Wednesday, April 17, 2019

(အေးငြိမ်းရာ) မျိုးမြင့်ချို

0 comments
(အေးငြိမ်းရာ)
ဝ ဒေသကို ဘာသာရေးစည်းရုံးရေးသမားတွေ မျက်စေ့အတော်ကျနေကြတယ်။ အဲ့ဒီလူတွေ ခုထက်ပိုရောက်လာပြီး ဝ အမျိုးသားတွေကို ဘာသာကိုးကွယ်သူတွေဖြစ်လာအောင် အပြိုင်အဆိုင် အလုအယက် အာသာငမ်းငမ်းကြိုးစားကြမှာတော့ မုချဘဲ။ ဝ အာဏာပိုင်တွေက ဘာသာရေးသမားတွေကို လာစည်းရုံးခွင့်တော့ပေးထားတယ် ဒါပေမယ့် စည်းရုံးရာမှာ သတ်မှတ်ချက်နဲ့အညီမဖြစ်လို့ဆိုပြီး ခရစ်ယာန်အသင်းတခု အရုပ်သိမ်းခံရသလို အဆောက်အဦးလည်း ဖြိုချလိုက်တာကြားမိတယ်။ သူတို့ နှစ် ၃ဝ ပွဲမှာ အစ္စလာမ်ဘာသာဝင် အချို့ကိုလည်း တွေ့ရတယ်။ ခင်ညွန့်ခေတ်က တောင်တန်းသာသနာပြုလိုလို ဘာလိုလို ဗုဒ္ဓဘာသာမစ်ရှင်တွေလည်း လွှတ်ဖို့၊ လက်ခံဖို့ သိမ်းသွင်းတာတွေ ရှိခဲ့တယ်။

နတ်ကိုးကွယ်မှုနဲ့ဆက်နွယ်ပြီး လူသတ် ခေါင်းဖြတ်ယဇ်ပူဇော်တာတွေ၊ တရွာ့တရွာ တအုပ်စုတအုပ်စစ်တိုက်ပြီး လူဖမ်းကျွန်ပြု နှိပ်စက်ကလူတာတွေကတော့ ကွန်မြူနစ်ပါတီလက်ထက်မှာ ပျောက်သလောက်ဖြစ်ခဲ့တယ်။ အဲ့ဒါတွေဖျက်သိမ်းဖို့ အနုနည်းရော အကြမ်းနည်းပါ သုံးခဲ့ရတယ်။

ခု ဝ ဒေသဟာ သူ့အစိုးရနဲ့ သူ့တပ်နဲ့ သူ့အုပ်ချုပ်မှုနဲ့ သူ့စီးပွားကုန်သွယ်မှုနဲ့ စည်ပင်ဝပြော ငြိမ်းချမ်းနေတာ သိသာတယ်။ ဘာသာရေးသမားတွေက ဒါကိုမြင်ပြီး သွားရည်တမြားမြားဖြစ်နေပုံဘဲ။

လူမျိုးတမျိုး နေရာဒေသတခု ဘယ်လောက် အေးချမ်းတည်ငြိမ်တယ်ပြောပြော သဏ္ဍန်မျိုးစုံနဲ့ ပဋိပက္ခတွေကတော့ နေရာတိုင်းရှိမှာဘဲ။ ဒါပေမယ့် အဓိကပဋိပက္ခက ဘာလဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်သူနဲ့လဲကို ဝ ခေါင်းဆောင်တွေ သေသေချာချာ သိတယ်။ သိတဲ့အလျှောက် မိမိစုစည်းမှုနဲ့အင်အားကို စနစ်တကျပြင်ဆင် တည်ဆောက်ပုံပေါ်ပါတယ်။ လက်အောက်ခံ ပဋိပက္ခတွေလည်းရှိမှာပါဘဲ။

