Sunday, May 26, 2019

(စုဖွဲ့မှုသစ်လာလေလိမ့်မလား) မျိုးမြင့်ချို

0 comments
(စုဖွဲ့မှုသစ်လာလေလိမ့်မလား)
စစ်အုပ်စုနဲ့ တပြည်လုံးအဆင့် အပစ်အခတ်ရပ်စဲရေး (NCA)လက်မှတ်ထိုးထားပြီးသား လူမျိုးစုလက်နက်ကိုင် ၁ဝ ဖွဲ့ ရှိတယ်။ အဲ့ဒီ ဆယ်ဖွဲ့ အလုပ်အတူလုပ်နိုင်အောင် ဆယ်ဖွဲ့ပေါင်းက ခေါင်းဆေင်တွေချည်းပါတဲ့ Peace Process Steering Team (PPST)ဆိုတာရှိတယ်။ အစိုးရနဲ့ပြောပြော စစ်တပ်နဲ့ပြောပြော စကားပြောတဲ့အခါ PPST မှာ ဘုံသဘောတူထားတဲ့ မူဘောင်အတွင်းကပဲ ပြောတယ်။ မူရှိတယ်။ မူကိုင်ထားတယ်။ မူက အနှစ်သာရဆုပ်ပြီးပြောရရင် “လူမျိုးစုတိုင်း တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်မူ“။ ဒီမူကိုင်ပြီး စစ်အုပ်စုနဲ့ အပစ်အခတ် ရပ်စဲရေးကတဆင့် ငြိမ်းချမ်းရေးဆွေးနွေးကြတယ်။

စစ်အုပ်စုဘက်ကတော့ စကတည်းနေ တလျှောက်လုံး သူ့မူ(တပ်မတော်မူ ၆ ချက်) အသေဆုပ်ကိုင်ထားပြီး အဲ့ဒီ အခြေခံကနေ ရပ်ခံတယ်။ အဲ့ဒီကတဆင့် ဘာ ထပ်တက်လာလဲဆိုတော့ “တခုတည်းသောတပ်မတော်“ကို လက်ခံရမယ်။ “ဘယ်သောအခါမှ ခွဲမထွက်ပါ“ကတိပေးရမယ်။ ဒါမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားမယ်ဆိုပြီး ဖြစ်လာတယ်။ ဒီအသစ်တင်လာတဲ့ တောင်းဆိုချက်ကိစ္စ ဆွေးနွေးကြရင်း အရင်ပြောလက်စတွေ ရပ်သွားတယ်။ အခြေအနေက ရှေ့ဆက်တိုးမရ ဖြစ်လာတယ်။ သူတို့စကားနဲ့ပြောရရင် တစ်ဆို့လာတယ်။

ဒီတော့ ခုန အပစ်ရပ် ဆယ်ဖွဲ့(တကယ်စတာက KNU/KNLA)က။ “ဒီအတိုင်းဆို NCA ဟာ လမ်းချော်သွားပြီ မူလ လမ်းကြောင်း ကနေသွေဖည်သွားပြီ၊ ဒါ့ကြောင့် အစိုးရ/စစ်တပ်တို့နဲ့ တရားဝင်တွေ့နေတာကို ယာယီရပ်ဆိုင်းတယ်၊ မိမိတို့ အချင်းချင်းကြား ဘုံသဘောတူညီချက်တခုခုရအောင် လုပ်ရဦးမယ်၊ ဒါပေမယ့် ကြားကာလတွေမှာတော့ အလွတ်သဘော Out of Record တော့ တွေတော့ရှိနေမယ်“ဆိုပြီး တရားဝင်တွေ့တာတွေ ရပ်လိုက်တယ်။ ကြားထဲမှာ အစိုးရကိုယ်စားလှယ်တချို့နဲ့ တွေ့ကြတာရှိတယ်။ ဘာမယ်မယ်ရရမှ သဘောတူညီချက်မရကြပါ။

အဲ့ဒီအခြေအနေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ (ကချင်၊ ရခိုင်၊ ကိုးကန့်၊ ပလောင်)နဲ့ အစိုးရတို့ စစ်တပ်တို့နဲ့ တွေ့မယ်ဆိုပြီး ပြင်ဆင်ကြတယ်။ ခုထိတော့ တွေ့မယ့်နေရာ မသတ်မှတ်နိုင်သေးတာနဲ့ မတွေ့ဖြစ်ကြသေးပါ။ ဝ တပ်ဖွဲ့ကတော့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ အစိုးရ/စစ်တပ်တွေ့မှာကို သတိထားပြီးကြိုဆိုအားပေးတယ်။ အပစ်ရပ်တဲ့အထဲမပါသေးတဲ့သူတွေကိုလည်း ဆွေးနွေးပွဲတွေမှာ (အနည်းဆုံး လေ့လာသူအဖြစ်)ဖိတ်တာ တက်ရောက်စေတာကို လိုလားတယ်။


