Wednesday, April 17, 2019

(တည်ပေးတာကို တည်ပေးမှန်း သိတယ်ဆို)

0 comments
(တည်ပေးတာကို တည်ပေးမှန်း သိတယ်ဆို)
အမေရိကန်ကနေ ကနေဒါဘက်ကို နယ်စပ်တွေကကူးပြီးဝင်ရောက်နေထိုင်သူတွေ တစထက်တစ များလာတယ်။ ကနေဒါနိုင်ငံက အမေရိကန်အစိုးရအနေနဲ့ အမေရိကန်ဘက်ကနယ်စပ်ဂိတ်တွေ နယ်စပ်လုံခြုံရေးတွေ နယ်ခြားဖြတ်ကျော်မှုစည်းကမ်းတင်းကျပ်တာတွေလုပ်ဖို့ အလေးအနက်ပြောနေတယ်။ ကနေဒါဟာ တိုင်းပြည်ကြီး ကြီးသလောက် လူနည်းတယ်။ ချမ်းသာတဲ့စက်မှုနိုင်ငံကြီးဖြစ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးတွေကောင်းတယ်။

အမေရိကန်အကျဘက်လိုက်နေချိန်မှာ ကနေဒါက စက်မှုနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ပြန်ခေါင်းမော့လာတယ်။ ပို့ကုန်တွေလည်း တက်လာတယ်။ အလုပ်သမား အင်အားစုလိုအပ်ချက်က ကြီးကြီးမားမားရှိနေတယ်။ နိုင်ငံတကာက ဒုက္ခသည်တွေကို အခြေချနေထိုင်ခွင့်တွေပေးပြီး ခေါ်ယူနေတယ်။

ဗဟိုအမေရိကနိုင်ငံတွေကလုတွေနဲ့ မက္ကဆီကန်တွေက မက္ကဆီကိုနယ်စပ်ကိုဖြတ်ပြီး အမေရိကန်ဘက်ကို ကူးပြီးဝင်ရောက်နေထိုင်ကြတာက ကြာပြီ။ ခုမှမဟုတ်ဘူး။ အမေရိကန်ချမ်းသာနေချိန်က ဈေးချိုတဲ့တရားမဝင်အလုပ်သမားတွေဝင်နေတာကို အာဏာပိုင်တွေကလည်း သိသိနဲ့ “ဟ“ထားပေးတယ်။ အရင်းရှင်ကြီးတွေ သစ်သီးခြံပိုင်ရှင်တွေ ရာသီပေါ်သီးနှံစိုက်ခင်းရှင်ကြီးတွေကလည်း အလွန်သဘောကျတယ်။ သစ်သီးခူးတာတို့၊ စိုက်ခင်းတွေမှာ လုပ်တာတို့၊ လုပ်ခနည်းပြီး ညစ်ပတ်နံစော်တဲ့အန္တရာယ်များတဲ့ အမေရိကန်တွေ မလုပ်ချင်တဲ့အလုပ်တွေကို ခုပြောတဲ့နိုင်ငံတွေကနေ တရားမဝင်ရော တရားဝင်ရော လာရောက်နေထိုင်သူတွေက အောက်ခြေသိမ်းလုပ်ကြတယ်။ သူတို့က သားသမီးတွေမွေးကြ မျိုးဆက်တွေပြန့်ပွားလာကြတယ်။ မိဘတွေရဲ့ လူဝင်မှုအဆင့်ကဘယ်လိုရှိနေရှိနေ (ဥပဒေသဘောအရ) အမေရိကန်မှာမွေးရင် ကလေးတွေက အမေရိကန်နိုင်ငံသားဖြစ်ကြတယ်။

