Wednesday, April 17, 2019

(ပြန်ပေါင်းထုတ်ချိန်တန်ပြီလား) မျိုးမြင့်ချို

0 comments

(ပြန်ပေါင်းထုတ်ချိန်တန်ပြီလား)
မြောက်ကိုးရီးယားဟာ သူ့ရည်မှန်းချက်ဖြစ်တဲ့ အနုမြူလက်နက်ပိုင်ရှင်ဖြစ်ရေးဆန္ဒ ပြည့်သွားတာကတကြောင်း၊ အနုမြူလက်နက် ဖျက်သိမ်းရေးဆွေးနွေးမှုတွေအကြောင်းပြုပြီး တောင်ကိုးရီးယားတို့ တရုတ်တို့နဲ့စီးပွားဆက်ဆံရေး အကန့်အသတ်တချို့ ပြည်ထွက်သွားတာကတကြောင်းမို့ ခုဆို စီးပွားရေးဘက် ပြန်လှည့်လာနေတဲ့သဘောတွေ့ရပါတယ်။

ဂျပန်ကုမ္ပဏီတချို့တောင် တိုးတိုးတိတ်တိတ် ဆက်သွယ်နေတယ်လို့ သတင်းတွေထွက်ပါတယ်။ မတူးဖော်ရသေးတဲ့ သတ္တုသိုက်တွေရှိနေတာ၊ Labour Intensive ခေါ်တဲ့ ပညာသိတ်တတ်စရာမလိုတဲ့ လူ့လုပ်အားကဲ လုပ်ငန်းတွေအတွက် လုပ်ခပေါအလုပ်သမားတွေရှိနေတာ၊ အခြေခံလူသုံးကုန်တွေ လိုနေတဲ့ဈေးကွက်ရှိနေတာ၊ အိမ်ခြံမြေလုပ်ငန်းတွေအတွက် အလားအလာကောင်းနေတာ၊ လမ်းပမ်းဆက်သွယ်ရေး သွားရေးလာရေးလွယ်ကူတာတွေအပြင် ဈေးဆိုင်တည်ဖို့ ကုန်သွယ်ဖို့ အခင်းအကျင်းကောင်းတွေရှိနေတာကြောင့် ရုရှ တရုတ် ဂျပန် တောင်ကိုးရီးအပြင် အနောက်ဘက်နဲ့ ဥရောပကကုမ္ပဏီကြီးတွေ မျက့်စေ့ကျနေကြပါတယ်။

အမြော်အမြင်ရှိတဲ့ မြောက်ကိုးရီးယား ခေါင်းဆောင်တွေရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေးအပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တချို့က ဆိုကြပါတယ်။

ကမ္ဘာ့ပုလိပ်ကြီးမလုပ်နိုင်တော့တဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ အရင်ကလို မထိရောက်တော့တာနဲ့ တရုတ်ရဲ့ ဓနအင်အားကြီးထွား လာမှုတွေကြောင့် ပိတ်ဆို့မှုတွေကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းလာနိုင်ခဲ့တာလို့ ဆိုပါတယ်။ ခုလည်း လက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲတွေ၊ တောင်ကိုးရီယားနဲ့ ၂ နိုင်ငံဆက်ဆံရေး ပြန်ထူထောင်ရေးတွေ၊ ၂ နိုင်ငံ ငြိမ်းချမ်းရေးကိစ္စတွေ၊ အစွန်းရောက်အမျိုးသားရေးဝါဒ ပြန်ခေါင်းထောင်လာတဲ့ ဂျပန့် ဘုံအန္တရာယ်ကာကွယ်ရေးတွေ စတဲ့အကြောင်းခြင်းရာတွေကလည်း နစ်နိုင်ငံပြန်ပေါင်းစည်းပြီး ငြိမ်းချမ်းပြီး စည်ပင်ဝပြောတဲ့ကိုးရီးယားကျွန်းဆွယ်ဖြစ်လာဖို့ စေ့ဆော်ချက်တွေဖြစ်နေတယ်လို့ ကျွမ်းကျင်သူတချို့ကဆိုပါတယ်။

