Sunday, April 28, 2019

(ထိန်းတော့လည်း ထိန်းကြပါ) မျိုးမြင့်ချို

0 comments
(ထိန်းတော့လည်း ထိန်းကြပါ)

ဥရောပနဲ့ အနောက်တလွှားက Green Peace လိုဟာကြီးတောင် Anarchist တွေ စီးထားတာ ကျန်တဲ့ Environmental Groups လေးတွေထဲမလည်း မနည်းပါဘူး။ အစိုးရတွေရဲ့ ကမောက်ကမပေါ်လစီတွေ၊ လူတန်းစားကွာဟချက်ကြီးလွန်းတာတွေ၊ ပညာရေးအသုံးစားရိတ်လျှော့ချတာတွေ၊ လူတွေကို အဓမ္မချွေတာရေး လုပ်ခိုင်းနေတာတွေ၊ ကုန်ဈေးနှုန်းမတန်တဆကြီးမြင့်မှုတွေ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေ၊ လူမှုရေး စီးပွားရေးမညီမျှမှုတွေ ကုန်ကုန်ပြောရရင် လိင်ပိုင်းဆိုင်ရာအရ မညီမျှမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေအထိ Anarchists တွေ ထဲထဲဝင်ဝင်ပါနေတာ တွေ့ရပါတယ်။
တခါတခါကျ ဆိုရှယ်လစ်တွေ လက်ဝဲဝါဒီတွေနဲ့ သူတို့ ဒွေးရောယှက်တင်ဖြစ်နေတတ်ကြပြီး တခါတခါမှာ (အဆုံးစွန်ရည်မှန်းချက်အကြောင်းပြောကြတဲ့အခါမျိုးမှာ) မတည့်မရှု မသင့်မမြတ်တွေဖြစ်ကြပါတယ်။ လူမှု/စီးပွား/လူတန်းစားကွာဟမှုအရေး၊ ကျန်းမာရေးနဲ့လူမှုဖူလုံရေး၊ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးလို စတဲ့ကိစ္စတွေမှာတော့ တွဲပြီးလုပ်ကြပေမယ့် လိင်တူကိစ္စတို့၊ မော်တော်ကားဆန့်ကျင်ရေးကိစ္စတို့၊ ဆေးခြောက်တရားဝင်သုံးစွဲရေးကိစ္စတို့၊ ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စတို့၊ လင်/မယား အများအပြားထားခွင့်ကိစ္စလို Issues တွေက ပြဒါးတလမ်းသံတလမ်းလိုနေကြတာပါ။

လတ်တလော ဥရောပက Anarchists တွေရဲ့လှုပ်ရှားမှုတွေအနက် ပြင်သစ်က Yellow Vest လိုဟာမျိုးကျတော့ ၂ စုလုံး ပူးပေါင်းဆောင်ရွက်ကြတာပါ။ အစပိုင်း အလယ်ပိုင်းတွေအထိ လူထုထောက်ခံမှုအတော်ကြီးကိုရသလို ဥရောပတလွှားလည်း တောမီးလို့ ပျံ့သွားပါတယ်။ အကြီးအကျယ်သာ မလောင်လိုက်တာပါ။ ခုတော့ ဖျက်ဆီးမီးရှို့တာတွေ သောင်းကျန်းလွန်းတာတွေ လူတွေစားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမကောင်းရတွေများလာလို့ အော်ကြော့လန်နေပါပြီ။