ခု အမေရိကန်ထက်ဆင်းရဲတဲ့နိုင်ငံတွေကလူတွေက အမေရိကန်ထဲဝင်ဖို့ကြိုးစားနေတဲ့အတွက် အမေရိကန်=မက္ကဆီကိုနယ်စပ်ပြဿနာဟာ အလွန်နံမည်ကြီးနေတယ်။ အမေရိကန်မှာ အလုပ်သမား သိတ်မလိုသေးဘူး။ စီးပွားကျနေတယ်။ ရှိနေတဲ့လူတွေတောင် လူဝင်မှုအဆင့်အရသတ်မှတ်ချက်နဲ့မညီရင် အတင်းပြန်ပို့နေတယ်။ ဒီလူတွေဟာ တချိန်တုန်းက အမေရိကန်တွေကိုယ်တိုင် လိုလိုလားလားနဲ့ မသိချင်ယောင်ဆောင်ပြီး ဝင်လာနေထိုင်ခွင့်ပေးခဲ့သူတွေဖြစ်တယ်။ ခု မလိုတော့တဲ့အခါ ပြန်မောင်းထုတ်ဖို့လုပ်တာပါ။ နယ်စပ်ဖြတ်ကျော်တွေကြောင့် မူးယစ်ဆေးဝါး၊ လူဆိုးဂိုဏ်း၊ ရာဇဝတ်မှုတွေထူပြောတာဆိုတဲ့ အကြောင်းပြချက်ကလည်း ထရမ့်ပ်ပြောနေသလို မဟုတ်ကြောင်း အထင်အရှား အထောက်အထားတွေနဲ့ပေါ်ထွက်နေတယ်။

လူတွေဟာ ရေကြည်ရာမြက်နုရာရှာကြ လူအုပ်စုလိုက်ကြီးတွေအနေနဲ့ရော တဦးချင်းစီအနေတွေနဲ့ရော တနေရာကတနေရာ ရွှေ့ပြောင်းနေထိုင်ကြတာ လူ့သမိုင်းနဲ့ချီနေတဲ့ ယဉ်ကျေးမှု Civilization ဖြစ်တယ်။ လူသားဟာ အဲ့လိုနည်းနဲ့ မိမိရဲ့အသိပညာ လူနေမှုဘဝ လူမှုဆက်ဆံရေး ကုန်ထုတ်လုပ်ရေးစတာတွေကို တိုးတက်မြင့်မားအောင်လုပ်နေကြတာပါဘဲ။ မျိုးဆက်တွေ စည်ပင်ပြန့်ပွားရှင်သန်နေထိုင်ကြတာပါဘဲ။ သွေးတွေနှော လူမျိုးတွေရော ယဉ်ကျေးမှုသစ်တွေဖြစ်ထွန်းကြရတာပါဘဲ။ အဲ့သလို ရွှေ့ကြပြောင်းကြတဲ့အခါ အခံလူ(ရှိနေနှင့်တဲ့လူ)နဲ့ လာလူ(ဝင်ရောက်လာသူ)တွေကြားမျာ ပဋိပက္ခတွေရှိတတ်တာလည်း သဘာဝဘဲ။ ဒါ ဘာမှ ထူးပြီးဆန်းတဲ့ကိစ္စတော့လည်းမဟုတ်ဘူး။
ခု ဒေါ်နယ်လ်ထရမ့်ခေတ် အမေရိကန်ဟာ မိမိရဲ့

အရင်းရှင်စနစ်ရဲ့မွေးရာပြဿနာတွေကြောင့်ဖြစ်ရတဲ့ စီးပွားရေးကျပ်တည်းလာမှုကိုဝန်မခံချင် ခေါင်းရှောင်ချင်တဲ့အခါ လူဝင်မှုကိုကိစ္စကို ပုံချတာပါဘဲ။ တကယ့်အရင်းခံပြဿနာကို မရှင်းနိုင်တော့ လူတွေကို လမ်းလွှဲပေးပြီး လူမျိုးရေး ဘာသာရေးစတဲ့ ထိလွယ်ရှလွယ်တဲ့အရေးတွေနဲ့ မီးမွှေးပေးပြီး လူတွေရဲ့ မကျေနပ်မှုနဲ့ ဒေါသတွေကို အရင်းရှင်ကြီးတွေဘက် မြားဦးလည်မလာအောင် ရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိလုပ်နေတာပါ။ ဗမာပြည်(ပြည်တွင်း)မှာလည်း အလားတူကိစ္စပါဘဲ။ အလားတူ အခြေအနေပါဘဲ။ ပြောစရာအချက်အလက်တွေက မနီးရိုးစွဲပါဘဲ။

