Friday, August 19, 2022

တိုင်းပြည်၌ စစ်အုပ်ချုပ်ရေး စပြီလော

0 comments

တိုင်းပြည်၌ စစ်အုပ်ချုပ်ရေး စပြီလော

 

၂၀-၁၀-၁၉၅၈ နေ့က ပြည်သူ့လွှတ်တော်ညီလာခံ၌ ပြည်သူ့လွှတ်တော်အမတ်မဟုတ်သော စစ်ဦးစီးချုပ်နေဝင်းအား ဝန်ကြီးချုပ်အဖြစ်ဖြင့် ရွေးကောက်တင်မြှောက်လိုက်ကြ၏။ များမကြာမီက ပြင်သစ်ပြည်တွင် လက်နက်ကိုင်တပ်များက တိုင်းပြည်နှင့်လွှတ်တော်အားခြိမ်းခြောက်ကာ လွှတ်တော်အမတ်မဟုတ်သူ ဗိုလ်ချုပ်ဟောင်း ဒီဂေါလ်အား ဝန်ကြီးချုပ်အဖြစ်ဖြင့် ရွေးကောက်တင်မြှောက်စေခဲ့သော ပြည်ပမှအဖြစ်အပျက်တစ်ရပ်နှင့် နှိုင်းယှဉ် စဉ်းစားစရာဖြစ်၏။ ကျွန်ုပ်တို့၏ အိမ်နီးခြင်းနိုင်ငံများဖြစ်ကြသော ယိုးဒယားနှင့် ပါကစ္စတန်နိုင်ငံများတွင် အလားတူ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့်လည်း နှိုင်းယှဉ်စဉ်းစားစရာဖြစ်၏။

 

ဗမာနိုင်ငံသည် ပြည်သူ့လွှတ်တော်ညီလာခံ၌ တပ်မတော်စစ်ဦးစီးချုပ်နေဝင်းအား ဝန်ကြီးချုပ်အဖြစ်ဖြင့် အဆိုတင်သွင်းသူမှာ ဝန်ကြီးချုပ်ဟောင်းဦးနုဖြစ်၏။ ထိုအဆိုကို ဦးနု၏အဖွဲ့ဝင်အမတ်များ၊ အတိုက်အခံ ဦးကျော်ငြိမ်း၏အမတ်များနှင့်အတူ ပြည်နယ်နှင့်လူမျိုးစုအမတ်များကပါ ဝိုင်းဝန်းထောက်ခံကြ၏။ ဤထောက်ခံမှုများအပြင် ပမညတ အဖွဲ့ဝင်ဖြစ်သော တရားမျှတမှုပါတီဝင်အမတ်များကပါ မူလပမညတ၏ သဘောထားနှင့်ဆန့်ကျင်ကာ ပါဝင်ထောက်ခံခြင်းကိုလည်း ထူးထူးခြားခြားတွေ့မြင်ရ၏။ တခြမ်းပဲ့၍ကျန်ရစ်ခဲ့သော ကျန် ပမညတ အဖွဲ့ဝင်အမတ်များကသာ ကန့်ကွက်သောသဘောထားနှင့်ဆန္ဒကို ပြသခဲ့ကြ၏။

 

တပ်မတော်စစ်ဦးချုပ်နေဝင်းအား လွှတ်တော်မှ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်ဖြင့် ရွေးကောက်တင်မြှောက်လိုက်ကြ ပြီးနောက် ဝန်ကြီးချုပ်နေဝင်းက လွှတ်တော်နှင့်တိုင်းပြည်အား တာဝန်ယူခြင်းမရှိသော ၎င်းနှစ်ခြိုက်ရာပုဂ္ဂိုလ် ၈ ဦးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ်ဖြင့် ရွေးချယ်ခန့်အပ်၏။ ထို့နောက် နိုင်ငံတော်သမ္မတကြီးရှေ့မှောက်တွကင် ကျမ်းသစ္စာကျိန်ဆိုခြင်းပြုကြ၏။ ဝန်ကြီးချုပ်သစ်နေဝင်းအစိုးရအား ဖွဲ့စည်းပြီးကြလေပြီ။

