Sunday, April 14, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၂၄) (နောက်ဆုံးအပိုင်းပါခင်ဗျား)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၂၄) (နောက်ဆုံးအပိုင်းပါခင်ဗျား)
ကျွန်တောအ့နေနဲ့ ကနေ့ ဒီနေရာမှာ ပြောဖို့ရည်ရွယ်ထားတာကတော့ ဖြစ်တည်မှုဝါဒကို အမျိုးမျိုးစွပ်စွဲပြီး ပြစ်တင်ရှူတ်ချထားကြတာ တွေကို ဖြစ်တည်မှုဝါဒဘက်ကနေပြီး ပြန်လည်ချေပဖို့ဖြစ်တယ်။
ပထမဆုံးကတော့ ဖြစ်တည်မှုဝါဒဆိုတာ လူတွေကို တွေဝေမိန်းမောစေတဲ့ အဖြေမရှိတဲ့အယူအဆထွက်ပေါက်မဲ့ဝါဒဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တယ်။ ဖြစ်တည်မှုဝါဒအမှာ ဘာအဖြေ၊ ဘာထွက်ပေါက်မှ ပြမထားဘူး။ ဒီလောကမှာ လူသားတွေ ပြုမူလုပ်ဆောင်သမျှ အားလုံးဟာ ဘာမှအကျိုးသက်ရောက်မှုမရှိတဲ့ အချည်းနှီးကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဖြစ်တည်မှုဝါဒဟာ ဘာအဓိပ္ပါယ်မှမရှိတဲ့ စိတ်ကူးယဉ် ဒဿနတမျိုးသာဖြစ်တယ်။ စိတ်ကူးယဉ်တယ်ဆိုတာ ဇိမ်ခံတာတမျိုးဖြစ်တဲ့အတွက် ဖြစ်တည်မှုဒဿနဟာ ဘူဇွာဒဿနတရပ်သာ ဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ ဒီလိုစွပ်စွဲကြတာမျိုးကို ကွန်မြူနစ်တွေပြောဆိုလေ့ရှိတယ်။

အခြား တဘက်ကလည်း ဖြစ်တည်မှုဝါဒဆိုတာ လူသားကိုရှူံ့ချတဲ့ဝါဒ ဖြစ်တယ်။ လူ့သဘောလက္ခဏာကို အကောင်းတကွက်မှမမြင်တဲ့ ဝါဒ ဖြစ်တယ်။ လူသားရဲ့ ထွန်းလင်းလှပပြီး နှစ်လိုဖွယ်ကောင်းတဲ့အခြမ်းဘက်ကို လုံးဝ လျှစ်လျှူရှူထားပြီး မည်းမှောင်ဆိုးညစ် မနှစ်လိုဖွယ်ရာ အခြမ်းဘက်ကို မီးမောင်းထိုးပြတဲ့ဒဿန ဖြစ်တယ်လို့ဆိုကြပါတယ်။ ဥပမာအားဖြင့် ကက်သလစ် ဝေဖန်ရေးသမား မာစီယား က ကျွန်တော်တို့ ဖြစ်တည်မှုဝါဒီတွေဟာ ကလေးငယ်လေးတွေရဲ့အပြုံးကိုတောင် မြင်နိုင်၊ ခံစားနိုင်၊ လက်ခံနိုင်ကြသူတွေမဟုတ်ဘူးလို့ ဆိုပါတယ်။ နောက် ဘက် ၂ ဘက်စလုံးက ကျွန်တော်တို့ကို သဘောရှူမြင်ထားတာ ရှိပါသေးတယ။် ဒါကတော့ ကျွန်တော်တို့ ဖြစ်တည်မှု ဝါဒီတွေဟာ လူသားတွေရဲ့ အဖွဲ့အစည်းအသင်းအပင်းနဲ့နေထိုင်မှုကို မျက်ကွယ်ပြုထားကြတယ်။ လူကို လူ့အဖွဲ့အစည်းကနေ သီးခြား ခွဲထုတ်ပြီး အထီးကျန်အဖြစ်နဲ့စဉ်းစားကြတယ်လို့ စွပ်စွဲကြပါတယ်။

ဒီလို စွပ်စွဲပုတ်ခတ်ထားတာတွေကို ကျွန်တော်က ဒီနေ့ ကြိုးစားပြီး တုံ့ပြန်ဖြေရှင်းသွားမှာ ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော့ရဲ့ဟောပြော ချက်ကို 'ဖြစ်တည်မှုဝါဒနဲ့လူသားဝါဒ' လို့ အမည် ပေးထားပါတယ်။