ဒီနေရာမှာ သတိပြုရမှာ စစ်အုပ်စုဟာ အပစ်ရပ်ရေး လုပ်ငန်းစဉ်တွေမှာ နဂိုကမှ အရေးမပါသလိုဖြစ်နေတဲ့ အစိုးရရဲ့အခန်းကဏ္ဍကို ထပ် ကျုံ့သွားအောင်လို့ အပစ်ရပ်ကိစ္စတွေအတွက် လူမျိုးစုလက်နက်ကိုင်အင်အားစုတွေနဲ့ သီးသန့် တွေ့ဖို့ဆိုပြီး စစ်ကော်မရှင်တခု သတ်သတ်ဖွဲ့ထားကို ဖြစ်တယ်။ အစိုးရအပစ်ရပ်ကော်မတီ အဆင့်ဆင့်တိုင်းမှာလည်း ဥက္ကဌတွေက စစ်ဗိုလ်တွေဖြစ်တယ်။ ဒေါက်တာတင်မျိုးဝင်းဟာ ရိုးဂုဏ်အေးဂုဏ် မကောက်ကျစ်ဂုဏ် ဒေါ်စုအပေါ်သစ္စာခံဂုဏ်တွေဆိုပေမယ့် နိုင်ငံရေးအစွမ်းအစနဲ့ အတွေးအခေါ်အရထက်မြက်မှုမရှိတဲ့အပြင် ဆုံးဖြတ်နိုင်တဲ့ပါဝါရှိသူလည်းမဟုတ်တော့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှာ သူ့ရဲ့အရေးပါမှုဟာ ဘာမှပြောလောက်တဲ့ အနေအထားမဟုတ်ဘူး။

နောက်အရေးအကြီးဆုံးအချက်က အစိုးရပြောနေတဲ့ “၂၁ ရာစုပင်လုံ“ ဆိုတာက နိုင်ငံရေးအရ ဆုပ်ဆုပ်ကိုင်ကိုင် “မူ“ တခုခု ချမပြနိုင်တာဘဲဖြစ်တယ်။ ပင်လုံစိတ်ဓာတ် ပင်လုံအနှစ်သာရ ဘာညာနဲ့သာ အပေါ်ယံပြောနေတာ တကယ်လက်တွေ့ကျတဲ့ အာမခံချက်မျိုး ဘာမှမပြောနိုင်ဘူး။ ဒီလိုဖြစ်ရတာ စစ်အုပ်စုကို လက်ညှိုးထိုးတာထက် မိမိမှာ အခိုင်အမာ နည်းဗျူဟာ မဟာဗျူဟာ ရှိမထားဘူးဆိုတာကိုပြနေတာပါ။ လူမျိုးစုတွေလည်း လိုအပ်တဲ့အခါ ပင်လုံစိတ်ဓာတ်ဆိုပြီးသာ (စကားလုံးအရ)ပြောပေမယ့် အားကိုးလို့မရမှန်း သဘောပေါက်နေကြတယ်။ နိုင်ငံရေးအရ အားထားရလောက်တယ်ဆို လူမျိုးစုတွေက အင်န်အယ်လ်ဒီကိုဝန်းရံပြီး ခရီးအတူဆက်ကြဖို့ သဘောထားရှိတယ်။ အဲ့ဒါကို တိတိကျကျ အကဲခတ်နေကြတုန်းမှာဘဲ စစ်ခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီတွေ့တဲ့ပွဲမှာ ဒေါ်စုက AA ကို အပြတ်ချေမှုန်းခိုင်းတာကြီး ပေါက်ထွက်လာတော့ အယုံအကြည်ပိုနည်းသွားတယ်။ ပို သတိကြီးကြီး ထားသွားကြတယ်။ အစိုးရကို စကားထဲသာ ထည့်ပြောနေရတာ အာဏာရဲ့သော့ချက်ဘယ်နားမှာမှန်းနဲ့ ဘယ်သူ့ဆီရှိမှန်းသိတော့ ရှိတဲ့လူကို ဒဲ့ဆက်ဆံနေကြတယ်။ ဒါက ဖြစ်နေတဲ့အခင်းအကျင်း အကျဉ်းချုပ်ပါ။ အသေးစိတ်တွေ များပါတယ်။

