Wednesday, May 22, 2019

(မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်)

0 comments
(မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်)
Nike တို့ Adidas တို့ဆိုတာက တကမ္ဘာလုံးသိတဲ့ ဖိနပ်နဲ့ အားကစားပစ္စည်း အားကစားဝတ်စုံတွေထုတ်တဲ့ ကုမ္ပဏီကြီးတွေပါ။ တမြန်နေ့က အဲ့ဒီကုမ္ပဏီကြီး၂ခုအပါဝင် အခြား အလားတူကုမ္ပဏီပေါင်း ၁၇ဝ က သမ္မတထရမ့်ဆီ စာရေးပြီး သတိပေးစကားဆိုခဲ့ကြပါတယ်။ တရုတ်နဲ့ ဖြစ်နေတဲ့ကုန်သွယ်စစ်ကြောင့် သွင်းကုန်ခွန်တွေမြင့်လာရင် လုပ်ငန်းတွေထိခိုက်လာနိုင်တယ်၊ အမေရိကန်ဈေးကွက်မှာ ကမောက်ကမ တွေဖြစ်လာမယ်၊ စီးပွားရေးကြီးတခုလုံးပါ အနည်းနဲ့အများ သွားထိခိုက်မယ်ဆိုတာတွေ ပလူပျံနေအောင်ရေးထားတာပါ။ အဲ့ဒီစာမှာ သူတို့ အဓိကအကျဆုံးထောက်ပြတာက တကယ်တမ်း နစ်နာစရာရှိတာက ဝယ်ယူသူတွေ(စားသုံးသူ)တွေဘဲဖြစ်တဲ့အကြောင်းပါ။ သူတို့ကတော့ ကုန်သွယ်ခွန်တိုးကောက်လည်း ပေးရမှာမှန်ပေမယ့် အဲ့ဒီငွေတွေကို ပစ္စည်းတန်ဘိုးပေါ် တင်ယူလိုက်ရုံပါဘဲ။ ဒါ့ကြောင့် ဈေးနှုန်းတက်တဲ့ ဒဏ်ကို ပြည်သူတွေဘဲခံရမှာဖြစ်တဲ့အကြောင်း စီကာပတ်ကုံးဖော်ပြထားတာပါ။ တခြားဟာတွေလည်း ပါ ပါသေးတယ်။ ဒီနေရာမှာ အဲ့ဒါတွေပြောမှာ မဟုတ်လို့ ချန်ခဲ့ပါရစေ။


ဇနီးက သူ့ဘက်ကတော်တဲ့ ကလေးတယောက်မွေးနေ့လက်ဆောင်အတွက် တောစီးဖိနပ်လိုဟာလေးတရံ စတိုးဆိုင်တွေမှာ လိုက်ရှာနေတာ ၅ ရက်လောက်ရှိပါပြီ။ သူလိုချင်တဲ့ဟာ မရသေးပါ။ ညကတော့ သူတယောက်တည်း အွန်လိုင်းမှာတကုပ်ကုပ် အလုပ်ရှုပ်နေပုံပါဘဲ။ ဒီမနက် ကော်ဖီစားပွဲထိုင်တော့မှ သူလိုချင်တဲ့ဖိနပ်ကို Amazon ကနေတွေ့လို့ ဝယ်လိုက်တဲ့အကြောင်းပြောပြီး စိတ်အေးသွားဟန်နဲ့ သက်မချပါတယ်။ 

ကျနော်က ဘာတံဆိပ်လဲဆိုတော့ Made in China of America ပေါ့၊ ဈေးလည်းတော်တယ်၊ ပို့ခလည်း အခမဲ့၊ နံမည်ကြီး (Brand Names) တော့ မဟုတ်ဘူးတဲ့။ ကျနော်က နိုက်ကေးတို့ အဒီးဒတ်စ်တို့ သတင်းကြားပြီးပြီလားဆိုတော့ ကြားသားပဲ အလကားဟာတွေ၊ Crocodile Tears တွေပါတဲ့။ အင်္ဂလိပ်မှာလည်း မိကျောင်းမျက်ရည်ဟာ မိကျောင်းမျက်ရည်ပါဘဲ။
ကျနော်က ဘာလို့တုန်းဆိုတော့ နင်စဉ်းစားကြည့်လေ သူတို့ အဲ့ဒီပစ္စည်းတွေ ဒီမှာထုတ်တုန်းကလည်း ဒီဈေးပဲ၊ ဟိုသွားပြီး(တရုတ်) ထုတ်တော့လည်း ဒီဈေးဘဲ၊ အဒီးဒတ်စ်ဘောင်းဘီဆို တထည်ကို လေး ငါး ခြောက်ဆယ်မပေးဘဲ မရဘူး၊ ဒီမှာအလုပ်သမားတယောက် ပေးရတဲ့လုပ်ခနဲ့ ဟိုမှာ အလုပ်သမား ၄ ယောက်လောက် ငှားလို့ရနေတာ လူတိုင်းသိတာဘဲ၊ ဟိုသွားထုတ်တော့ရော ပစ္စည်းဈေးတွေက ဘယ်မှာလာ သုံးလေးဆ ကျသွားလို့တုန်း အတူတူပဲ၊ ကုမ္ပဏီတွေသာ ချမ်းသာသွားတာ၊ CEOsတွေသာ ကိုယ်ပိုင်ဂျက်လေယဉ်တဝီဝီနဲ့ လခတွေ နင်းကန်ရသွားကြတာ ငါတို့အတွက်က ဘာထူးလို့တုန်း၊ ဒီမှာ လုပ်တာကမှ အမေရိကန်တွေ အလုပ်လေးဘာလေးရသေးတယ်၊ ဟိုသွားလုပ်တော့ ဟိုတိုင်းပြည်ဝင်ငွေရ ဟိုကအလုပ်သမားတွေ အလုပ်ရတာဘဲအဖတ်တင်တာပေါ့၊ ဟိုသွားပြီး လုပ်ကျွေးနေတာနဲ့ ဘာထူးလို့တုန်းတဲ့။ ဒီပြန်လာတာမှ တော်သေးတယ်တဲ့။

