Tuesday, April 9, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၂၂)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၂၂)

"ဖက်ဆစ်ဂျာမန်တွေရဲ့အုပ်စိုးမှုလက်အောက် ကျရောက်ခဲ့တဲ့အချိန်ကလောက် ဘယ်တုန်းကမှ ကျုပ်တို့လွတ်လပ်မှုရှိခဲ့ဘူး။ အဲဒီအချိန်ဟာ လွတ်လပ်မှုကို ကျုပ်တို့နားအလည်ဆုံး၊ အခံစားရဆုံးအချိန် ဖြစ်တယ်။ ကျုပ်တို့ဟာ ဂျာမန်တွေရဲ့လက်အောက်မှာ အခွင့်အရေးအားလုံး ဆုံးရှူံးခဲ့ရတယ်။ စကားပြောဆိုပိုင်ခွင့်အခွင့်အရေးက စလို့ပေါ့။ ကျုပ်တို့ပါးစပ်တွေပိတ်ထားပြီး ဘာသံမှထွက်မလာရအောင် နေ့တိုင်း စော်ကားခံခဲ့ရတယ်။ လှည့်စားချက် တခုပြီးတခုအောက်မှာ ကျုပ်တို့အားလုံးဟာ လူရုပ်ပျောက်ခဲ့ရတယ်။ ဒီလိုဖိနှိပ်မှုတွေကြောင့် ကျုပ်တို့လွတ်လပ်ခဲ့တာဖြစ်တယ်။

ဂျာမန်ဖက်ဆစ်တွေကို သွေးသားထဲက ရွံရှာမုန်းတီးတဲ့စိတ်ကြောင့် ကျုပ်တို့ရဲ့ပြတ်သားတဲ့အတွေးအခေါ် ခံယူချက်တွေဟာအောင်မြင်ခဲ့တယ်။ လွတ်မြောက်ခဲ့တယ်။ ကျုပ်တို့ရဲ့လျှာတွေကို သူတို့ကအတင်းအဓမ္မ ထိန်းချုပ်ထားခဲ့တဲ့အတွက် စွမ်းအားရှိတဲ့စကားလုံးတွေ ပေါ်ထွက်လာတာ ဖြစ်တယ်။ ဘက်ပေါင်းစုံခြိမ်းခြောက်ခံခဲ့ရတဲ့အတွက်ကြောင့်လည်း ကျုပ်တို့အားလုံးဟာ ဂျာမန်ဆန့်ကျင်ရေး အရေးတော်ပုံကြီးမှာ ခြေစုံပစ် ပါဝင်ခဲ့ကြတာဖြစ်တယ်။ 'ဂျာမန်ဖက်ဆစ်တွေရဲ့အောက်မှာ လူဟာသေမျိုးဖြစ်တယ်' ဆိုတဲ့အဖြစ်ကို အချိန်တိုင်းပြည့်ပြည့်ဝဝ တွေ့ကြုံ နားလည်ခဲ့ကြတယ်။ သေခြင်းတရားနဲ့ အမြဲတမ်း မျက်နှာချင်းဆိုင်ခဲ့ရတဲ့အတွက်ကြောင့် ကျုပ်တို့ရဲ့ရွေးချယ်မှုတွေဟာ ပြတ်သားပြီး စစ်မှန်တဲ့ဘဝကို တည်ဆောက်နိုင်ခဲ့ကြတယ်လို့လည်း ဆိုနိုင်တယ်။