ပြန်ဆက်ရရင် NCA မှာ တစ်ဆို့နေတာတွေကို ဖြည်ထုတ်ရေး နည်းလမ်းရှာတဲ့အနေနဲ့ PPST အစည်းအဝေး ဟိုတလောက လုပ်တယ်။ အဲ့ဒီမှာ KNU က PPST ကို အလုပ်မဖြစ်တော့ဘူးဆိုပြီး ထားခဲ့ချင်တယ်။ ထားခဲ့ချင်တာက ၂ဝ၁၇ လောက်တည်းကလို့ဆိုတယ်။ KNU က လမ်းကြောင်းအသစ်တခု တနည်းပြောရရင် စုဖွဲ့မှုအသစ်တခု ဖော်ချင်တယ်။ အဲ့ဒီအဖွဲ့ကို Peace Process Consultative Meeting (PPCM)လို့ခေါ်မယ်။ အဲ့ဒီအဖွဲ့မှာ အခု ၁ဝ ဖွဲ့အပြင် အပစ်မရပ်ရသေးတဲ့အဖွဲ့တွေပါ ပါဝင်လာနိုင်ရေး ရည်ရွယ်တယ်။ အကြောင်းပြချက်က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အနေအထားအရ လိုအပ်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ ပိုမိုချောမွေ့အဆင်ပြေစေဖို့လို့ ဆိုတယ်။ ဆယ်ဖွဲ့ထဲက တချို့အဖွဲ့တွေက အဖွဲ့သစ်ဖွဲ့မှာကို မလိုလားဘူး။ PPST နဲ့ပဲ ဆက်သွားချင်တယ်။ ဒီတော့ PPMC တင်တဲ့ KNU က အဖွဲ့ထဲကနေ နှုတ်ထွက်မယ်ဆိုပြီးဖြစ်တယ်။ နောက်တော့ မဲခွဲဆုံးဖြတ်တာတွေ ပြန်ညှိကြတာတွေလုပ်ပြီး လောလောဆယ်တော့ မထွက်သေးဘူး၊ PPMC ကိစ္စကိုလည်း အပြီးတိုင်ပြန်မရုပ်သိမ်းထားဘူး။ အဖွဲ့တဖွဲ့ချင်းကြားမှာရော အဖွဲ့တွေအတွင်းမှာပါ ပြန်ညှိကြဦးမယ်။ နောက်လာမယ့် PPST အစည်းအဝေးတွေမှာ အဲ့ဒီကိစ္စပြန်တက်လာမယ့်သဘောရှိတယ်။ PPST မှာ အဲ့သလိုဖြစ်နေတုန်း မနေ့ကဘဲ UWSA လို့ခေါ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က လားရှိုးမြို့ရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “KNU ရဲ့ အဆိုပြုချက်ကို လက်ခံသိရှိထားပြီး ကောင်းတဲ့အကြံပြုချက်ဖြစ်တယ်၊ ဒါဟာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုဖွဲ့ထားတဲ့ FPNCC ရဲ့ အားလုံးပါဝင်ရေးမူနဲ့တူညီတယ်၊ အားလုံးပါဝင်ရေးဆိုတာ နဂိုကတည်းက ကျနော်တို့ရဲ့ ရပ်တည်ချက်လည်း ဖြစ်တယ်၊ ရှေ့ဆက်ပြီးတော ပူးပေါင်းရမယ့်လုပ်ငန်းစဉ်တွေ ဘယ်လိုရှိမလဲဆိုတာကိုတော့ ဗဟိုဌာနချုပ်ရဲ့သဘောထားပေါ် မူတည်တယ်“လို့ အတိအလင်းထွက်ပြောလာပါတယ်။

