Friday, April 26, 2019

(ပြည်သူပြည်သူချင်းဆက်ဆံရေးတဲ့လား) မျိုးမြင့်ချို

0 comments
(ပြည်သူပြည်သူချင်းဆက်ဆံရေးတဲ့လား)

(ပြည်သူပြည်သူချင်းဆက်ဆံရေးတဲ့လား)


ဗြိတိန်က တရုတ်ရဲ့ ဟွာဝေး 5G ကို အိုကေပြလိုက်တော့ သြစတေးလျ အခက်ပွေပြီး ချီတုံချတုံဖြစ်သွားပါတယ်၊ နိုင်ငံရေးအပေါ် နည်းပညာရဲ့သက်ရောက်မှုလို့ အများပြောနည်းကားပဲပြောရမယ်ထင်တယ်။ တကယ်က နည်းပညာဆိုတာလည်း ပိုက်ဆံပါဘဲ။ ပိုက်ဆံမရှိရင် နည်းပညာလည်းမရှိပါ။ ပိုက်ဆံဟာ သူ့အတိုင်းထားရင် ပိုက်ဆံပဲဖြစ်ပါတယ်။ ပိုက်ဆံကို အရင်းဖြစ်အောင်လုပ်တာဟာ စီးပွားရေးပါ။ လစ်ဘရယ်ဒီမိုကရေစီ တနည်းပြောရရင် အရင်းရှင်နိုင်ငံရေးမှာ ပိုက်ဆံကို အရင်းဖြစ်အောင်လုပ်နိုင်လေလေ စီးပွားဖြစ်လေလေပါ။ စီးပွားဖြစ်လေလေ ပါဝါကြီးလေလေပါ။ အခု တရုတ်က သူ့လက်ထဲက ပိုက်ဆံတွေကို အရင်းဖြစ်သထက်ဖြစ်အောင် လုပ်နေတာပါ။
 