တွေးမိတာက ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးသမားတွေ Environmentalists အကြောင်းပါ။ သူတို့လုပ်တာတွေထဲမှာ ကောင်းတာတွေ အများကြီးပါတယ်။ တကယ့်အနှစ်သာရသဘောကတော့ အရင်းရှင်ကြီးတွေ အချင်းချင်းဥပဒေတွင်းကနေ စားကျက်လုကြတဲ့အခါ အလှူရှင်ဖေါင်ဒေးရှင်းကောက်ထောင်ပြီး ဒီလူတွေကို စုခိုင်းပြီး မွေးယူလိုက်ပြီး အသံထုတ်ခိုင်းတာပါ။ ဒီလူတွေ့အသံ လွှတ်တော်တွေထဲ(ဥပဒေပြုတဲ့နေရာ)မရောက် ရောက်အောင်လည်း ငွေကြေးဖောဖောသီသီသုံးပြီး မိမိလိုရာဥပဒေဖြစ်လာဖို့ အမတ်တွေကို Lobby နားချနားသွင်းလုပ်ပါတယ်။။ တနည်းပြောရင် အမတ်တွေကို ဝယ်တာပါ။
ကျနော်တို့ အင်ဒီယားနားပြည်နယ်မှာ မစ်ရှီဂန်ပါဝါလျှပ်စစ်ကုမ္ဗဏီ(အနုမြူရော ကျောက်မီးသွေးလောင်စာပါသုံး)နဲ့ Windmill Farms လေရဟတ်ကြီးတွေနဲ့လျှပ်စစ်ထုတ်ရေး(ကုမ္ဗဏီတွေ) Fight ကြတော့ ၂ ဘက်လုံးက ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေးသမားတွေကို စပွန်ဆာပေး ပရိုပိုဆယ်လ်ပေးပြီး ဆန္ဒပြပွဲတွေ၊ ဆီမီနာတွေ ဖိုရမ်တွေ အစည်းအဝေးတွေ အကြီးအကျယ်လုပ်ကြတယ်။ ပြည်နယ်လွှတ်တော်အမတ်တွေကိုလည်း အပြိုင်အဆိုင်အသည်းသန် နားသွင်းကြတာပါ။
အဓိက ကတော့ Windmill Farms တွေက ပြည်နယ်အတွင်းမှာ တိုးချဲ့တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားရောင်းစားဖို့ပါ။ တနည်းပြောရရင် မစ်ရှီဂန်ပါဝါရဲ့ လျှပ်စစ်ဈေးကွက်ကို ဝင်လုတာပါ။ သုံးစွဲသူတွေကတော့ လေရဟတ်လျှပ်စစ်မီးကို လိုချင်သူများပါတယ်။ (မီတာခအများကြီးသက်သာတာကြောင့်ပါ)။

 ပတ်ဝန်းကျင်သဘာဝဝါဒီတွေကလည်း ပိုက်ဆံယူထားတဲ့လူတွေပီပီ သူ့ဘက်သူယက်ပြီး ကောင်းတာပြော အခြားတဘက်ကိုမကောင်းတာပြော ပြောပြီး ကိုယ့်ငွေရှင်အနိုင်ရရေး လုပ်ကြတာပါ။
မစ်ရှီဂန်ပါဝါဘက်ကလူတွေက လေရဟတ်ကြီးတွေဟာ လေထဲထောင်တားတဲ့ မကောင်းဆိုးဝါးလက်ချောင်းကြီးတွေနဲ့တူပြီး အရုပ်ဆိုးသလို ပတ်ဝန်းကျင်အလှအပတွေကိုပျက်စီးစေတယ်၊ အဲ့ဒါကြီးတွေက တဒီဒီနဲ့အဆက်မပြတ်မြည်သံတွေကြောင့် နားညီးပြီး ကြာတော့လူတွေမှာ စိတ်ကျရောဂါဖြစ်လာတယ်၊ လေထဲပျံနေတဲ့ငှက်တွေဟာ အဲ့ဒါကြီးတွေကို မထိမိအောင်ရှောင်ကွင်းပျံနေရလို့ ပင်ပမ်းအားလျော့ပြီး သားပေါက်နှုန်းတွေကျလာတယ်၊ သဘာဝမျိုးစိတ်တွေ ပါးရှားလာတယ်၊ အကောင်ရေထောင်သောင်းချီပြီး မိုင်ထောင်ချီပျံတဲ့ ဆောင်းခိုငှက်တွေနဲ့ ရွှေ့ပြောင်းငှက်တွေဟာ အဲ့ဒါကြီးတွေနဲ့တိုက်မိပြီး သေကြကြေကြတယ်စတာတွေလည်းပါပါတယ်။ ခုဆို သမ္မတကတော့ ကင်န်ဆာဖြစ်စေတဲ့အထဲ အဲ့ဒါကြီးတွေပါ ပါသယောင်ယောင်ပြောနေတာပါ။

