Wednesday, April 17, 2019

(သင်္ကြန်ထမင်းနဲ့လွဲပေမယ့်) မျိုးမြင့်ချို

0 comments
(သင်္ကြန်ထမင်းနဲ့လွဲပေမယ့်)
မိသားစုကိစ္စတခုရှိတာနဲ့အပြင်ထွက်ရပါတယ်။ ကိစ္စကထင်တာထက်ပိုကြာနေတော့ နေ့လည်စာစားချိန်လွန်ပြီး ဗိုက်က ဆာလာပါတယ်။ “တခုခု အဆာပြေလေး အရင်စားရအောင် ပြီးမှ ဘုန်းကြီး ကျောင်းဘက်သွားပြီး သူများတွေ သင်္ကြန်ပျော်နေတာကြည့်ကြစို့၊ ကံကောင်းရင် သင်္ကြန်ထမင်းလေးလည်း မီမှာပဲ“ လို့တိုင်ပင်ရင်း လင်မယားနှစ်ယောက်သား အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ်ဒေသစာတွေရောင်းတဲ့ဆိုင်ဘက် ရောက်သွားပါတယ်။
ဒီဆိုင်လေးကိုရောက်တာ ဒါ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ဆိုင်နံမည်က Halal Eats တဲ့။ ဆိုင်က ခတ်သေးသေးပါ။ အပြင်အဆင်ကလည်း သူလိုကိုယ်လိုပါပဲ။ တခမ်းတနား ဘာမှမရှိပါ။ တပြိုင်တည်း လူ အစိတ်လောက် ထိုင်စားလောက်အောင် ဆန့်တဲ့ဆိုင်လေးပါ။

ချက်တာပြုပ်တာ စားပွဲထိုးတာလည်း အသားညိုညို အာရဗ်ရုပ်ရည်နဲ့ ယောက်ျားလေး ၂ ယောက်တည်းပါ။ အာရဗ်သံခပ်ဝဲဝဲနဲ့ သူတို့ပြောတဲ့အင်္ဂလိပ်စကားလည်း ပီပီသသမို့ အင်္ဂလိပ်စကားပြော လူဖြူ လူမည်း လူညို လူဝါတွေအတွက်လည်း အဆင်ပြေပါတယ်။ ဆိုင်ထိုင်စားသူထက် Drive Through ကနေ အထုပ်ဆွဲစားတဲ့သူ ပိုများပါတယ်။ ဖုန်းအော်ဒါ အွန်လိုင်းအော်ဒါလေးတွေလည်း ကျပုံရပါတယ်။ တက္ကသိုလ်ကောလိပ်တွေနဲ့လည်း မလှမ်းမကမ်းမို့ ကျောင်းသားတွေလည်း လာစားကြဟန်တူပါတယ်။ ဆိုင်ဖွင့်တာ သိတ်မကြာသေးပေးမယ့် သူ့ဟာနဲ့သူတော့ ဖေါက်သည်ရပြီး ဟန်ကျနေပုံပေါ်ပါတယ်။
ဇနီးက ဒီဆိုင်သွားပြီး ဒေါ်လာ ၂ဝ ဖိုးအထက်စားရင် ဆယ်ဒေါ်လာ အခမဲ့ရတဲ့ကူပွန်တခု အွန်လိုင်းကနေ ရထားတာရှိပါတယ်။ သဘောက ၂၅ ဒေါ်လာဖိုးမှာစားရင် ၁၅ ဒေါ်လာပဲ ပေးရမယ်ဆိုတဲ့သဘောပါ။ Tips ကတော့ ကိုယ့်ဟာနဲ့ကိုယ်ချိန်ပြီး ပေးရင်လည်းပေး မပေးလည်းရတဲ့ ဆိုင်လေးမို့ စားသုံးသူတွေအတွက် သိတ်ဝန်တာမကြီးဘူးလို့ ဆိုရမလားမပြောတတ်ပါ။