ဒါနဲ့ကျနော်က အခု ကုန်သွယ်ရေးစစ်တွေ သွင်းကုန်ခွန်တိုးကောက်တာတွေဘာတွေ မရှိဘူး၊ အရင်အတိုင်းပဲလို့ သဘောထားကြည့်၊ အဲ့ဒီ အနေအထားမှာ နိုက်ကေးဖိနပ်ကို ဟိုမှာဘဲသွားထုတ်မယ်၊ ဒါပေမယ့် ဒီမှာထုတ်တဲ့ဈေးထက် အများကြီး လျော့ပြီးရောင်းမယ်ကွာ၊ မင်းပြောသလို ၃ ဆလောက် သက်သာမယ်ဆိုရင်ရောဆိုတော့၊ တရုတ်မှမဟုတ်ဘူး ဘယ်နိုင်ငံ သွားထုတ်ထုတ်၊ Same Brand and Same Quality ဒီတံဆိပ်ဘဲ ဒီအရည်အသွေးဘဲဆို သုံးဆမဟုတ်ဘူး သုံးပုံတပုံသက်သာတောင် အဲ့ဒီနိုင်ငံတွေမှာ သွားထုတ်တာကောင်းတာပေါ့၊ ငါတို့အကုန်အကျ သက်သာတာပေါ့၊ ခုဟာက ကိုယ့်အလုပ်သမားလည်း အလုပ်မရ၊ အစိုးရလည်း အမြတ်မရ၊ ကုမ္ပဏီကြီးတွေ၊ သူဌေးကြီး တွေ၊ စီအီးအိုကြီးတွေဘဲ ချမ်းသာသထက် ချမ်းသာကုန်ကြတာလေတဲ့။ ကျနော်က အမေရိကန် မျိုးချစ်စိတ်ဟာ ပစ္စည်းအရည်အသွေးတူရင် ကုန်ဈေးနှုန်းအခြေခံ ချစ်ကြတာမျိုးပေါ့လေဆိုတော့၊ သူ ဆတ်ကနဲ့တချက်ဖြစ်သွား လေသံခတ်ဘောက်ဘောက်နဲ့ သေချာတာပေါ့ ကိုယ်က စားသုံးသူလေ စားသုံးသူနေရာကဘဲတွေးရမှာပေါ့၊ တဒေါ်လာတန်တဲ့ ဘာဂါကို အမေရိကန်ဆိုင်မို့လို့ ၂ ဒေါ်လာတင်ရောင်း ဘယ်သူမှ မျိုးချစ်လှချည်ရဲ့ဆိုပြီး သွားမစားဘူးတဲ့။ ကျနော်က ဆက်မလို့လုပ်တော့ သူ့ဖုန်းဝင်လာတာနဲ့ ရပ်လိုက်ရတယ်။ ကော်ဖီလည်း လက်စသတ်ပါတယ်။

ပြောဖြစ်တာက အဲ့ဒါလေးပါ။ ကျနော့်မိန်းမက ဘိုးစဉ်ဘောင်ဆက်အမေရိကန်မှာနေတဲ့၊ အိုင်းယာလန်သူပုန်အနွယ်၊ လူမျိုးစုံသွေးနှောထားတဲ့ အမေရိကန် လူဖြူမ ဖြစ်ပါတယ်။ ကျနော့်နံမည်မသိကြတဲ့ ဗမာပြည်ဖွားဒုက္ခသည်တချို့ကတော့ ကျနော့် “အင်္ဂလိပ်မယောက်ျား” လို့ခေါ်ပါတယ်။

မျိုးချစ်စိတ်ဟာ ဈေးစကားပြောပါတယ်။ ဦးနာအောက်ကြီး သင်္ဘောပြုတ်ပါတယ်။ မနှင်းဆီရထားလေး ဘူထာထဲမှာ ကျော်ချသွားပါတယ်။
မျိုးမြင့်ချို

0 comments:

Post a Comment