'ကျုပ်တို့ရဲ့ဘဝဟာ သေတာကမှ ပိုကောင်းသေးတယ်'ဆိုတဲ့အဖြစ်ကြောင့်လည်း ပိုပြီးစစ်မှန်လာခဲ့တယ်။ ဒီနေရာမှာ ကျွန်တော်ရည်ညွှန်း တာဟာ ဂျာမန်ဆန့်ကျင်ရေးတိုက်ပွဲမှာ လက်နက်စွဲကိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ခဲ့သူတွေကိုသာ မဟုတ်ဘူး၊ ဂျာမန်ဖက်ဆစ် တွေရဲ့လက်အောက်မှာ လေးနှစ်တာ (၁၉၄ဝ-­၄၄)ကာလအတွင်း အချိန်တိုင်း ဂျာမန်ဖက်ဆစ်တွေကို(No)လို့ ငြင်းဆိုကြတဲ့ ကျုပ်တို့ ပြင်သစ်လူမျိုးအားလုံးကိုညွှန်းဆိုတာဖြစ်တယ်"ဟူ၍ သူ၏ 'အသံတိတ်နိုင်ငံတော်'တွင် ငြင်းပယ်ဆန့်ကျင်ခြင်းစွမ်းအားသတ္တိ၏လွတ်လပ်မှုကို ယန်းပေါဆာ့တ်က ဖွင့်ဆိုပြပေးခဲ့သည်။ အမှန်စင်စစ် လွတ်လပ်မှုဟူသည် တောင်းခံအပ်၍ ရရှိလာသောအရာမဟုတ်။ လွတ်လပ်မှုကို ဒါကို..ဟိုးအဝေးကြီးမှာ ကျွန်တော် သွားရှာခဲ့တယ်။ တကယ်တော့ ဒါဟာ ကျွန်တော်နဲ့ သိပ်ကိုနီးကပ်လွန်းတဲ့အတွက် ထိလို့တောင် မရနိုင်ဘူး။ ဟုတ်တယ်၊ လွတ်လပ်မှုဟာ ကျွန်တော် ထိလို့မရလောက်အောင်ကို ကျွန်တော်နဲ့နီးကပ်လွန်းပါတယ်။ တကယ်တော့ လွတ်လပ်မှုဆိုတာ ကျွန်တော်ကိုယ်တိုင်ပါဘဲ။ မိမိပါဘဲ။ ကျွန်တော်ဟာ ကျွန်တောရဲ့လွတ်လပ်မှုဖြစ်တယ်။
(ရောင်ပြန် ဟပ်ချက်များ)
'ဖြစ်တည်မှု ဝါဒအကြောင်း' ဘာမျှ မယ်မယ်ရရ နားမလည်သော်လည်း ထိုဝါဒကို ယန်းပေါဆာ့တ်အမည်နှင့် ယှဉ်တွဲ၍သိကြပေသည်။ ဆာ့တ်သည် ခေတ်သစ် ပြင်သစ်အသိပညာ၏ ကိုယ်စားပြုဖော်ဆောင်ချက်ဖြစ်သည်။ သူ့ကို ဆည်းကပ်ကိုးကွယ်သူများရှိသကဲ့သို့ ပြစ်တင ရှူတ်ချကြသများလည်းမရှားပေ။ အင်္ဂလိပ်တက္ကသိုလ်ဒဿနပညာရှင်တို့က သူ့ကိုဒဿနပညာရှင်အဖြစ် မသတ်မှတ်ကြ။ စာပေ ရေးရာပညာ သည်အနေဖြင့်သာ နေရာပေးကြသည်။ သို့သော် ပြင်သစ်တွင်မူ သူသည် နိုင်ငံ့ဂုဏ်ဆောင် ဒဿနပညာရှင်ဖြစ်ပေသည်။ ဆာ့တ်ကို ဝေဖန်၍ ရနိုင်ပါသည်။ သို့သော် မသိကျိုးကျင်ပြုလျှစ်လျှူရှူ၍မူ မရနိုင်ပါ။

ယန်းပေါဆာ့တ်ကိုနားလည်ခြင်းသည် မျက်မှောက်ခေတ်၏အရေးပါသောအကြောင်းခြင်းရာကိစ္စအထွေထွေကို နားလည်ခြင်းမည်ပေသည်။ ဒဿနပညာရှင် အဖြစ်၊ နိုင်ငံရေးသမား အဖြစ်၊ စာရေးဆရာအဖြစ် ဆာ့တ်သည် မျက်မှောက်ခေတ်ကို စစ်စစ်မှန်မှန်ကိုယ်စားပြုသူဖြစ်၏။ သသူ့တွင်ခေတ်၏ဟန်ရှိနေပေသည်။