ဒီတခေါက်တော့ အရင်နဲ့မတူတာတွေ မှာစားရအောင်ကွာဆိုတော့ လုပ်လိုက်လေတဲ့ ဇနီးက။ ဆိုင်ထဲရောက်တော့ ဇနီးက ခရမ်းသီးကို အိနေအောင်ပေါင်း၊ အခွံသင်၊ အစေ့လေးတွေထုတ်ပြီး ညက်နေအောင် စက်နဲ့ချေပြီး မုန်ညှင်းဆီ သံလွင်ဆီနဲ့ ဂျုံအကျက်မှုန့်နဲ့ နယ်ထားတဲ့ဟာ တခွက်မှာပါတယ်။ တို့ဟူးနွေး ပျစ်တာထက် နည်းနည်းပိုပျစ်ပါတယ်။ နံနံပင်လို အရွက်စိမ်းစိမ်းလေးတွေလည်း အုပ်ထားပါတယ်။ ထောပတ်လည်း ပါပုံရပေမယ့် ခရမ်းသီးနံ့ကို ဖုံးလောက်အောင်တော့လည်း မဟုတ်ပါဘူး။ ချာပါတီနဲ့တို့တို့ပြီး ကော်စားရတာပါ။ ကျနော်က ထမင်းကို ဒန်ပေါက်ဆန်ဆန်ချက်ထားတာတပွဲရယ် ကြက်ကလေးကင်တခြမ်း (လေးဆယ်သားကောင်လောက်ရဲ့တခြမ်းစာပါ) မှာပါတယ်။ ထမင်းနဲ့စားဖို့ ချတ်တနီးခွက်လေးတခွက်ရယ် ကြက်ကင်သားပေါ် သုတ်စားဖို့ ဒိန်ချဉ်အပျစ် အချဉ်တခွက်အချိုခွက်ပါ ပါတယ်။ အဲ့ဒီဒိန်ချဉ်လေးတွေကတော့ မုန့်နှစ်ကြိတ်ရည်လောက် ပျစ်ပါတယ်။ ဟင်းမည်တွေရဲ့ နံမည်တွေတော့ မေ့ကုန်ပါပြီ။ သောက်စရာက သလဲသီးဖျော်ရည် တပုလင်းယူပါတယ်။ အားလုံးပေါင်းမှ ၂၂ ဒေါ်လာပဲကျပါတယ်။ ဆယ်ဒေါ်လာ ကူပွန်နဲ့ဆိုတော့ ၁၂ ဒေါ်လာပဲ ကျပါတယ်။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး ချာပါတီကို လက်နဲ့ဖဲ့ဖဲ့ပြီး ခရမ်းသီးချေအနှစ်နဲ့ တို့တို့စားရတာ စိတ်ထဲအတော် စေးစေးပိုင်ပိုင်နဲ့ ပျစ်ပျစ်နှစ်နှစ်ရှိသလို ခံစားရပါတယ်။ ဇွန်းခက်ရင်းတွေ ဓားတွေ သုံးစရာမလိုတော့ ပိုင်ပိုင်နိုင်နိုင်ရှိသလိုပါဘဲ။ ရုပ်ရှင်တွေထဲက အာရဗ်ကြီးတွေစားသလို အားရပါးရကြီးတော့ မဟုတ်ပေမယ့် မြိန်ရည်ရှက်ရည်တော့ ရှိပါတယ်။ ဆားတော့ အတော့်ကိုပေါ့တယ်လို့ ထင်ပါတယ်။ ဆားတောင်းတော့ ဗူးလေးလာပေးတာမို့ အဆင်ပြေပါတယ်။ အဲ့ဒါ စားနေတုန်းမှာပဲ ကျနော်မှာတဲ့ ထမင်းနဲ့ကြက်ကလေးကင် လာချပါတယ်။ ထမင်းမြင်လိုက်တာနဲ့ ဒန်ပေါက်ကို သတိရချင်စရာဖြစ်ပြီး ကြက်ကင်က အနံ့မွှေးပြီး စားချင်စိတ်ချက်ခြင်းဖြစ်ပါတယ်။ ဒါနဲ့ ချပါတီစားလက်စကိုရပ်ပြီး နှစ်ယောက်ကသား ကြက်ကင် စဖဲ့ပါတယ်။

အသားနုနုကို နူးနပ်နေအောင်ကင်ထားတာမို့ ခက်ရင်းနဲ့ထိုးဖဲ့တာနဲ့တင် ရပါတယ်။ ဒါပေမယ့် ကျနော် အားမရပါ။ ဒါနဲ့ ဇနီးကို ခက်ရင်းနဲ့ဖိခိုင်းထားပြီး ကြက်ပေါင်ကို ကျနော့်အတွက်ဖြုတ် ရင်ပုံသားကိုသူ့အတွက် အသားအဆိုင်လိုက် ဖဲ့ထုတ်လိုက်ပါတယ်။ ကြက်အရေပြားက သိတ်ဖေါင်းဖေါင်းကြွကြွ မဟုတ်ပေမယ့် ရဲပြီး ရွနေပါတယ်။ အသားဖဲ့လိုက် ဒိန်ချဉ်ထဲနှစ်လိုက်စားလိုက် ထမင်းကို ချတ်တနီးနဲ့လုံးထွေးပြီး ဝါးလိုက်မျိုလိုက် အာနည်းနည်းခြောက်ရင် သလဲသီးဖျော်ရည်လေး ကျိုက်လိုက်နဲ့ နှစ်ယောက်သား စားလိုက်ကြတာ ကုန်လုမတတ်ဖြစ်သွားပါတယ်။