ဖြစ်တည်မှုဝါဒဟာ လူသားဝါဒတမျိုးဖြစ်တယ်လို့ဆိုတာနဲ့စပ်လျှဉ်းပြီး ကျွန်တော် အမေးအမြန်းခံရတာ ရှိပါတယ်။  လူတချို့ကပြောကြတယ်။ 'အော်ဂလီဝတ္ထုအမှာတုန်းက လူသားဝါဒီတွေဟာ လမ်းမှားလိုက်ကြသူတွေဖြစ်တယ်လို့ ခင်ဗျားပြောခဲ့ဖူးတယ်၊ ဒါ့ပြင် လူသားဝါဒ တမျိုးတည်း ကိုလည်း ခင်ဗျား ပျက်ရယ်ပြုခဲ့တယ်။ ခုမှ ဘာဖြစ်လို့ လူသားဝါဒဆီ ပြန်ပြီးသွားချင်နေတာလဲ' လို့ဆိုကြပါတယ်။

တကယ်တော့ လူသားဆိုတဲ့ဝေါဟာရမှာ အလွန်ခြားနားတဲ့ အဓိပ္ပါယ်နှစ်မျိုးနှစ်စားရှိပါတယ်။ တမျိုးကတော့ လူသားကိုရည်မှန်းချက်အဖြစ် ခခံယူပြီး လူသားသည် အမြင့်မြတ်ဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်သည်ဟု လက်ခံတဲ့အယူအဆ ဖြစ်ပါတယ်။ 'လူသည် ကြီးကျယ်ခမ်းနားလှပါ တကား'လို့ ကြွေးကြော်နိုင်တဲ့အဓိပ္ပါယ်မျိုးဖြစ်တယ်။ ကျွန်တော်ဟာ လေယာဉ်ပျံ မတည်ဆောက်တတ်ဘူး။ ဒါပေမဲ့ လေယာဉ်ပျံတည်ဆောက် တတ်တဲ့ လူသားတွေရဲ့လုပ်ရပ်ကို လူသားတဦး အနေနဲ့ဂုဏ်ယူဝံ့ကြွားနိုင်တယ်။ လူသားတချို့ရဲ့ ထူးခြားထင်ရှားတဲ့လုပ်ရပ်တွေကို အကြောင်း ပြုပြီး လူသားကို တန်ဖိုးထား ဂုဏ်ပြုကြတယ်။ လူသာ ပဓနဖြစ်ကြောင်း၊ လူသာ တန်ဖိုးအရှိဆုံး ဖြစ်ကြောင်းဆိုကြတယ်။ ဒီလိုလူသားဝါဒ မျိုးကတော့ ဘာမှအဓိပ္ပါယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခွေးတွေ၊ မြင်းတွေတောင် ကျွန်တော်တို့လို နေရာမှာရှိရင် ကျွန်တော်တို့လိုဘဲ ဂုဏ်ယူတတ်၊ ဂုဏ်ပြုတတ်ကြမှာကြောင့် ဖြစ်တယ်။

ဖြစ်တည်မှုဝါဒကတော့ လူသားကို ဘယ်တော့မှ ရည်မှန်းချက်ပန်းတိုင် အနေနဲ့မစဉ်းစားဘူး။ ဘာေ့ကြာင်လဲ့ဆိုတော့ လူဆိုတာအမြဲတမ်း မိမိကိုယ်မိမိ တည်ဆောက်ပုံဖော်နေကြတဲ့အတွက်ဖြစ်တယ်။ လူသားမျိုးနွယ်ကိုကိုးကွယ်ခြင်းဟာ ဖက်ဆစ်ဝါဒရဲ့ လူသားဝါဒကို အမြင် ကျဉ်းမြောင်းတဲ့လူသားဝါဒအဖြစ် အဆုံးသတ်သွားစေမှာဖြစ်တယ်။ ဒီလို လူသားဝါဒမျိုးနဲ့ ဖြစ်တည်မှုဝါဒဟာ လုံးဝမသက်ဆိုင်ဘူး။