 

(၂)

သန့်ရှင်း၍တရားမျှတသောရွေးကောက်ပွဲကို ၆ လအတွင်း ကျင်းပပြုလုပ်ပေးရန်ဖြစ်သောစာချွန်တော်စွဲကိုင်၍ တက်လာခဲ့ရသော ဝန်ကြီးချုပ်နေဝင်းအစိုးရသည် ပျက်ပြားလျှက်ရှိနေသည်ဟုအဆိုရှိခဲ့သော အုပ်ချုပ်ရေးယန္တရားကို ရှေးဦးစွာပြင်ဆင်မည်ဟုဆိုကာ အတွင်းဝန်များ၊ တိုင်းမင်းကြီးများ၊ ခရိုင်အဆင့်အတန်းအရာရှိကြီးများနှင့် ဘုတ်အဖွဲ့ ကော်ပိုရေးရှင်းအဖွဲ့များမှ အထက်တန်းအရာရှိကြီးများကို ဟိုပြောင်းဒီရွှေ့လုပ်၏။

 

ယခင် ဖဆပလအဖွဲ့ကြီး ကွဲပြဲပြီးနောက် ဦးနု၏ ဖဆပလတခြမ်းပဲ့အစိုးရ တက်ရောက်လာစဉ်ကလည်း အလားတူ အပြောင်းအရွှေ့မျိုး ပြုလုပ်ခဲ့၏။  ထိုသို့ပြုလုပ်စဉ်က တဖက်သောအုပ်စုမှ နိုင်ငံရေးညှဉ်းပမ်းမှုဟု အော်ကြီးဟစ်ကျယ် စွပ်စွဲ၍ နိုင်ငံရေးဩဇာချရန် ကြိုးပမ်းခဲ့ကြ၏။ သက်ဆိုင်ရာသတင်းစာများကလည်း ထင်မြင်ချက်နှင့် ဝေဘန်ချက်များ ရေးသားခဲ့ကြ၏။

 

 သို့ရာတွင် ယခုတဖန်တက်ရောက်လာသော ဝန်ကြီးချုပ်နေဝင်းအစိုးရအဖွဲ့ လက်ထက်တွင် ထိုသို့အပြောင်းအရွှေ့များ ပြုလုပ်ခြင်းကို မည်သည့်နိုင်ငံရေးအုပ်စုမှ လေသံထွက်လာသည်ကို မကြားရပေ။ မည်သည့်သတင်းစာများကမှလည်း ထင်မြင်ချက်နှင့်ဝေဘန်ချက်များ ရေးသားခြင်းကို မတွေ့မြင် မဖတ်ရှုရပေ။

 

ထိုကဲ့သို့ တိတ်ချက်သားကောင်းလှခြင်းသည်ပင် စဉ်းစားစရာဖြစ်လာ၏။ စိတ်ဝင်စားစရာလည်းကောင်းနေ၏။

 

(၃)

ဝန်ကြီးချုပ်သစ်နေဝင်းအစိုးရအဖွဲ့သည် တရားဝင်ပြည်ထောင်စုအစိုးရအဖွဲ့မဖြစ်မှကပင် အုပ်ချုပ်ရေးယန္တရားပေါ်၌ ထားရှိမည့်မူဝါဒနှင့်ပတ်သက်၍ သတင်းစာများသို့ပေါက်ကြားကာ ဖော်ပြကြသောသတင်းအမျိုးမျိုးကို တိုင်းပြည်က ဖတ်ရှုခဲ့ရ၏။ ထိုသို့ သတင်းစာများသို့ပေါက်ကြားကာ သတင်းစာများက ရေးသားဖော်ပြခြင်းပြုခဲ့ကြသော သတင်းများနှင့်ပတ်သက်၍ ယနေ့ထက်တိုင် သက်ဆိုင်ရာက ဖြေရှင်းခြင်းနှင့် ငြင်းကွယ်ခြင်း မပြုလုပ်ကြသေးသဖြင့် တိုင်းပြည်အနေနှင့် စစ်အုပ်ချုပ်ရေး ဖြစ်တော့မည်လောဟူသော စိုးရိမ်ပူပန်ခြင်းများ ရှိခဲ့၏။