ဘာပဲပြောပြော ဘာသာရေးတွေ မရောက်သေးလေလေ ဘာသာရေးကြောင့်ဖြစ်တဲ့ လောဘဒေါမောဟတွေ နည်းလေလေ၊ ဘာသာရေးကြောင့်ဖြစ်တဲ့အမုန်းတရား အညှိုးအာဃာတ အစွဲအလမ်းကြီးမှု အယူသည်းမှုတွေအခြေခံတဲ့ သွေးချောင်းစီးသတ်ဖြတ်မှု သွေးဆူသွေးဆာမှု လုယက်မှု နိုင်လိုမင်းထက်ပြုမှု အုပ်စုလိုက် ကျူးလွန်တဲ့ရာဇဝတ်မှုကြီးတွေတော့ မရှိဘူး။ ဘာသာရေးမီးတွေ ကူးလေလေ ဒါတွေက ပိုများလေလေဖြစ်လာမှာဘဲ။

တကမ္ဘာလုံးလည်း Hate Speeches and Hate Crimes တွေ သတ်ဖြတ် လုယက်နေကြတာဘဲ။ ဘာသာရေးကို စီးပွားရေးဇာတ်သွင်း (လူတန်းစားကိုယ်စားပြုမှု)လိုက်လေလေ ပိုဆိုးလေလေဘဲ။ အဲ့ဒီအခါ ဘာသာရေးဟာ အကြောင်းပြစရာ အချက်အလက်တခုဖြစ်ပြီး လူတန်းစားတရပ်က အခြားလူတန်းစားတရပ်ကို နိုင်ငံတနိုင်ငံက အခြားနိုင်ငံတခုကို လူတစုက အခြားလူတစုကို သုတ်သင်ရှင်းတဲ့ လုယက်တဲ့စစ်ပွဲကြီးတွေ ဖြစ်လာတော့တာပဲ။ ဒီနေ့ကမ္ဘာမှာဖြစ်နေတာက အဲ့ဒါပဲ။ အဲ့ဒါဟာ ဘာသာရေးစစ် မဟုတ်ဘူး။ လူတန်းစားအခြေခံတဲ့ အကျိုးစီးပွားပဋိပက္ခအကြီးစားပါ။ စစ်ပါ။ အလယ်ခေတ်ဥရောပနဲ့ အခြားဒေသတွေမှာ ဘာသာရေးစစ်တချို့ဖြစ်ခဲ့တာ မှန်ပေမယ့် ဒီနေ့ဖြစ်နေတာက သယံဇာတဓမြတိုက်ပွဲ ဈေးကွက်ဝေစု လုယက်ပွဲတွေပါပဲ။

ပြန်ချုပ်ရရင် ဝ ဒေသမှာ ဘာသာရေး သိတ်မတွင်ကျယ်သေးတော့ ဘာသာရေးကြောင့်ဖြစ်ရတဲ့ ပဋိပက္ခတွေနည်းတယ်။ မရှိသလောက်ပဲ။ ဘာသာမရှိခြင်းရဲ့အေးချမ်းမှု ငြိမ်းချမ်းတည်ကြည်မှု စီးပွားလူနေမှုဖွံ့ဖြိုးတိုးတက်မှုတွေ မြန်မြန်ဆန်ဆန်နဲ့ ဖြစ်ထွန်းနေတယ်။ ဒေသဟာ အေးချမ်းနေတယ်။ ဒီအခြေအနေကို ဝခေါင်းဆောင်တွေနဲ့ ဝ အမျိုးသားတွေ ကြာကြာထိန်းထားနိုင်လေလေ ဝအမျိုးသားတွေရဲ့ဘဝဟာ ကြာကြာအေးချမ်း ငြိမ်းချမ်းလေလေဖြစ်နေမယ်လို့ ယူဆပါတယ်။

သူတို့ဘာသာဘာဝ ပျော်ရွှင်အေးငြိမ်းနေတာလေးကို ဘာသာရေးတွေနဲ့သွားပြီး ဒုက္ခမပေးကြပါနဲ့ မီးမမွှေးကြပါနဲ့ လူညွန့်ခူးမစားကြပါနဲ့။
သူတို့ ကြာကြာ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း စိတ်လက်ချမ်းသာရှိကြပါစေ။
မျိုးမြင့်ချို
ဧပြီ ၁၇၊ ၂ဝ၁၉

0 comments:

Post a Comment