Sunday, April 7, 2019

တပ်ထဲက မြတ်ကိုကို အတွေးအခေါ်နဲ့ ဘယ်အဖွဲ့အစည်းကိုမှ မပြောင်းလဲစေနိုင်။ Hla Win ရေးသည်

0 comments
တပ်ထဲက မြတ်ကိုကို အတွေးအခေါ်နဲ့ ဘယ်အဖွဲ့အစည်းကိုမှ မပြောင်းလဲစေနိုင်။ Hla Win ရေးသည် - ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာသာဓုကို အပြစ်တင် ဝေဖန်ချင်၊ ပြောချင်လို့မဟုတ်ပါ။ အကြောင်းဆိုင်လို့ထည့်ပြောပါတယ်။
- သာဓုရဲ့တပ်ထဲက မြတ်ကိုကို - ဝတ္တုဟာ တချိန်က နာမည်ကြီးပါတယ်။ ကျောင်းသုံးစာအုပ်အဖြစ်တောင် ပြဋ္ဌာန်းခြင်းခံခဲ့ရပါတယ်။ စစ်တပ်ရဲ့ ချွတ်ယွင်းချက်ကို ဖော်ပြပါတယ်။ ဇာတ်လိုက်လုပ်သူက တပ်ပြုပြင်ပြောင်းလဲရေးစကားတွေ ပြောပါတယ်။ စစ်တပ်ရဲ့ အပေါ်ယံ ချွတ်ယွင်းချက်တွေကိုပဲ ပြောတာပါ။ အဲဒီချွတ်ယွင်းချက်တွေပြုပြင်ရေးပဲ ပြောတာပါ။ တပ်ထဲမှာလည်း ပြုပြင်ရေးအတွေးအခေါ် ရှိတန်သလောက် ရှိမှာပဲ။ သာဓုတို့လက်ထက်ကတည်းကစစ်တပ်ကြီး ခုအချိန်ထိ မိုက်တုန်း ဆိုးတုန်း သတ်ဖြတ်တုန်း၊ ပြည်သူကိုဒုက္ခပေးတုန်းပါ။ တပ်ထဲက မြတ်ကိုကိုရဲ့ပြုပြင်ရေးအတွေးအခေါ်လောက်နဲ့ ဗမာပြည်ကို နှစ်ပေါင်းများဒုက္ခပေး၊ ပြည်သူကို ဖွတ်ကျောပြာစုဘဝက ရုန်းမထွက်အောင်လုပ်ထားတဲ့ စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုကို ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ပါဘူး။
ဥပမာ တခု ရှိပါသေးတယ်။ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့သူ။ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ဒေါက်တာမြင့်မောင်အပေါ် ကျွန်တော်တို့ ငယ်ငယ်က စွဲလမ်းဖူးပါတယ်။ သူ့စိတ်ဓာတ်ကို အားကျအတုယူလိုတဲ့ စိတ်ဓာတ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒေါက်တာ မြင့်မောင်လို ဆရာဝန်ကောင်းတယောက်ဟာ သူ့ပတ်ဝန်းကျင်ကွက်ကွက်လေးလောက် အကျိုးပြုနိုင်ပါလိမ့်မယ်။ ဓားသွားပေါ်က ပျားရည်စက်ဆရာဝန်ဟာလည်း လက်တွေ့ တကယ်တည်ရှိတဲ့ ဆရာဝန်ပါ။ သူလည်း သူထိတွေရတဲ့ပတ်ဝန်းကျင်လောက်ပဲ ပြောင်းလဲနိုင်ပါတယ်။ ပြည်သူကို တကယ်အကျိုးပြုချင်တဲ့ သူ့စိတ်ဓာတ်ကို ခေတ်အဆက်ဆက် အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ဖိနှိပ်တာ သူလည်း ခါးခါးသည်းသည်း ခံစားခဲ့ရတာပဲ မဟုတ်လား။ တပြည်လုံးမှာ ဆေးကုသရေးစနစ်၊ဆေးရုံများ၊ ဆေးဆရာဝန်တွေရဲ့ ပြည်သူ့အကျိုးထမ်းဆောင်လိုစိတ် ဒါတွေဟာ ဖောက်ပြန်တဲ့စနစ်အောက်မှာ ဆင်းရဲသား အလုပ်သမား လယ်သမားပြည်သူတွေ တကယ်အကျိုးပြုရေးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ဆရာဝန်ချီဂွေဗားရားကိုယ်တိုင်ပင် နားကြပ်နဲ့ စနစ်ဆိုးကိုတော်လှန်ပြောင်းလဲတာ လုပ်မရဘူးမြင်လို့ သေနတ်နဲ့တော်လှန်ပြောင်းလဲခဲ့ရတာပဲ။
အဓိက ပြောလိုတဲ့အချက်ကို အခုမှ ပြောမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကလက်ရှိ ရဲဝန်ထမ်းများ၏ လုပ်ကိုင်ပုံကို မကြိုက်ပါက ရဲတပ်ဖွဲ့သို့ကိုယ်တိုင်ဝင်ပြီး သန့်ရှင်းခိုင်မာအောင်လုပ်ပါလို့ ပြောလိုက်တာကို ပြောချင်တာပါ။ လူထုရဲ့ထောက်ခံအားပေးမှုရခဲ့တဲ့ ခေါင်းဆောင်တယောက်က ဒီလိုစကားမျိုး ပြောထွက်တာကို အင်မတန် အံ့သြမိပါတယ်။ (ရဲတပ်ဖွဲ့အင်အားစုဆောင်းရေးကို ဂျီးဒေါ်နွား အလကားကျောင်းပေးတဲ့လုပ်နည်းမျိုးလုပ်နေတာကို ထည့်မပြောသေးပါဘူး။)