 

စစ်ဦးစီးချုပ်နေဝင်းအား ပြည်သူ့လွှတ်တော်ကခန့်အပ်လိုက်၍ တရားဝင်ပြည်ထောင်စုအစိုးရအဖွဲ့ ဖြစ်လာသည့် နောက်ပိုင်းတွင်လည်း အုပ်ချုပ်ရေးယန္တရားအပေါ်၌ ထားရှိရမည့်မူဝါဒနှင့်ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်မြဲ ထွက်နေ၏။ သတင်းစာများကလည်း အမျိုးမျိုး ရေးသားဖော်ပြနေကြ၏။ သို့ရာတွင် သက်ဆိုင်ရာကမူ နှုတ်ပိတ်ရေငုံ နေမြဲ ငုံနေကြသည်ကိုသာတွေ့ရ၏။ ထို့ကြောင့် နိုင်ငံရေးအခြေအနေကို အကဲခတ်နေသောတိုင်းပြည်က မိမိတို့ကိုများ စမ်းနေခြင်းဖြစ်သလောဟု မှန်းဆတွက်စပြုလာကြ၏။

 

စစ်ဦးစီးချုပ်နေဝင်းအား ပြည်သူ့လွှတ်တော်မှ ဝန်ကြီးချုပ်အဖြစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းမပြုမီက ရန်ကုန်မြို့ကြီးကို ၅ ပိုင်း ပိုင်း၍ စစ်ဘက်နှင့်ရဲဘက်ပူးပေါင်းအုပ်ချုပ်ကြမည်ဆိုသောသတင်းများ ထွက်လာခဲ့၏။ ထိုသတင်းကို သက်ဆိုင်ရာက ငြင်းကွယ်ခြင်းမပြုသောအခါ အင်းစိန်မြို့ကြီးကျလျှက် တွံတေးတူးမြောင်းပိတ်ဆို့ခြင်း ခံနေရကာ ရန်ကုန်မြို့ကြီးကျရန် လက်နှစ်လုံးမျှသာ တဲတဲလေးကျန်နေခဲ့သော အချိန်ကာလမျိုးကပင် ယခုကဲ့သို့ စစ်ဘက်နှင့်ပူးပေါင်းအုပ်ချုပ်ရသောအခြေမျိုး မဆိုက်ရောက်ခဲ့ပါဘဲ ယခုမှ ထိုသတင်းမျိုးထွက်ပေါ်လာခြင်းသည် တိုင်းပြည်အနေနှင့် လုံးလုံးလျားလျား ယုံကြည်ခြင်းနှင့်လက်ခံခြင်း ပြုနိုင်ရန်အတွက် ခက်ခဲလိမ့်မည်ဖြစ်၏။

 

ထိုကဲ့သို့သတင်းများနှင့် ဝန်ကြီးချုပ်နေဝင်းအစိုးရသည် ရှိရင်းစွဲ မြို့ပြဆိုင်ရာအုပ်ချုပ်ရေးအပြင် စစ်ဘက်ဆိုင်ရာ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ကိုလည်း တပ်မတော် တပ်မှူးတပ်ကြပ်များနှင့် ဖွဲ့စည်းလိမ့်ဦူးမည်ဆိုသော သတင်းတစ်ရပ်သည်လည်း ပေါ်ထွက်လာပြန်၏။ ဤသတင်းကိုလည်း သက်ဆိုင်ရာက ဘာမှငြင်းကွယ်မှုမှမပြုဘဲ နှုတ်ပိတ်ရေငုံနေ၏။ ထိုသတင်းသည် တကယ်မှန်ကန်နေ၍ သက်ဆိုင်ရာက ငြင်းကွယ်ခြင်းမပြုသလော၊ သို့မဟုတ် အခြေအမြစ်မရှိသော သတင်းတစ်ရပ်အနေနှင့် အဘက်မလုပ်ဘဲ နှုတ်ပိတ်နေလိုက်ခြင်းဖြစ်သလောကို တိုင်းပြည်က နားမလည်နိုင်အောင် ဖြစ်နေ၏။ လက်နက်ကိုင်တပ်မှူးများ ဟိုပြောင်းဒီရွှေ့လုပ်ပြီးနောက် ဖွဲ့စည်းတည်ထောင် လိုက်ရသော ဝန်ကြီးချုပ်နေဝင်းအစိုးရအား တိုင်းပြည်၏သံသယမျက်လုံးများဖြင့် စူးစိုက်၍နေ၏။  မိအေး ၂ ခါ နာရ ဦးမည်လောဟု ချိန်ဆနေ၏။ ဝန်ကြီးချုပ်နေဝင်းအစိုးရအား ပြည်သူ့လွှတ်တော်မှ ခန့်အပ်လိုက်ပြီးနောက် အုပ်ချုပ်ရေး ယန္တရားကြီးတခုလုံး၏ အသက်နှလုံးဖြစ်သောပြည်ထဲရေးဌာနကို စစ်ဌာနချုပ်ရှိရာ ဒဂုံရိပ်သာသို့ ပြောင်းရွှေ့တော့မည် ဆိုသောသတင်းတရပ် ထွက်လာပြန်၏။ ထိုသတင်းလည်း သတင်းစာများသို့ပင် ပေါက်ကြားကာ ရေးသားဖော်ပြခြင်း ပြုကြကုန်၏။