ဖရူဒ်(ဖရွိုဒ်)၏ဘဝနှင့် လုပ်ဆောင်ချက်တခုလုံးတွင်အဓိကအခြင်းအရာအမှာ မသိစိတ် ဖြစ်၏။ အိုင်းစတိုင်းတွင် ရီလေတီဗီသီအိုရီဖြစ်၏။ လီနင်တွင် ဆိုရှယ်လစ်တော်လှန်ရေးဖြစ်၏။ ယန်းပေါဆာ့တ်၏ ဘဝတခုလုံးနှင့် လုပ်ဆောင်ချက်တရပ်လုံးသည် လူသား၏လွတ်လပ်မှု အပေါ်တွင်ပစ်မှတ်ထား၍ စုစည်း ခဲ့ပေသည်။

၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အသက် ၉ နှစ်သားမျှသာရှိသေးသော ယန်းပေါဆာ့တ်သည် စစ်၏အနိဌာရုံကို သေသေချာချာ ဂဃနဏ သဘောမပေါက်ခဲ့။ သို့သော် ဒုတယိကမ္ဘာစစ် (၁၉၃၉­၄၅) ဖြစ်လာသော အခါ စစ်အကြောင်းကို ဘဝနှင့်ရင်း၍ ကိုယ်တိုင် ဌိတိသဘောပေါက်နားလည် ခဲ့လေသည်။ ဆာတ့်ကိုယ်တိုင် ဂျာမန်စစ်သုံ့ပန်းဖြစ်လာခဲ့ပြီး စစ်၏သားကောင်ဖြစ်ရလေသည်။

စစ်ဟူသည် နှစ်ပေါင်းများစွာ လူသားတို့တည်ဆောက်ထူထောင်ခဲ့ရသော လူ့ယဉ်ကျေးမှုတရပ်လုံးကို တခဏအတွင်း ဖျက်ဆီးပစ်နိုင်ပါလား၊ အစဉ်အလာ ကတိကဝတ်များ၊ တန်ဖိုးများ၊ မြင့်မြတ်မှုဆိုသည်များသည် စစ်နှင့်အတူရေစုန်မျောသွားကြသည်။ လူတွေ သေလိုက်ကြသည် မှာလည်း နေ့မြင်ညပျောက် သောက်သောက်လဲ ဖြစ်ခဲ့သည်။ လူ့ဘဝ၏ သစ္စာတရား လူ့ဘဝ၏အဓိပ္ပါယ်ဘယ်မှာလဲ၊ ဘာမှ မရှိကြပါလား။
ဂျာမန်နာဇီတို့၏ ဖက်ဆစ်ခြေဖနောင့်အောက်တွင် ပြင်သစ်ပြည်သူတို့ သက်ဆင်းကျရောက်ခဲ့ရ၏။ ဟစ်တလာ၏ ကျူးကျော်စစ်သည် တတိယမြောက် ပြင်သစ်သမ္မတနိုင်ငံတော်၏တန်ဖိုးမှန်သမျှကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ ပြင်သစ်တို့၏ လူ့ဘဝအခြေအနေ အားလုံး တို့သည် အစွန်းသို့ရောက်ခဲ့၏ ။

ဂျာမန်ဖက်ဆစ်တို့၏ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတို့သည် ပြင်သစ်တမျိုးသားလုံးအတွက် ကြီးမားလှသော သေရေးရှင်ရေး အကြပ်အတည်းဖြစ်ပေသည်။ ယင်းအကြပ်အတည်းများအောက်တွင် ပြင်သစ်တို့သည် မိမိတို့၏စစ်မှန်သောလူ့ဘဝကို မနစ်မွန်းစေရန်နှင့် လူပီသသောပြင်သစ်မှန်သမျှ ဆိုးရွားသောအဖြစ်အပျက် အခြေအနေအားလုံးကို No ဟု ငြင်းဆန်ကြလော့ဟု ဆာ့တ်က နှိုးဆော်လိုက်သည်။ လူ့ဘဝ ဖြစ်တည်မှုနှင့်တန်ဖိုးများကို ပြန်လည်သတ်မှတ်ရန် ကြိုးပန်းသည့်အနေဖြင့် ပြဇာတ်၊ ဝတ္ထု၊ စာတမ်းများ ရေးသား ခဲ့ပေသည်။ သို့ဖြစ်၍ ဖြစ်တည်မှုဝါဒသည် ပြင်သစ်တို့ဆင်နွှဲခဲ့သော ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲ၏စာပေနှင့်ဒဿနဖြစ်သည်ဟု ယူဆနိုင်ပေသည်။