ကိုးရီးယားကျွန်းဆွယ်အရေးမှာ ကာယကံရှင် ၂ နိုင်ငံအပြင် တရုတ်နဲ့ ရုရှတို့ရဲ့အခန်းကဏ္ဍက ပိုအရေးပါပြီး ကျောင်းတော်ကရန်စလည်းဖြစ် အတိတ်က အနိုင်ကျင့်သူလည်းဖြစ်ခဲ့ဖူးတဲ့ ဂျပန်ကို ကိုးရီယားကျွန်းဆွယ်အရေးထဲ ထဲထဲဝင်ဝင်ဖြစ်လာအောင် အနောက်အုပ်စုက အတင်းဆွဲသွင်းခဲ့တာကိုလည်း ၂ နိုင်ငံလုံးက အောင့်သီးအောင့်သက်နဲ့လက်ခံခဲ့ရတာလို့ဆိုပါတယ်။

ခု ရှင်ဇိုအာလေဘးလက်ထက်မှာ လက်ယာအစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှုတွေပြန်ခေါင်းထောင်လာတာ၊ တချိန်က ဂျပန့်ဖက်ဆစ်ဟောင်းတွေကို ပြန်ပွဲထုတ်ချီးမြှင့်လာတာ၊ ကိးရီးယားမှာဖွင့်ခဲ့တဲ့ဂျပန်ဘဏ်လုပ်ငန်းရှင်ပုံနဲ့ ဂျပန်ငွေစက္ကူထုတ်ဖို့ လုပ်လာတွေဟာ ကိုးရီးယားတွေအတွက် အန္တရာယ်နံ့ရတဲ့သားကောင်လို ခံစားမှုတွေဖြစ်လာစေပါတယ်။ ခုနပြောတဲ့ ဘဏ်လုပ်ငန်းကို ကိုရီးယားတွေက ကိုးရီးယားကို စီးပွားရေးဗန်ပြပြီး အဦးဆုံးဝင်လာတဲ့ ဂျပန်ဖက်ဆက်အကြီးစားလို့ သတ်မှတ်ထားတာပါ။

တချိန်က တယောက်နဲ့တယောက် အပြန်အလှန်ကြောက်နေခဲ့ကြသူ ၂ ဦးဟာ သူတို့ထက် ပိုကြောက်စရာကောင်းတဲ့သူပေါ်လာရင် မဟာမိတ်ဖြစ်ကြရပါတယ်။ ကိုးရီးယားတွေဟာ ဂျပန်ဖက်ဆစ်ဒဏ်ကို သေလုမြောပါး ခံစားခဲ့ရပါတယ်။ ဂျပန်ဖက်ဆစ်ဟာ တချိန်က ကိုးရီးယားတွေအတွက် အကြောက်ကြီးကြောက်ခဲ့ရတဲ့ ရန်သူကြီးဖြစ်ခဲ့ပါတယ်။ ခု အဲ့ဒီ ရန်သူကြီးပါးစပ်က သွေးညှီနံ့ပြွမ်းတဲ့စကားလုံးတွေ ပြန်ထွက်နေတယ်လို့ သူတို့ခံစားမိနေကြတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေဟာ ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် အခွင့်အလမ်းကောင်းလည်း ဖြစ်နေတယ်လို့ တောင်ကိုးရီးဘက်က ပညာရှင်တွေကဆိုပါတယ်။

ကွဲကွာမိသားစုတွေ ပြန်လည်ပေါင်းစည်းရေးကနေ စီးပွားဘက်ဖြစ်ရေး အဲ့ဒီကမှတဆင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးဆီ ဦးတည်နိုင်ရင် တလုံးတစည်းတည်းဖြစ်သွားတဲ့ ကိုးရီးယားဟာ စစ်ရေး နိုင်ငံရေး စီးပွားရေးမှာ ဒေသရဲ့ Power House ဖြစ်လာနိုင်စရာရှိတယ်လို့လည်း အကဲခတ်တချို့ကဆိုနေပါတယ်။

(ဒါ ခု တလောလေးဖြစ်နေတဲ့ ထရမ့်ပ်-ကင် တတိယအကြိမ်တွေ့ကြဦးမယ် ဆိုတာနဲ့ကပ်ပြီး ထလာတဲ့ဂယက်တွေထဲက ဖတ်မိတာလေးတွေထဲကတချို့ကို ပြန်စုပြတာဖြစ်ပါတယ်။ ပြောရရင် တကယ်က အများကြီးပါ)
မျိုးမြင့်ချို
ဧပြီ ၁၅၊ ၂ဝ၁၉

0 comments:

Post a Comment