 

ဤ အရေးကြီးလှသောသတင်းကြီးတရပ်ကို သက်ဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးဌာနများမှ မည်သို့မှ ဝန်ခံခြင်းနှင့် ငြင်းကွယ်ခြင်းမပြုလုပ်ကြပေ။ ထိုသို့ တာဝန်ရှိရှိနှင့် မပြုလုပ်ကြသဖြင့် တိုင်းပြည်၏သံသယသည် ပိုမိုကြီးမားလာ၏။

မည်သည့်အစိုးရအဖွဲ့လက်ထက်နှင့် မည်သည့်အချိန်အခါကာလမျိုးကမှ ပြည်ထဲရေးဌာနအား စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခြင်ကို မကြုံခဲ့၊ မကြားခဲ့ဘူးပါဘဲနှင့် ယခု စစ်ဦးစီးချုပ်နေဝင်းအစိုးရအဖွဲ့လက်ထက်သို့ ကျရောက်ခါမှ ထိုအဖြစ်မျိုး၊ သတင်းမျိုးကို ကြုံရ၊ ကြားရဦးမည်ဆိုလျှင် တိုင်းပြည်က ရိုးရိုးသားသားနှင့် ယုံယုံကြည်ကြည် လက်ခံနိုင်ရန် ခဲယဉ်းလိမ့်မည်သာဖြစ်၏။  တသက်လုံး အတွင်းဝန်များရုံးကြီးအတွင်း၌ ထားရှိလုပ်ကိုင်လာခဲ့သော ပြည်ထဲရေးဌာနအား မည်ကဲ့သိုအရေးတကြီးအကြောင်းအရာနှင့်အဖြစ်အပျက်များမရှိပါဘဲနှင့် စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခြင်းကို ထမင်းစား၍လူဖြစ်လာကြသော ပြည်ထောင်စုသားတိုင်း အံ့ဩကြလိမ့်မည်သာဖြစ်၏။ အကြောင်းတခုခုရှိ၍ပဲဟု တွေးတောကြတော့မည်လည်းဖြစ်၏။

 