ပြီးခဲ့သည့်ကမ္ဘာစစ်ကြီးတွင် ပြင်သစ်သည်စစ်ရှူံး၍ ဂျာမန်တို့လက်အောက် ရောက်ခဲ့ရသည်။ ပြင်သစ်မျိုးချစ်များသည် ဂျာမန်တို့ လက်အောက် မှ သူတို့နိုင်ငံလွတ်မြောက်ရန် မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများဖွဲ့စည်း၍ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ကြသည်။ ဤသို့ ခက်ခဲသော လှုပ်ရှားမှု အောင်မြင်ထမြောက်စေရန် လုပ်ငန်း လမ်းညွှန်ဒဿနတရပ် လိုအပ်ပေသည်။ ယင်း ဒဿနသည် အတွေးအခေါ် ခံယူချက်တရပ် ဖြစ်ရုံမျှသာမကဘဲ သူတို့ရင်ဆိုင်နေရသော ထူးခြားသည့်အခြေအနေနှင့် အံဝင်ခွင်ကျဖြစ်ရန်လည်း လိုအပ်ပေသည်။ ယင်း လိုအပ်ချက်ကို ဖြစ်တည်မှုဝါဒက ကောင်းစွာဖြည့်ဆည်းပေးခဲ့သည်။

ယန်းပေါဆာ့တ်၏အမြင်အရ အစစ်အမှန်တရားဟူသည် လုံးဝ ပုဂ္ဂလဓိဌာန်သဘောဆောင်ပေသည်။ ပူပန်သောကရောက်ရခြင်း၊ အဓိပ္ပါယ် ကင်းမဲ့ခြင်း၊ ရွံရှာစက်ဆုပ်ခြင်း၊(ဂျာမန်လက်အောက်မှ ပြင်သစ်တို့၏ခံစားမှုအတွေ့အကြုံ) ခံစားချက်တို့သည် ယင်းပုဂ္ဂလအစစ်အမှန်တရား၏ ဖော်ဆောင်ချက်ဖြစ်၏။ ထို့ပြင်အစစ်အမှန်တရားသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်နှိုင်ခြင်းနှင့်လည်း ယှဉ်တွဲနေပေသည်။ ယင်း ဆုံးဖြတ် နိုင်ခြင်းကြောင့် လူသားတိုင်းတွင် ဖြစ်ပေါ်လာသမျှအားလုံးအတွက် တာဝန်ရှိသည်။ တာဝန်ယူရမည်။ (ဂျာမန်တို့၏အောက် ရောက်ရခြင်း၊ ယင်းမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်းတို့သည် ပြင်သစ်လူမျိုးတိုင်း ရယူရမည့်တာဝန်ဖြစ်သည်)

ထိုစဉ်က ပြင်သစ်တို့သည် စစ်ရှူံးသွားသဖြင့် စိတ်ဓာတ်ပျက်ပြား ကစဥ့်ကလျား ဖြစ်ခဲ့ကြသည် တော်လှန်ရေးသမား အချင်းချင်းမှာလည်း စိတ်ဓာတ်ရေးရာစုစည်းမှု လျော့နည်းခဲ့သည်။ မိမိတို့နိုင်ငံ စစ်ရှူံးသွားသော်လည်း မိမိတို့နှင့်မဆိုင်သလို နေနိုင်ကြသူများ၊ နာရကောင်းမှန်း မသိကြသများရှိခဲ့ပေသည်။ ဖြစ်ပေါ်လာသမျှအားလုံးအတွက် မိမိတို့အားလုံး တဦးစီ၊ တယောက်စီအပေါ်တွင်တာဝန်ရှိကြောင်း သတိ မမူခဲ့ကြ။ ဤသို့သောအခြေအနေများနှင့် ဖြစ်တည်မှုဝါဒသည် အံဝင်ခွင်ကျဖြစ်ခဲ့ပေသည်။

0 comments:

Post a Comment