အရှင်းဆုံးပြောပါမယ်။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ရှိသူတွေ ရဲတပ်ဖွဲ့ထဲ တရာ တထောင် ဝင်လာပါစေ။ ရဲတပ်ဖွဲ့ ဘယ်လိုမှ မပြောင်းပါဘူး။ ရဲတပ်ဖွဲ့ဟာ စစ်ဗျူရိုကရေစီယန္တယားရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတခုပါ။ စစ်တပ်၊ ပုလိပ်တပ်၊ တရားရုံး၊ အကျဉ်းထောင်၊ စတာတွေဟာ စစ်အုပ်စုရဲ့ အဓိက ဖိနှိပ်ရေးယန္တရားတွေပါ။ ဒါတွေဟာ စစ်အုပ်စုခိုင်းတာလုပ်နေရတဲ့ အဖွဲ့အစည်းပါ။ ရဲတပ်ဖွဲ့ကို ပြည်ထဲရေးက ကိုင်ထားပါတယ်။ ဒီအဖွဲ့တွေထဲ ပြုပြင်လိုတဲ့သူတွေဟာ စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ဘဲ ရဲတပ်ဖွဲ့ကို ပြောင်းလဲလို့ မရပါဘူး။ စိတ်ဓာတ်ကောင်းရှိတဲ့ အမှန်လိုလားသူ ရဲမှူးမိုးရန်နောင်လို ရှားရှားပါးပါး အမှန်လိုလားတဲ့သူမျိုးတွေတောင် ရဲတပ်ဖွဲ့၊ အစိုးရယန္တရား၊ တရားရုံးနဲ့စစ်အုပ်စုတို့က ဘယ်လို လုပ်ပစ်လိုက်သလဲ။ ဖေဖေ တည်ဆောက်တဲ့တပ်မတော်ကြီးလို့ တကြော်ကြော်ဟစ်အော်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ရင်ကြားစေ့လိုသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော စစ်အုပ်စုရဲ့မတရားမှုတွေကို ဟန့်တားပြီး စစ်တပ်ကို ကောင်းအောင် ပြုပြင်ပေးနိုင်လို့လား။ စစ်အာဏာအောက်(၂၀၀၈ အောက်) ဦးညွတ် ဝင်တာတောင် စစ်အာဏာရဲ့ သဲသဲမဲမဲဆန့်ကျင်တာကို အခုထိ ခံနေရတုန်းမဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်ထဲက မြတ်ကိုကိုအတွေးအခေါ်လောက်နဲ့ လူထုကို ရဲထဲ (ဒါမှမဟုတ် ငရဲထဲ) တွန်းပို့နေပါတယ်။ ဒါဟာ လူထုကို စိန်ခေါ်တဲ့စကားမျိုးလည်း ဖြစ်ပါတယ်။ ရဲကို မကောင်းပြောမနေနဲ့။ ကိုယ်တိုင် ရဲဝင်လုပ်ပြီး ကောင်းအောင် လုပ်ကြည့်ကြပါလား-ဆိုပြီး လူထုကို ရန်တွေ့တဲ့ စကားပဲ။ အစိုးရကိုချည်း အပြစ်တင်မနေနဲ့။ မကောင်းပြောမနေနဲ့။ လူတဦးချင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ကျေအောင်အရင်လုပ်ကြဦးလို့ လူထုကို မကြာခဏ အပြစ်ပုံချတဲ့ စကားမျိုးနဲ့ထူးမခြားနားပဲ။
ထပ်ပြောပါမယ်။ လူတရာ တထောင်လောက် ရဲတပ်ဖွဲ့ကို ပြုပြင်မယ့်စိတ်နဲ့ ဝင်လာမှာလည်း မဟုတ်ဘူး။ ဝင်လာရင်လည်း စစ်အုပ်စုနဲ့ စစ်ဗိုလ်ချုပ်တွေက ရဲတပ်ဖွဲ့ကို ပြုပြေင်ပြောင်းလဲတာလုပ်ဖို့ လက်ခံခွင့်ပြုမှာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲဖို့ကြိုးစားသူတွေကို နည်းအမျိုးမျိုးနဲ့ အန္တရာယ်ပေးလိမ့်မယ်။ ဖိနှိပ်လိမ့်မယ်။ ဖယ်ရှားလိမ့်မယ်။ ရဲတပ်ဖွဲ့ဟာ စစ်ဗျူရိုကရက်ယန္တရားထဲက ဒေါက်တိုင်တခုဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခု။ စစ်ဗျူရိုကရေစီယန္တရားကိုဖယ်ရှားတဲ့အခါ သူ့ကိုပါ ဖယ်ရှားပစ်ရမှာဖြစ်ပြီး တကယ့်ပြည်သူ့အကျိုးသယ်ပိုးတဲ့ ပြည်သူ့ရဲတပ်ဖွဲ့စစ်စစ်ကိုသာ အသစ် ဖွဲ့စည်းရမှာသာ ဖြစ်ပါတယ်။ (တကယ့်အခြေခံသဘောပြောရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ဖာထေးတဲ့နည်းနဲ့လည်း ပြည်သူ့ဒီမိုကရေစီစစ်စစ် ရနိုင်စရာ အကြောင်းမမြင်ပါ။)
လူတိုင်း စစ်ထဲမဝင်မနေရ-လုပ်လာပြီး လူတွေကို စစ်တပ်ထဲဝင်ဖို့တော့ မတောင်းဆိုလောက်ပါဘူးလို့ပဲ မျှော်လင့်ထားပါရစေ။ ။
Hla Win

၅-၄-၂၀၁

0 comments:

Post a Comment