ဤကဲ့သို့ ပြည်ထဲရေးဌာနအား ဒဂုံရိပ်သာသို့ပြောင်းရွှေ့တော့မည်ဆိုသော သတင်းထွက်လာပြီးနောက် မရှေးမနှောင်းပင် ပြည်ထောင်စုဗမာနိုင်ငံတော် ရဲအဖွဲ့ကြီးအား တပ်မတော်မှ တပ်မဟာတိုင်းများအလိုက် တိုင်းများ တိုးချဲ့ဖွဲ့စည်း တော့မည်ဆိုသောသတင်းများပါ ဆက်တိုက်ထွက်လာပြန်၏။ အချို့သတင်းစာကြီးများ၏ ရေးသား ဖော်ပြချက်အရ ဆိုလျှင် တိုင်းကြီး ၄ တိုင်းခန့် ခွဲဖွဲ့စည်းထားသောရဲအဖွဲ့ကြီးအား တပ်မဟာများအလိုက် တိုင်းကြီး ၈ တိုင်းအထိ နောက်ထပ် ခန့်ခွဲဖွဲ့စည်းမည်ဆိုသောကိစ္စပင်ဖြစ်၏။ ရဲ့အဖွဲ့ကြီးကို စစ်တပ်အား ခန့်ခွဲဖွဲ့စည်းထားပုံ သဘောမျိုးနှင့် ထပ်မံခန့်ခွဲဦးမည့်သဘောပင်ဖြစ်၏။ အဓိပ္ပာယ်ကိုရှင်းသွားအောင် ရေးလိုက်ရလျှင် တပ်မတော်မှ တပ်မဟာမှူးများနှင့် တိုင်းရဲမင်းကြီးများကို ပူးတွဲ၍ထားရှိမည်ဆိုခြင်းဖြစ်၏။

 

စစ်ဦးစီးချုပ်နေဝင်းအား ဝန်ကြီးချုပ်ဟောင်းဦးနုက အာဏာလွှဲပြောင်းပေးတော့မည့်အကြောင်း တိုင်းပြည်သို့ ထုတ်ပြန်ကြေညာလိုက်သောအခါ စက်တင်ဘာလ ၂၆ ရက်နေ့ နိုင်ငံပိုင်သတင်းစာများ၌ အထက်ပါသတင်းများသည် တခုပြီးတခု ထွက်ပေါ်လာ၏။ သို့ရာတွင် ယနေ့ထက်တိုင် သက်ဆိုင်ရာမှ တာဝန်သိသိနှင့် တိုင်းပြည်အား ဖြေရှင်းခြင်းနှင့် ငြင်းကွယ်ခြင်းများ မပြုလုပ်ခဲ့ကြသေးပေ။ ထိုသို့ တာဝန်ရှိသူတို့က မိမိတို့တာဝန်ကို မထမ်းဆောင်ကြသဖြင့် တိုင်းပြည်အနေနှင့် ယုန်ထင်ကြောင်ထင်ဖြစ်နေ၏။ “ငါ့သမီးမယ်ထွေး မြွေကြီးမျိုသည့်ကိန်း” များဆိုက်လေပြီလောဟု မိမိတို့ယုံကြည်စိတ်ချရသူများအချင်းချင်း တီးတိုးလက်ကုပ်ပြောဆိုနေကြသောအခြေသို့ ရောက်နေ၏။

 

(၄)

သို့ရာတွင် ထိုပြဿနာများအားလုံးသည် နိုဝင်ဘာ ၃ ရက်နေ့မှစ၍ ပြေလည်ရှင်းလင်းစပြုလာ၏။ နိုဝင်ဘာ ၃ ရက်နေ့မှ စတင်၍ တပ်မတော်ကပွဲရုံ၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးညီလာခံကို ကျင်းပခဲ့၏။ ထိုညီလာခံသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းမင်းကြီးများနှင့် တိုငက်းရဲမင်းကြီးများ၊ ခရိုင်ဝန်နှင့် ခရိုင်ရဲဝန်များ၊ စက်ရှင်နှင့် ရာဇဝတ်တရားသူကြီး များနှင့် ဌာနဆိုင်ရာအကြီးအကဲများ စုံစုံညီညီတက်ရောက်လျှက် ထိုညီလာခံသဘင်၌ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ကြည်ဟန်က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်၏။

 

ထို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးညီလာခံသို့ ဝန်ကြီးချုပ်နေဝင်းသည် တက်ရောက်မိန့်ခွန်းမြွက်ကြားခဲ့၏။ ညီလာခံ မိန့်ခွန်း၌ ဝန်ကြီးချုပ်နေဝင်းက ပြည်တွင်းသောင်းကျန်းသူများ နှိမ်နင်းသည့်နေရာတွင် မြို့ပြအုပ်ချုပ်ရေးဘက်နှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များပါဝင်သည့်အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်မည်ဟု ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုခဲ့၏။