ဆိုတော့ KNU အဆိုပြုတဲ့ PPMC လိုင်းအသစ်ကို FPNCC ကလည်း သဘောကျတယ် ပူးပေါင်းလည်း လုပ်ကြမယ်ဆိုရင် အားကောင်းတဲ့ စုဖွဲ့မှုကြီးတခု ဖြစ်လာဖို့ရှိပါတယ်။ တရုတ်အနေနဲ့ကလည်း FPNCC နဲ့ အပစ်ရပ်/မရပ် အဖွဲ့တွေအားလုံးစုမိသွားရင် ကြားဝင်ပေးရတာ ပိုလွယ်ကူသွားမယ်ထင်ရတယ်။ KNU ရဲ့ နိုင်ငံရေးအနေအထားလည်း ပြန်တက်လာမယ်။ ခုက KNU က NCA ထိုးပြီးသား အပစ်ရပ် ဆယ်ဖွဲ့ထဲမှာသာ အားအကြီးဆုံးဖြစ်နေတာမှန်ပေမယ့် တရုတ်ဝင်ပါနေတဲ့ ဗမာ့အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဖြစ်စဉ်မှာကျတော့ အိမ်ဖြည့်သဘော၊ အရန်လူသဘောနဲ့ ဖုတ်လေတဲ့ငါးပိလို ဖြစ်နေတယ်။ စစ်အုပ်စုကလည်း နယ်မြေချဲ့ဖို့ စစ်ရေးနေရာယူမှုလုပ်ဖို့လိုရင် နယ်မြေအကန့်အသတ်ထားပြီး ဗြောင်တိုက်တယ်။ ဆွေးနွေးတဲ့အခါ ဟီးဟီးဟားဟားနဲ့ ပြီးပစ်လိုက်တယ်။ မထေမဲ့မြင် လုပ်တဲ့အခါ လုပ်ပြတယ်။ ကျန်တဲ့အချိန် ပေယျလကံလွှတ်ထားတယ်။ KNU အဖြစ်က ဂျင်ပဲ့လားတော့လည်း မဟုတ်ပြန်ဘူး။ ဂျင်ပဲ့က ဝိုင်းတိုင်းဝင်ပေါက်လို့ရတယ်။ မဝေးတော့မယ့် အနာဂတ်မှာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PPST တွေ့ပြီး PPMC လိုဟာ ပေါ်လာဖို့ အသေးစိတ်ညှိနှိုင်းမှုတွေ အတွင်းပိုင်းသဘောတူညီမှုတွေ နားလည်မှုတွေတော့ ကျကျနန ပြင်ဆင်ကြမယ်ထင်တယ်။ အဲ့သလိုသာဆို တရုတ်လည်း ခုထက်ပို လက်သွက်ခြေသွက်နဲ့ ထဲထဲဝင်ဝင် ပိုပါလာမယ်ယူဆရတယ်။

ခု PPST ထဲမှာ တချို့အဖွဲ့ခေါင်းဆောင်တွေက တခုခု မြန်မြန်ဆန်ဆန် ပြီးပြတ်သွားစေ့ချင်နေတယ်။ ခုလို သောင်မတင် ရေမကျဖြစ်နေတာ၊ စစ်လည်းတရားဝင်မတိုက် ငြိမ်းချမ်းရေးလည်းတရားဝင်မရဘဲ ဒီအတိုင်း လပ်ယားလယ်ယားကြာကြာနေရင် (အဖွဲ့သေးတွေ) လုံးပါး ပါးလိုက်လာမယ်။ နောက်ပြီး စီးပွားရေး(သူတို့အခေါ် ဒေသဖွံ့ဖြိုးရေး) လုပ်ရတာလည်း မလွတ်လပ်ဘူး။ နောက်ဆုံး စစ်အုပ်စုနဲ့ ဘာမှ ညှိမရတော့ဘူးဆိုလည်း မြန်မြန်တပ်ဖျက်၊ လက်နက်အပ်၊ ကုမ္ဗဏီထောင်၊ စီးပွားရှာ၊ ပါတီထောင် နိုင်ငံရေးလုပ်ဆိုတဲ့ စစ်တပ်မူ ၆ ချက်အတိုင်းပဲ သွားချင်တာတွေရှိနေနိုင်တယ်။

ဝ ဘက်ကပြောသလို ပေါင်းစည်းရေးတွေဖြစ်သွားရင် ဒီလူတွေအတွက်လည်း လွတ်လွတ်ကျွတ်ကျွတ် ရွေးချယ်စရာရသွားမှာမို့ ကောင်းပါတယ်။ ဟိုလူတွေပေါင်းစည်းမိသွားကြရင်သာ ဘယ်လိုဖြစ်မယ်မဖြစ်ဘူး ဘာမှ မပြောနိုင်သေးပေမယ့် စစ်တပ်မူ ၆ ချက်အတိုင်းသွားချင်သူတွေကတော့ တပ်ဖျက် လက်နက်အပ်ပြီး ကျန်တာတွေလုပ်မယ်မလုပ်ဘူး အတပ်မဆိုနိုင်ပေမယ့် ပါတီတွေတော့ “အရှက်ပြေ“ ထောင်ကြမှာတော့ သေချာသလောက်ရှိပါတယ်။ အဆန်းတော့လည်း မဟုတ်ပါ။ ဗမာ့သမိုင်းမှာ အရင်ကလည်း ဖြစ်ပြီးသားတွေပါ။ နောက်ဆုံး စစ်အုပ်စုက “ပေါ်စေ“ဆို ဟုန်းကနဲပေါ်ပြီး “ပျောက်စေ“ဆို ဟုတ်ကနဲ ပျောက်သွားကြမှာပါ။

မျိုးမြင့်ချို။
မေ ၂၆၊ ၂ဝ၁၉

0 comments:

Post a Comment