖြစ်ရပြန်သည်။ ကျွန်တော် သူတို့လူဖြစ်သွားပြီ။

ယခုပြန်၍တွေးကြည့်လျှင် ကျောင်းသားသမဂ္ဂအတွေ့အကြုံသည် ကျွန်တော်၏ ဘဝအတွေ့အကြုံများတွင် အဖိုးတန်အတွေ့အကြုံဖြစ်သည်ဟု ဆိုရမည်။ ကိုဗဟိန်းအမြော်အမြင်ဟု ပြောရမည်။

ကိုဗဟိန်းကား လက်မလျှော့ပါ။ ၁၉၃၉ က သဘောတရားကိုအခြေခံသော အဖွဲ့အစည်းကြီးတစ်လု တည်ထောင်ဖွဲ့စည်းလိုက်သည်။ ကိုဗဟိန်းက ယင်းအဖွဲ့အစည်းကြီးတွင် အမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ယင်းအဖွဲ့တွင် ကျွန်တော်ပါဝင်ရန် ကိုဗဟိန်းက အလေးအနက်ပြောသည်။ ကျွန်တော်ကလည်း အလေးအနက်ပြန်ပြောရသည်။ ကျွန်တော်တို့နှစ်ယောက် ဆွေးနွေးငြင်းခုန်သော နေရာကား အဓိပတိလမ်းထိပ်၊ ဘွဲ့နှင်းသဘင်ခန်းမမျက်နှာစာ ခြင်္သေ့ရုပ်ရှေ့လှေကားထစ်ပေါ်။ ထိုညကား လရောင်ရွှန်းမြသောည။ မိုးသားကင်းစင်နေသည်။ ကိုဗဟိန်းက စီးကရက် တစ်လိပ်ပြီး တစ်လိပ်ဖွာရင်း စိတ်ရှည်လက်ရှည်ရှင်းပြသည်။ ကျွန်တော်က ပြန်ပြောသည်။ ငြင်းကြခုန်ကြသည်။ မပြတ်၍ နောက်တစ်နေ့ဆက်သွားကြသည်။ နောက်တစ်ခါ ထပ်ဆုံမှပြတ်သွားသည်ထင်သည်။

ကျွန်တော်က သည်လိုတင်ပြသည်။ သည်အဖွဲ့အစည်းကို ကျွန်တော်စိတ်ဝင်စားသည်။ ကြိုက်သည်။ သို့သော် ကျွန်တော် နိုင်ငံရေးသမားမဖြစ်ချင်ပါ။ သို့ဖြစ်၍ အဖွဲ့ဝင်မလုပ်ပါရစေနှင့်။ ကျွန်တော် ယုံကြည်တာ လက်ခံတာဆိုလျှင် လုပ်ပေးမည်။ ကျွန်တော်မယုံတာ လက်မခံတာမျိုးကိုတော့ တာဝန်မပေးပါနှင့်။ ကျွန်တော်လုပ်မည်မဟုတ်ပါ။

ကိုဗဟိန်းက ကျွန်တော့်အဖြေကို ကျေနပ်မည်မထင်။ သို့သော် သူက အေးမြသော ကြာပွင့်အပြုံးဖြင့်သာ တုံ့ပြန်သည်။ စိတ်ကမလျှော့။ “လူရင်းလိုတော့ သဘောထားမယ်နော်”။ “ထားပါ၊ လူရင်းတွေပဲဟာ၊ မဟုတ်ဘူးလား”။ ကျွန်တော်တို့နှစ်ယောက် ရယ်ကြသည်။ ပြတ်သည်။ ဒါပေမဲ့ မပြတ်။ ယင်းအဖွဲ့အစည်းတည်ထောင်ရန် စကားဝိုင်းအချို့တွင် ကျွန်တော်ပါဖူးသည်။ သည်ကတည်းက သိနေခဲ့သည်။ ကျွန်တော်ကလည်း သဘောတရားများကို လေ့လာနေသူ မဟုတ်လား။ စကားဝိုင်းတွင် တက္ကသိုလ်မှ အိန္ဒိယကျောင်းသားများပါသည်။