 

ဝန်ကြီးချုပ်နေဝင်း၏ အထက်ပါမိန့်ခွန်းအရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုသမ္မတဗမာနိုင်ငံတော်၌ ယခုအခါတွင် မြို့ပြအုပ်အုပ်ရေးနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များပါဝင်သည့် အုပ်ချုပ်ရေးယန္တရားကြီးကို ခတ်ပြောင်ပြောင် ထူထောင်တော့မည်ဖြစ်၏။ မြို့ပြဆိုင်ရာအုပ်ချုပ်ရေးယန္တရားကြီး အတွင်းသို့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ အတိအလင်း ဝင်ရောက်လာကပြတော့မည်ဖြစ်၏။ မြို့ပြအုပ်ချုပ်ရေးယန္တရား အတွင်းသို့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ အတိအလင်းပါဝင်လာသောအုပ်ချုပ်ရေးကို ဘာအုပ်ချုပ်ရေးဟူ၍ ကင်မွန်းတပ်ကြဦးမည်နည်း။ ပြည်ထောင်စုသားတိုင်း နဖူးပေါ်လက်တင်၍ စဉ်းစားကြရန်သာ ရှိတော့သည်။

 

(၅)

၆ လ ခန့်မျှသောအချိန်ကာလအတွင်း သန့်ရှင်း၍တရားမျှတသော ရွေးကောက်ပွဲတရပ်ကို ကျင်းပပြုလုပ်ပေးရန် ဟူသောစာချွန်တော်ဖြင့် တက်ရောက်လာခဲ့သော ဝန်ကြီးချုပ်နေဝင်းအစိုးရသည် “သောင်းကျန်းသူများကို နှိမ်နင်းနိုင်ရန်အတွက်”ဟူသောအကြောင်းပြချက်ဖြင့် စစ်အုပ်ချုပ်ရေးကို ထူထောင်တော့မည်ဖြစ်ကြောင်း တိတိလင်းလင်း ကြေညာလိုကပ်ပြီးကားဖြစ်သည်။ ဗိုလ်ချုပ်ကြီ နေဝင်းနည်းတူ ပြင်သစ်မှာ ဒီဂေါလ်သည် လည်းကောင်း၊ ပါကစ္စတန်မှ အယွတ်ခန်သည်လည်းကောင်း၊ ယိုးဒယားမှ စာရစ်သည်လည်းကောင်း အလားတူ ဆင်ခြေများကိုပေးခဲ့ကြသည်။

 

ပြင်သစ်မှဒီဂေါလ်သည် ပျက်စီးတော့မည့် အဖနိုင်ငံကြီးအား ကယ်တင်ရန်ဟုအကြောင်းပြ တက်ရောက်လာပြီးနောက် ပြင်သစ်ပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်ဆီးလိုက်ခဲ့ပြီဖြစ်၏။ ပါကစ္စတန်မှအယွတ်ခန်သည် နိုင်ငံရေးသမားများကလိန်ကျကာ၊ ကုန်ဈေးနှုန်းများ တက်ချင်တိုင်းတက်နေသော ပါကစ္စတန်ပြည်၏ကံကြမ္မာကို တိုးတက်ကောင်းမွန်လာစေခြင်းအလို့ငှာ တက်ရောက်ခြင်းဖြစ်ပါသည်ဟု အကြောင်းပြပြီးနောက် ရှေးဦးစွာ အုပ်ချုပ်ပုံစည်းမျဉ်းဥပဒေကို ရုပ်သိမ်း၏။ ထို့နောက် နိုင်ငံရေးပါတီများနှင့် သတင်းစာများကို ဖျက်သိမ်းပိတ်ပင်၏။ နိုင်ငံရေးပါတီခေါင်းဆောင်အများအပြားကို ဖမ်းဆီး၏။ ထို့နောက် ဤသို့ ၎င်းတက်ရောက်စဉ်က ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သော သမ္မတ မာဇာကို သမ္မတရာထူးမှ ဖြုတ်ချလိုက်ခဲ့ပြီဖြစ်၏။ ယိုးဒယားမှ စာရစ်သည်လည်း ကွန်မြူနစ်အန္တရာယ်ကြီးမားလာခြင်းကို ရှောင်ကွင်းနိုင်ရန်အတွက်ဟု ဆင်ခြေပေးကာတက်ရောက်လာခဲ့ပြီး သည့်နောက် လွှတ်တော်ကို ဖျက်သိမ်း၏။ နိုင်ငံရေးပါတီများကိုလည်း ဖျက်သိမ်း၏။ သတင်းစာအများအပြားကိုလည်း ပိတ်ပင်လိုက်ခဲ့ပြီဖြစ်၏။

