Tuesday, April 9, 2019

(စခန်းသွားစရာကျန်ပါသေးသည်) မျိုးမြင့်ချို

0 comments
(စခန်းသွားစရာကျန်ပါသေးသည်) မျိုးမြင့်ချို
တရုတ်အာဏာပိုင်များက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးနှင့် တရုတ်ပြည်အကျိုးစီးပွားကို ဆက်စပ်စဉ်းစားမည် မဟုတ်ပါ။ အစိုးရအမျိုးအစားကို ဂရုတမ မထားပါ။ တက်သည့်အစိုးရနှင့် စီးပွားရှာရေးဖြစ်ပါသည်။ ထို့ကြောင့် မြစ်ဆုံပြန်စရေးဖြစ်ဖြစ်၊ လျှော်ပြီးဖျက်ရေးဖြစ်ဖြစ်၊ တခြားတခုခုနှင့်အစားထိုးရေးဖြစ်ဖြစ် ဖွဲ့စည်းပုံနှင့်ခွာ၍ လုပ်ကိုင်လိမ့်မည်ယူဆပါသည်။ ဖွဲ့စည်းပုံသွားထိလျှင် စစ်အုပ်စုမကြိုက်မှန်း သူတို့ သိပါသည်။
AA အပါ မြောက်ပိုင်းမဟာမိတ်အုပ်စုများနှင့်အပစ်ရပ်ရေးကိစ္စ သို့မဟုတ် Truce စစ်ပြေငြိမ်းထားရေး (ငြိမ်းချမ်းရေးအပြည့်ဟုမဆိုလိုပါ) ကိစ္စကိုမူ ကောက်ကိုင်ထားပြီး ဇယားရွှေ့မည့်အရိပ်အယောင်တွေတင်မက လက်တွေ့ပါ ထဲထဲဝင်ဝင်ပါနေသည်ကိုတွေ့ရပါသည်။ ကရင်နှင့် မွန်ပြည်သစ်ကိစ္စများပါ ကျွဲကူးရေးပါ လုပ်ချင်ပုံပေါ်ပါသည်။

ထိုကိစ္စများအတွက် စစ်တပ်ကိုရှောင်ပြီး ဒေါ်စုနှင့် “တည်“ လုပ်ရန်ရည်ရွယ်မှန်း စစ်အုပ်စုက သိပါသည်။ ထို့ကြောင့် နံမည်ကောင်းယူပြီး ရခိုင်မှအပ ကျန်ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ ၄ လရပ်ပေးလိုက်ပြီး တပြိုင်တည်းတွင် အပစ်ရပ်ရေးငြိမ်းချမ်းရေး အတွက် စစ်တပ်နှင့်သီးသန့်ဆွေးနွေးရန် စစ်ကော်မရှင်ဖွဲ့ချလိုက်ပါသည်။ အပစ်ရပ်ရေးငြိမ်းချမ်းရေးအတွက် စစ်တပ်၏ကဏ္ဍကို ဗြောင်ကျကျ ဝင်ယူပြလိုက်ခြင်းဖြစ်ပါသည်။
NLD လည်း အကြေးလှန်ခံလိုက်ရသလိုဖြစ်ပြီး တရုတ်တို့လည်း အငိုက်မိသွားပါသည်။ ဒေါ်စုပြောပြောနေသည့် တပြည်လုံးအပစ်ရပ်ရေး (တကယ်က ဗိုလ်သိန်းစိန်ချပေးသည့်လမ်းကြောင်း)နှင့် ၂၁ ရာစုပင်လုံလည်း အလိုလို ညှိုးငယ်သွားပါသည်။ တရုပ်တို့အဖို့ တွက်ချေမကိုက်သည့်အပြင် ဟန်ချက်ပါ ပျက်မတတ်ဖြစ်သွားပါသည်။ သို့သော် တရုတ်တို့က စစ်တပ်ကိုလက်လွှတ်လို့မရမှန်းသိပါသည်။ ဒေါ်စုသည် ယာယီဖြစ်ပြီး စစ်တပ်မှာ နဂိုဖြစ်ကြောင်းသိပါသည်။ ထို့ကြောင့် မရမကပြန်ပစားပေးပါလိမ့်မည်။
သူတို့(စစ်အုပ်စုရော တရုတ်ပါ) ဒေါ်စုနှင့်စခန်းသွားစရာတွေ ကျန်ပါသေးသည်။ OBOR ကိစ္စကို ဒေါ်စုလက်ထက်တွင် ပြီးပြီးပြတ်ပြတ်လုပ်ချင်နေမှန်း သိသာပါသည်။ မြစ်ဆုံကိစ္စသည် ဒေါ်စုအတွက် အတော်လေး အနေရအစားရကျပ်သည့်ကိစ္စ ဖြစ်နေပါသည်။ အလူးရအလွန့်ရခက်သည့်အနေအထားဖြစ်ပါသည်။ တရုတ်တို့ကလည်း ဒါကို နောနေအောင်သိပါသည်။

ပိုကြီးသည့် အကျိုးစီးပွားများလည်း ရှေ့တွင်ရှိနေပါသည်။ မြစ်ဆုံကို ရာဂဏန်း(ဒေါ်လာ သန်း ၈ ရာ စူးထားသည့်ငွေ) သဘောထားမည်ဆိုလျှင် ထောင်ချီသည့် အချီကြီးတွေရှိနေပါသည်။ တရုတ်အစိုးရအနေနှင့် ဒေါ်စုကို ဘေးကျပ်နံကျပ်ကြီးမဖြစ်အောင် ဖေးဖေးမမ တွဲလိမ့်မည်ယူဆပါသည်။ ပြစ်ပြစ်ခါခါလုပ်ပစ်စရာအကြောင်း မပေါ်သေးပါ။
ဧပြီနောက်ဆုံးပတ်ခရီးစဉ်ကျမှ တိတိပပသိရမည်ဖြစ်သော်လည်း (ကျနော့်အမြင်တွင်) တရုတ်အာဏာပိုင်တို့ဘက်က ကိုယ့်လူ မနာအောင်ထိန်းကစားပြီး ရာစွန့်ကောင်းစွန့်လိုက်နိုင်ပါသည်။ သို့သော် အလကားတော့မစွန့်လိုက်ပါ အခြားတနေရာမှ တခုခုဖြင့် ပြန်ကဲ့ယူဖို့ စဉ်းစားမည်ဟု တွေးမိပါသည်။
မျိုးမြင့်ချို (ဧပြီ ၇၊ ၂ဝ၁၉)

0 comments:

Post a Comment