တကယ်ပင် လူရင်းလိုသဘောထားသည်။ နိုင်ငံခြားအဆက်အသွယ်ရှာရန် တရုတ်ပြည်သို့သွားရာတွင် ကျွန်တော့်ကိုခေါ်သည်။ အိန္ဒိယပြည် ရမ်းဂါးကွန်ဖရင့်သို့သွားရာတွင် ခေါ်သည်။ “နေရူးက ဖိတ်တာ၊ သူ့အိမ်မှာတည်းရမှာ၊ လိုက်ခဲ့ပါ”ဟု ခေါ်သည်။ ကျွန်တော် မလိုက်ဖြစ်။ တရုတ်ပြည်ကတော့ မရောက်။ သိန္နီမှလှည့်ပြန်ခဲ့ရသည်။

ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့ရန်စိုင်းပြင်းသော ပဏာမအစည်းအဝေးများကို ကျွန်တော့်ကိုဖိတ်သည်။ ကျွန်တော် တစ်ခါနှစ်ခါလောက်သာတက်သည်။ နောက် မတက်တော့။ ပထမ အမျိုးသားအစည်းအရုံးဟု မပေါ်သေး။ ကျွန်တော့်ကိုလည်း နာမည်ရှာခိုင်းသည်။ ကိုဗဟိန်းကြောင့် နိုင်ငံရေးအတွေ့အကြုံရသည်။

ကိုဗဟိန်းက ကျွန်တော့်ကို ဇွဲကောင်းကောင်းဖြင့် နိုင်ငံရေးအရစည်းရုံးလျက်ရှိစဉ် ကျွန်တော်ကလည်း သူ့ကို စာပေအရ “စည်းရုံး”လျက်ရှိသည်။ သူ့ကို အမြဲတမ်း ဝတ္ထုရေးဖို့ပြောသည်။ သူ့ဝတ္ထုကိုယူ၍ ဒဂုန်မဂ္ဂဇင်းသို့ ပို့ပေးသည်။  “ဘဝခရီး”ဟူသောဝတ္ထုတိုပါလာသည်။ သူ နိုင်ငံရေးသမားမဖြစ်လျှင် စာရေးဆရာဖြစ်မည်ဟုထင်သည်။ စာရေးဆရာနှင့် နိုင်ငံရေးမားမှာ အမှန်တရားရှာဖွေသော ရည်ရွယ်ချက်ခြင်း တူကြသည်။ ရှာဖွေမှုပုံသဏ္ဌန်သာ ခြားနားခြင်းဖြစ်သည်ဟု ထင်သည်။

ကိုဗဟိန်းရုပ်ပုံလွှာအဖွဲ့အနွဲ့တွင် ကျွန်တော် သည်လိုရေးခဲ့သည်။ “ကိုဗဟိန်းက ကျွန်တော့်ကို နိုင်ငံရေးသမားဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တော်က ကိုဗဟိန်းကို စာရေးဆရာဖြစ်စေချင်၏။ သို့သော် မဖြစ်”

 

(ဂ)

ယနေ့ခေတ်တွင် ကျွန်တော်၏တူမငယ် ဆယ်ကျော်သက်ကလေးများ သမိုင်းစာအုပ်မှ ကိုဗဟိန်း၏ မကွေးတွင် ရေနံမြေအလုပ်သမားများအား ဟောပြောနေသောစကားရပ်ကို သင်အံနေသံ ကြားရသည်။ “မြင်းခွာတစ်ချက်ပေါက်ရင် တစ်ပြည်လုံး မီးဟုန်းဟုန်းတောက်စေ့မယ်” ကဗျာဆန်သော နိုင်ငံရေးလှုံ့ဆော်မှုစကားရပ်။

၁၉၃၈ ခုနှစ်က ကိုဗဟိန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဖြစ်သည်။ အမှန်အားဖြင့် ထိုစာသင်နှစ်(၁၉၃၈-၃၉)ဥက္ကဌမှာ ကိုအောင်ဆန်းဖြစ်သည်။ ကိုအောင်ဆန်းမှာ ပထမနှစ်ဝက်က တို့ဗမာအစည်းအရုံးဝင်ကာ သခင်အောင်ဆန်းနာမည်ခံသွားသဖြင့် ဥက္ကဌမှနှုတ်ထွက်လိုက်ရာ ကိုဗဟိန်းက သူ့နေရာကိုဆက်ခံခြင်း ဖြစ်သည်။ ကိုဘဆွေမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူးဖြစ်သည်။ သည်ကတည်းက ကျွန်တော်သည် ကိုဗဟိန်းအား ကျောင်းသားခေါင်းဆောင်သာမက နိုင်ငံရေးခေါင်းဆောင်ဖြစ်မည်ဟု ထင်ခဲ့လေသည်။