 

ပြည်ထောင်စုဗမာနိုင်ငံနှင့် အိမ်နီးခြင်းနိုင်ငံဖြစ်သောပါကစ္စတန်နှင့် ယိုးဒယားမှ အဖြစ်အပျက်များကိုလည်းကောင်း၊ ပြင်သစ်ပြည်၏ကံကြမ္မာကိုလည်းကောင်း တွေ့မြင်နေကြရပြီဖြစ်သော ပြည်ထောင်စုသားများသည် ယခုကဲ့သို့ ဝန်ကြီးချုပ်နေဝင်းအစိုးရတက်ရောက်လာပြီးနောက် စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်သို့ကူးပြောင်းနေခြင်းအား မည်ကဲ့သို့သဘောထားကြရမည်နည်း။

 

သန့်ရှင်း၍တရားမျှတသောရွေးကောက်ပွဲကို ၆ လအတွင်း ကျင်းပနိုင်ရေးအတွက် “သောင်းကျန်းသူများ”ကို နှိမိနင်းရန်လိုသည်ဟု ပထမဦးစွာအကြောင်းပြ၏။ သို့ရာတွင် နိုင်ငံရေးအရ ပြေလည်အောင် အဘယ့်ကြောင့် ဖြေရှင်းခြင်းမပြုသည်ကိုကား တိုင်းပြည်က နားမလည်နိုင်ပေ။

ထို့နောက် “သောင်းကျန်းသူများကို နှိမ်နင်းရန်အတွက်” မြို့ပြနှင့်စစ်ဘက်ပူးပေါင်းသောအုပ်ချုပ်ရေးကိုတည်ဆာက်ရန် လိုအပ်သည်ဟု ဒုတိယအကြိမ် အကြောင်းပြလာ၏။ 

 

ဤကဲ့သို့ အကြော င်းတမျိုးပြီးတမျိုး ပြရင်း ဝန်ကြီးချုပ်နေဝင်းအစိုးရသည် မိမိတို့ပြုလုပ်လိုရာပြုလုပ်ရင်း ဤတိုင်းပြည် ၎င်းတို့၏ စစ်အုပ်ချုပ်ရေးကို သွေးတိုးစမ်းထူထောင်ရန် ခြေလှမ်း လှမ်းလျှက်ရှိနေကြပြီဖြစ်၏။ ဤသို့ ခိုင်လုံသောအကြောင်းပြချက်မရှိပါဘဲနှင့် ဤတိုင်းပြည်၌ စစ်အာဏာနှင့်အုပ်ချုပ်ရေး ထူထောင်ခြင်းပြုရန် ကြိုးပမ်းလာသောအမှုကို တိုင်းပြည်က သတိကျပ်ကျပ်ထားရှိဖို့လိုနေပြီ ဖြစ်ပေသတည်း။

နိုင်ငံရေးအကဲခတ်လေ့လာသူတဦး။

အတွဲ ၁။ အမှတ် ၂။ 

နိုဝင်ဘာလ၊ ၁၉၅၈ ခုနှစ်

 

(လင်းယုန်ဂျာနယ်မှ ပြည်တွင်းငြိမ်းချမ်းရေးဆောင်းပါးများစာအုပ်ပါ “တိုင်းပြည်၌ စစ်အုပ်ချုပ်ရေး စပြီလော” ကို ကျနော်က စာရိုက်ပြီးပြန်တင်ပေးတာပါ။ မျိုးမြင့်ချို)

0 comments:

Post a Comment