လက်ကျန်လေးတွေ အိမ်ပြန်ယူသွားဖို့ လုပ်နေတုန်းမှာပဲ ဆိုင်ရှင်လည်းဖြစ် ချက်လည်းချက်ပြုတ် စားပွဲလည်းထိုးတဲ့ချာတိတ်က အနားလာပြီး မွန်မွန်ရည်ရည် ရို့ရို့ကျိုးကျိုးအမူအယာနဲ့ စားကောင်းရဲ့လားခင်ဗျာ ဘာလိုသေးလဲခင်ဗျ၊ ကြက်ကင်က ဒီဒိန်ချဉ်နဲ့သိတ်လိုက်ပါတယ်။ ဒိန်ချဉ်က ကျနော်တို့အိမ်မှာ လုပ်တာပါ။ အပြင်က ဝယ်တာမဟုတ်ပါဘူး။ အလွန်လတ်ဆတ်ပြီး ရိုးရာနည်းနဲ့လုပ်ထားတာခင်ဗျလို့ဆိုတော့ ကျနော်က စားလို့သိတ်ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတော့ စားကောင်းရင် နောက်တခေါက်ကျ လူကြီးမင်းတို့မိတ်ဆွေတွေလည်း ခေါ်လာခဲ့ပါခင်ဗျာလို့ ခေါင်းလေးညွှတ်ပြီးပြောပါတယ်။

သူ့ကြော်ငြာနည်းက အတော်ထိရောက်ပါတယ်။ စားသုံးသူပါးစပ်က တဆင့်စကားတဆင့်နားဟာ အလွန်အရေးကြီးပါတယ်။ ဖို့တ်ဝိန်းလို့ မြို့ပါချီပါချက်ကလေးက ဒေသလွှင့်တီဗီမှာ တမိနစ်ကို ဒေါ်လာ ၃ ရာလောက်အကုန်ခံပြီး ကြော်ငြာတာထက် တာသွားပါတယ်။ ဒီဆိုင်ရှင်လူငယ်လေးဟာ ဒီအထာကို ညက်နေဟန်ပါပဲ။ ဒါပေမယ့် ဘာပဲပြောပြော ကျနော်တို့လည်း သူ့မွန်ရည်မှု ပျူငှာမှုလေးတွေကြောင့် စိတ်ကျေနပ်ရပါတယ်။ နောက်လည်း လာစားပါဦးမယ်ကွာဆိုတော့ ကြိုဆိုပါတယ် ပြန်လာသုံးဆောင်ပါဦးခင်ဗျာတဲ့။ သူပေးတဲ့ဝန်ဆောင်မှုမှာ ဘာမှမပါပေမယ့် စားသုံးသူကျနော်တို့ စိတ်ထဲကြည်နူးစိတ်ကလေး ဖြစ်ပါတယ်။ ဒါနဲ့ Tips ပိုက်ဆံလေး စားပွဲပေါ်တင်ပြီး ထထွက်တော့ လမ်းတွေက စိုစိုစွတ်စွတ်နဲ့ဗျာ အန္တရာယ်ကင်းဘေးကင်းပါစေလို့ ကောင်တာကနေ လှမ်းနှုတ်ပါတယ်။

ကားပေါ်ရောက်တော့ ဗိုက်ကလေး အင့်အင့်၊ အေးကလည်းအေး၊ မိုးကလည်း တဖြောဖြောရွာနေတာနဲ့ မိန်းမရေ ထွက်လာတုန်းကတော့ ဘုန်းကြီးကျောင်းပါသွားဖို့ပဲ ခုတော့ အိမ်ပြန်ကြစို့ဆိုတော့ သူက သဘောပဲလေတဲ့။ အင်း ငါတော့ ဒီဆိုင်လေးကို သဘောကျသကွာ ဈေးကလည်းချို စားနေကျမဟုတ်တဲ့ ဟင်းလျာတွေမြည်းစမ်းခွင့်ရ ကောင်လေးကလည်း မွန်ရည်ဆိုတော့ အဆင်ပြေသား။ နောက်တခေါက်ကျ မင်းအဖေကြီးပါ ခေါ်လာရရင် ဘယ့်နှယ်လဲဆိုတော့ သူက ကောင်းသားပဲတဲ့။

ဒါနဲ့ အဲ့ဆိုင်လည်း ဖေါက်သည်သစ်တယောက်ရသွားပါပကော။ ကျနော်တို့လည်း သင်္ကြန်ထမင်းလွတ်ပါလေရော။
မျိုးမြင့်ချို
ဧပြီ ၁၄၊ ၂ဝ၁၉

0 comments:

Post a Comment