Windmill Farms တွေဘက်ကလူတွေကတော့ ကျောက်မီးသွေးအမှုန်ပတွေ အမှုန်တွေ မီးခိုးတွေ အနံ့အသက်တွေနဲ့ အနုမြူစွန့်ပစ်ပစ္စည်းတွေကြောင့် ချောင်းမြောင်း မြစ် ပင်လယ်တွေ၊ သစ်ပင်တောတောင်တွေ၊ တိရိစ္ဆာန်တွေ လူတွေ အဆိပ်သင့်နေပြီ၊ မိန်းမတွေ မြုံကုန်တာများလာတယ်၊ ရောဂါဆန်းတွေများလာတယ်။ လေထု ရေထု မြေထု ညစ်ညမ်းလာတယ် ဘာညာ စသည်ဖြင့်ပေါ့လေ။ နောက်ဆုံးတော့ ငွေပိုတတ်နိုင်တဲ့ နိုင်ငံရေးအဆက်အသွယ်ပိုကောင်းတဲ့ အာဏာအဝန်းအဝိုင်းနဲ့ ပိုထဲဝင်တဲ့မစ်ရှီဂန်ပါဝါက အနိုင်ရသွားပါတယ်။ Windmill Farms တွေ ထပ်တိုးချဲ့မှာကို ခွင့်မပြုပါလို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

တွေးမိတာက ခု အသံအကျယ်လောင်ဆုံးဖြစ်နေတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကိစ္စမှာလည်း ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးဝါဒီတွေလည်း ပါပါတယ်။ မြစ်ဆုံဆည်ကိစ္စဟာ နိုင်ငံရေးပါ။ နိုင်ငံရေးမှာမှ စစ်အုပ်စုကို ဖယ်ထုတ်ပြီး တရားခံအဖြစ်ကနေဖျောက်ပစ်ပြီး အင်န်အယ်လ်ဒီကို တည်တိုက်နေတဲ့ ရည်ရွယ်ချက်ပါပါ ခြေလှမ်းပါပါလုပ်တာပါ။ တည့်တည့် တည်တိုက်တာပါ။ နိုင်ငံရေးဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့တွေးတော့ ဘာမှမထူးဆန်းပါဘူး။ အလားတူပဲ နိုင်ငံရေးဖြစ်တဲ့အတွက် အကျိုးစီးပွားအခြေခံဖြစ်တဲ့အတွက် လူ လုကြရမှာပါဘဲ။ လုလိုက်ကြတဲ့လူတွေ တနည်းပြောရရင် အလုခံကြတဲ့လူတွေထဲမှာ လူရိုသေရှင်ရိုသေလို့ဆိုတဲ့ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေး ဝါဒီတွေပါနေတာ တွေ့ရမှာပါ။
ဒီတော့ ကျနော်တို့က ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေးသမားဆိုတိုင်း ဘာလဲ ဘာနောက်ခံလဲ ဘယ်လိုပါဝင်လာကြတာလဲ သူတို့နောက်ကွယ်ကလက်တွေက ဘာလက်တွေလဲစတာတွေကို စဉ်းစားကြတဲ့အခါ တွေးတွေးဆဆ ထောက်ထောက်ချင့်ချင့်ရှိဖို့ လိုပါလိမ့်မယ်တွေးမိပါတယ်။
မျိုးမြင့်ချို
ဧပြီ ၂၈၊ ၂ဝ၁၉

0 comments:

Post a Comment