ကိုဗဟိန်းကွယ်လွန်သောအခါ သူသည် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂဥက္ကဌ၊ ပြည်သူ့အာဏာဂျာနယ် အယ်ဒီတာဖြစ်သည်။

သူသည် နှလုံးရောဂါဖြင့် မန္တလေးဆေးရုံတွင် တက်ရောက်ကုသလျက်ရှိစဉ် ဖဆပလက ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်၏။ သူ့ကို အသိမပေးကြ။ ဆရာဝန်၏ညွှန်ကြားချက်အရ သူ့ကို သတင်းစာပေးမဖတ်။ တစ်နေ့ ပေါင်မုန့်ထုတ်သော ပြည်သူ့ဟစ်တိုင်” သတင်းစာတစ်ရွက်ကို သူတွေ့သွားသည်။ ယင်းစာရွက်တွင် သတင်းကပါလာသည်။ သည်ကတည်းက သူ့ရောဂါအခြေအနေ မကောင်းဟု ကြားသည်။ ဖဆပလ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းကလည်း မန္တလေးလာမည်။ ကိုဗဟိန်းကိုလာတွေ့မည်ဟု အစီအစဉ်ရှိသွားသည်။  ကိုအောင်ဆန်းလာလျှင် သူ မတွေ့ချင်ဘူးဟု ပြောကြောင်း ကြားရသည်။ စိတ် ထိခိုက်စရာ။ သူ့ကို ကိုအောင်ဆန်းက မတွေ့လိုက်ရတော့ပါ။ ကိုအောင်ဆန်းလာသောအခါ သူ ကွယ်လွန်ပါပြီ။ 

ကိုအောင်ဆန်းသည် ကိုဗဟိန်းရုပ်ကလပ်သို့သွားကာ အလေးပြုရင်း ချီးကျူးစကားပြောသည်။ ကိုအောင်ဆန်း မျက်ရည်ဝဲနေသည်ဟု ကြားရသည်။                                  ကိုအောင်ဆန်းသည်လည်း ၁၉၃၉ က ဖွဲ့စည်းတည်ထောင်ခဲ့သောပါတီတွင် ပထမဆုံးအတွင်းရေးမှူး မဟုတ်လား။

ရှေးပညာရှိတို့က နိုင်ငံရေးကို “တိမ်တောင်သဖွယ် မင်းရေးကျယ်”ဟု တင်စားခဲ့ကြသည်။ အရောင်အမျိုးမျိုး ပုံပန်းအမျိုးမျိုးပြောင်းလဲလျက်ရှိသည်။

၁၉၅၃ က ကျွန်တော် မော်စကိုရောက်သွားသည်။ ရင်ပြင်နီရှိ လီနင်ဂူကို သွားရောက်ကြည့်ရှုသည်။ ယင်းခံစားမှုကို “လီနင်ဂူ”ကဗျာဖြင့်ဖွဲ့စည်းခဲ့သည်။

…. …. …. …. 

မြို့ရိုးဘေးရှိ

ဖွေးဖွေးနှင်းခဲ၊ ကျဆဲပွင့်စက်

နှင်းပက်ကျောက်သား၊ အနီပြားဖြင့်

စီထားဆင့်ထပ်၊ ပတ်သန်းရန်ခင်း

ထင်းရှူးစိမ်းရင့်၊ နှင်းပွင့်သရဖူ

ရွက်ဖြူဆွတ်လွ၊ မှိုင်းမြမြသည်

ညနေဆည်းဆာ မှုန်ဖျော့စ၊

…. …. …. …. 

ရင်တွင်း၌ကား

လှိုက်ဖိုရှိုက်မက်၊ တသက်သက်တည့်

ပေါ်လျက်လာသည့်၊ မျက်ရည်ပျံ့ဆွတ်

လွတ်လပ်ရေးတွက်၊ တိုက်ပွဲရက်တွင်

အသက်ဆုံးရ၊ သခင်ဗဟိန်း

စိမ်းစိမ်းမြေ့မြေ့၊ အောက်မေ့စိတ်မှန်း

တမ်းတညွတ်ညွတ်၊ လွမ်းဆွတ်ဆွတ်မိ

ဒဂုန်တာရာ။ စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ်၅၊ ‌၁၉၈၅၊ မေ

(မူရင်းသတ်ပုံအတိုင်းဖြစ်ပါသည်။ မျိုးမြင့်ချို)

0 comments:

Post a Comment