ပူစရာက အမေရိကန်မှာ တရားမဝင်အလုပ်လာလုပ်နေကြသူတွေရဲ့ ရှေ့ရေးပါဘဲ။ ခုဆို အဲ့ဒီလူတွေကို တိုက်ခိုက်တာ ရန်ပြုတာ ရန်စပြဿနာရှာတာတွေကို လူခံတွေက လက်ရဲဇက်ရဲလုပ်လာနေတယ်။ သမ္မတကိုယ်တိုင်က မြှောက်ထိုးပင့်ကော်တွေပြောဆို လှုံ့ဆော်နေတယ်။

ထိုင်းတို့ မလေးရှားတို့မှာ အလုပ်သွားလုပ်နေကြတဲ့ ဗမာပြည်သားတွေရဲ့ကံကြမ္မဟာလည်း တချိန်ချိန်ကျ ထိုနည်းနည်းနှင်နှင်ဖြစ်လာလိမ့်မယ်။ ခုတောင် ထိုင်းနဲ့မလေး စီးပွားရေးလေး နည်းနည်းခရိုခရိုင်ဖြစ်ချင်လာတော့ တင်းကျပ်တာတွေ ဖမ်းတာဆီးတာ စစ်တာဆေးတာ အဓမ္မပြန်ပို့တာတွေ လုပ်စပြုနေကြပြီ။ ဒီ့ထက်ပို စီးပွားကျလေလေ ဒီ့ထက်ပို အစားအသောက်အနေအထိုင် ကျပ်တည်းလာကြမှာ ကျိန်းသေပါတယ်။ တကယ့်ကို စိတ်ထိခိုက်ကြေကွဲစရာ စာနာရင်နာစရာပါ။

ကျနော်တို့မြင်ရမှာက တိုင်းပြည်ရဲ့စီးပွားရေး ချွတ်ခြုံကျအောင် ဘယ်သူလုပ်သလဲ၊ ဘယ်သူ တရားခံလဲ။ တိုင်းပြည်မှာ ဘယ်သူတွေ ဘယ်လူတန်းစားတွေ ကြီးပွားချမ်းသာပြီး အာဏာကိုကိုင်ထားသလဲ။ သူတို့တွေဟာ လူဝင်မှုကိစ္စတွေ၊ ဘာသာရေး လူမျိုးရေးကိစ္စတွေနဲ့ လူတွေကို လှုံ့ဆော်သွေးထိုးပြီး တိုင်းပြည်ကိုမီးလောင်တိုက်သွင်းနေသလဲ ဆိုတာပါဘဲ။ ဗမာပြည်သူတွေရဲ့ လူမှုရေး စီးပွားရေး မညီမျှမှုတွေ ဆင်းရဲမွဲတွေမှု စတဲ့ အထွေထွေမကျေနပ်ချက်တွေရဲ့မြားဦး သူတို့ဘက်လှည့်မလာအောင် ဘယ်သူတွေလုပ်နေသလဲ။ ဘယ်သူတွေက ကြံရာပါလဲ။ ဘယ်သူတွေ ဖုံးဖိကာကွယ် ဖာထေးပေးနေသလဲ။ ဘယ်သူတွေ သူခိုးဓားရိုးကမ်းလဲ။ ဘယ်သူတွေ မီးလောင်ရာလေပင့်လုပ်လဲ။ ဘယ်သူတွေ မြေနိမ့်ရာ လှံစိုက်သလဲ၊ စတာတွေကိုပါ သေချာကျနမြင်ပြီး အသိရှိရှိ သတိတိရှိနေထိုင်ရင်း တွန်းလှန်ဆန့်ကျင်ကြဖို့ပါဘဲ။

တကယ်တော့ဒါဟာ လူဝင်မှုပြဿနာ၊ လူမျိုးရေး ဘာသာရေးပြဿနာဆိုတာထက် ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားက လူတန်းစားပြဿနာဖြစ်ပါတယ်။ အဖိနှိပ်ခံအချင်းချင်း လှည့် တည်ပေးထားရင်း၊ ရန်ုဖြစ်ခိုင်းထားရင်း ဖိနှိပ်သူလူတန်းစားဟာ အနေချောင် အစားချောင်နေတာပါ။ ကျနော်တို့ အဖိနှိပ်ခံအချင်းချင်းတည်ပေးနေတာကို တည်ပေးနေမှန်းသိကြမှဖြစ်မှာပါ။
မျိုးမြင့်ချို
ဧပြီ ၁၇၊ ၂ဝ၁၉

0 comments:

Post a Comment