အမေရိကန်ရဲ့ ဆိုဗီယက်ဆန့်ကျင်ရေးအတွက် ပေးခဲ့ရတဲ့အခွင့်အလမ်းတွေကို တရုတ်က ထိထိမိမိအသုံးချရုံမက အကြမ်းဖက်မှုအပေါ်နွှဲတဲ့စစ်ဆိုပြီး အမေရိကန်ကမ္ဘာပတ် စစ်တိုက်နေချိန်မှာ တရုတ်က ကမ္ဘာလှည့်ပြီး စီးပွားရှာနေတာပါ။ ခု အမေရိကန် တရုတ်ကြွေးနွံနစ်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေချိန်မှာ တရုတ်က ထိပ်ဆုံးကစောင့်နေမယ်လို့ မပြောရုံတမယ်နဲ့ OBI လမ်းဖွင့်နေတာပါ။ တကောင်တည်းပြေးမရမှန်းသိလို့ ရုရှနဲ့ရွှေလမ်းငွေလမ်းဖေါက်နေတာပါ။
နည်းပညာ၊ စစ်ရေးအင်အား စတဲ့နယ်ပယ်တွေမှာ ပခုံးချင်းမယှဉ်နိုင်သေးပေလို့ ခုလို ခတ်လျှိုလျှိုလုပ်နေပုံပါ။ အားချင်းတူလာရင် မင်းဘာကောင်လဲ ငါဘာကောင်လဲလုပ်မှာပါ။ အမေရိကန် အလုပ်မခံချင်ဆုံး အလုပ်မခံနိုင်ဆုံးကလည်း အဲ့ဒါပါဘဲ။ ခက်နေတာက အမေရိကန်ဟာ အရင်လို ရော့ဟဲ့ရော့ဟဲ့ မလုပ်နိုင်တော့လို့စားပြီး နားမလည်လုပ်နေတဲ့လူတွေဆိုပြီး သူ့ငယ်မွေးခြံပေါက်နိုင်ငံတွေကို မောင်းမဲနေတာပါ။ မျက်စောင်းတခဲခဲ အံတကြိတ်ကြိတ်ဖြစ်နေတာပါ။
အမေရိကန်ဟာ စူပါ ပါဝါပါ။ စူပါ ပါဝါဆိုတာ အလကားတော့ရခဲ့တာမဟုတ်ပါ။ ငွေကို ရေလို သောက်သောက်လဲသုံးရပါတယ်။ တရုတ်အခြေအနေ (ခုချိန်ထိ)ကြည့်ရတာ စီးပွားရေးစူပါ ပါဝါ ဖြစ်ဖို့ သည်းသည်းမည်းမည်းလုပ်နေပေမယ့် စစ်ရေးစူပါ ပါဝါလုပ်ဖို့အထိတော့ ခြေလှမ်းကျဲတာမတွေ့ရသေးပါ။ ပိုက်ဆံလိုနေသေးလို့လည်း ဖြစ်ပါလိမ့်မယ်။
နိုင်ငံရေး နိုင်ငံရေး ဘယ်လောက်ပြောပြော ပိုက်ဆံမရှိရင် လုပ်မရပါ။ ရတယ်ဆိုရင်လည်း မဖြစ်စလောက်ပါ။ ဓနရှင်နိုင်ငံရေးမှာ ပိုက်ဆံရှိတဲ့လူ သြဇာရှိပါတယ်။ သြဇာထူထောင်ရ လွယ်ပါတယ်။ အပေးအကမ်းရက်ရောတယ် လက်ဖွာတယ်ဆိုတာတွေဟာ အကျိုးစီးပွားနောက်ခံအရ လူမွေး၊ အစိုးရမွေး၊ နိုင်ငံမွေး မွေးယူရတဲ့ ရင်းနှီးမျြပ်နှုံမှုပါ။ လက်ထဲပိုက်ဆံမရှိပဲ နိုင်ငံတွေကို အစိုးရတွေကို မွေးမရပါ။
အခု တရုတ်ကြီး ပိုက်ဆံ တွေကို အရင်းလုပ်နေတာပါ။ လူမွေး၊ အစိုးရမွေး၊ နိုင်ငံမွေးတွေ လုပ်နေတာပါ။ သူက အမေရိကန်ထက် တခုပိုတာက People to People(P to P) လို့ဆိုတဲ့ ပြည်သူပြည်သူတွေချင်းဆက်ဆံရေးကိုပါ ဒစ်ပလိုမေစီထဲ နိုင်ငံခြားရေးပေါ်လစီထဲ ဆွဲသွင်းထားတာပါ။
တရုတ်နဲ့ စီးပွားရေးလုပ်တဲ့နိုင်ငံတွေကိုကြည့်လိုက်ရင် တရုတ်စီမံကိန်းကြီးတွေကို အစိုးရတွေကကြိုက်ပြီး လူထုကမနှစ်မြို့တာပါ။ ခု လက်ပန်းတောင်းတောင်တို့ မြစ်ဆုံတို့ မြို့သစ်တို့စတဲ့ စီမံကိန်းတွေကို နမူနာပြရမှာပါ။ နောက်လည်း လာစရာတွေ တပုံတခေါင်းကြီးရှိပါသေးတယ်။
အရင် နိုင်ငံရေးအစိုးရလက်ထက် ဝန်ကြီးချုပ်ဦးနုက တရုတ်အစိုးရကို ဗကပ ကို အကူအညီအထောက်အခံ မပေးဖို့တောင်းဆိုတော့ တရုတ်ကပြောပါတယ်။ ဝန်ကြီးချုပ်တို့ကို ဆက်ဆံတာက Government to Government (G to G)ဖြစ်ပါတယ်။ ဗကပနဲ့က Party to Party (P to P)ဖြစ်ပါတယ်လို့ ပြန်တုံ့ပြန်တော့ ဦးနု ဆွံ့သွားခဲ့ပါတယ်။ နောက်ပိုင်း (တိန့်ရှောင်ဖိန်လက်ထက်ကစလို့) နိုင်ငံနိုင်ငံခြင်းဆက်ဆံရေး Country to Country (C to C)ဆိုတဲ့သဘောဆောင်တာတွေလည်း သတိထားမိကြမှာပါ။
ဒီဘက်ခေတ် နောက်ပိုင်းကာလတွေကျတော့ ဘယ်နိုင်ငံက ဘာအစိုးရအမျိုးအစားဖြစ်ဖြစ်စီးပွားရေးလုပ်လို့ဖြစ်ရင် ဆက်ဆံတယ်ဆိုတဲ့ပုံစံတွေအထိဖြစ်လာပါတယ်။ ဘယ်လောက် လူထုဆန့်ကျင်ရေးလုပ်နေတဲ့အစိုးရဖြစ်ဖြစ် စီးပွားဘက်ဖြစ်အောင် လုပ်ပါတယ်။ ကျင့်ဝတ်တွေ စည်းမျဉ်းတွေ နိုင်ငံတကာနှုန်းစံတွေ ဘေးချိတ်တာတွေ့ရပါတယ်။
ဒီတော့ အဲ့ဒီနိုင်ငံတွေက ပြည်သူတွေက တရုတ်အစိုးရအပေါ်တင်မက တရုတ်ပြည်သူတွေအပေါ်ပါ အမြင်မကြည်တာတွေ၊ တရုတ် (လူမျိုး)ဆန့်ကျင်ရေးတွေအထိ တက်လာတာကို တရုတ်အစိုးရသိလာပါတယ်။ ဒီတင် People to People ဆက်ဆံရေးကို ဖော်ဆောင်လာတာပါ။ လူအများသည်းခြေကြိုက်မယ်လို့လည်း တွက်ထားပုံပေါ်ပါတယ်။ လောလောဆယ်မှာ ဗမာပြည်သူအများ သည်းခြေကြိုက်မကြိုက် မပြောနိုင်သေးပေမယ့် BRI Second အစည်းအဝေးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်တော့ သည်းခြေခိုက်သွားပုံပေါ်ပါတယ်။ သူ့ မိန့်ခွန်း နားထောင်ကြည့်ပါ။
ကျနော်တို့ဟာ ပြည်သူတွေပါ။ အဖိနှိပ်ခံတွေပါ။ တရုတ်အုပ်ချုပ်ခံလူတန်းစားဟာလည်း ပြည်သူတွေပါ။ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ကျနော်တို့နည်းတူ လိုလားနေကြတာပါ။ တိုင်းပြည်တပြည်မှာ လူအတူတူဖြစ်နေကြရင်ပြည်သူဘဲဆိုတဲ့ ပြည်သူအကဲဖြတ်ချက်နဲ့တော့ ပြည်သူပြည်သူချင်းဆက်ဆံရေးကို မစောကြောမိကြစေလိုပါ။ ပြည်သူပြည်သူချင်းဆက်ဆံရေးဟာကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်ပြည်သူနဲ့ ဘယ်လိုဆက်ဆံကြမလဲကတော့ ဆုံးဖြတ်ကြရမှာပါ။ မဆက်ဆံလိုတော့ မရပါဘူး။
မျိုးမြင့်ချို
ဧပြီ ၂၆၊ ၂ဝ၁၉

0 comments:

Post a Comment