လူသားဝါဒရဲ့ နောက်အဓိပ္ပါယ်တမျိုးရှိသေးတယ်။ ဒါကို အခြေခံအားဖြင့်ဖွင့်ဆိုရရင် လူဟာအမြဲတမ်း မိမိကိုယ်မိမိ ကျော်လွန်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ လူသားဟာ မိမိကိုယ်မိမိကျော်လွန်ပြီး မိမိရဲ့လက်ရှိအဖြစ် အခြေအနေကိုကျော်လွန်ပြီး စီမံချက် ချမှတ်ဆောင်ရွက်သူ ဖြစ်တယ်။ ဒီလိုဆောင်ရွက်ပြီး မိမိဖြစ်တည်မှုကို မိမိဘာသာတည်ဆောက်ယူတာဖြစ်တယ်။ မြင့်မြတ်ထူးခြားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ကြိုးပမ်း အကောင်ထည်ဖော်ခြင်းအားဖြင့် မိမိရဲ့ဖြစ်တည်မှုကို တည်ဆောက်နိုင်သူဖြစ်တယ်။ လူဟာ မိမိကိုယ်ကိုမိမိ မြင့်မြတ်ထူးခြား စေနိုင်သူဖြစ်တယ်။ ဤ မြင့်မြတ်ထူးခြားမှုနဲ့ဆက်နွယ်ပြီး အရာဝတ္ထု အဖြစ်အပျက်တွေရဲ့အနက်အဓိပ္ပါယ်တွေကို ဖော်ဆောင်ပေးနိုင်တယ်။ ဒါကြောင့်မို့ လူဟာ သူကိုယ်တိုင် သူ့မြင့်မြတ်ထူးခြားမှုရဲ့အသည်းနှလုံး ဗဟိုချက်မဖြစ်တယ်။

လူသားရဲ့ပုဂ္ဂလဓိဌာန်ကျမှုစကြာဝဠာကလွဲပြီး ဘာမှ မရှိဘူး။ ဒီလို ပုဂ္ဂလဓိဌာန်သဘောအားဖြင့်ဖြစ်တည်နေတဲ့ လူ့ရဲ့ ထူးခြားမြင့်မြတ်မှုကို ဖွင့်ဆိုတဲ့လူသားဝါဒကိုသာ ဖြစ်တည်မှုဝါဒက လက်ခံထားတယ်။

ဖြစ်တည်မှုဝါဒဟာ လူသားဝါဒဖြစ်တယ်။ ဘာေ့ကြာင့်လဲဆိုတော့ ပုဂ္ဂလလူသားဟာ မိမိအတွက်ဥပဒေကို မိမိဘာသာ ချမှတ်သူဖြစ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ မိမိကလွဲပြီး ဥပဒေချမှတ်ပြဌာန်းသူ ဘယ်သူမှ မရှိတဲ့အတွက်ဖြစ်တယ်။ လူဟာ မိမိအတွက် မိမိကိုယ်တိုင် အဆုံး အဖြတ်ပေးသူဖြစ်တယ်။ စစ်မှန်တဲ့ လူသားအဖြစ် မိမိကိုယ်ကိုမိမိ ဖော်ဆောင်ဝင်စားနိုင်သူဖြစ်တယ်။ လူဟာ မိမိကိုယ်မိမိ ကယ်တင်နိုင်သူ ဖြစ်တယ်။ မိမိဘဝကို ကယ်တင်နိုင်သူဟာ မိမိကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူးဆိုတာ လူတွေ နားလည်သင့်တယ်။
ဒီိ သဘောတွေကြောင့် ဖြစ်တည်မှုဝါဒဟာ အဆိုးမြင်ဝါဒ မဟုတ်ဘူး။  အကောင်းမြင်ဝါဒသာ ဖြစ်တယ်။ လူတွေကို စိတ်အားငယ်စေတဲ့ဝါဒ မဟုတ်ဘူး။ လူသားရဲ့ ပြုမူဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်အယူဝါဒသာ ဖြစ်တယ်။

နောက်ဆက်တွဲတွေးခေါ်ရှင်များ
(၁) Berson, Henry (ဘာဆွန်၊ ဟင်နရီ) (၁၈၅၉­၁၉၄၁) စာပေနိုဘယ်ဆုရပြင်သစ်တွေးခေါ်ရှင် ဖြစ်သည်။ သူ၏စွမ်းအားဝါဒ(Vitalism) သည် မျက်မှောက်ခေတ်ဒဿနသမိုင်းတွင် ထင်ရှားသည်။ လူသား၏ ဤ သိစိတ်အပါအဝင်ဖြစ်သော သဘာဝလောကနှင့်သဘာဝ လောကတို့၏အခြေခံဘဝစွမ်းအား (Life force/ Elan Vitl) ဖြစ်သည်ဟု ဘာဆွန်က ခံယူသည်။ သူ၏ Creative Erolution (၁၉၁၁) စာအုပ်သည် ထင်ရှား၏။ ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီး မာစယ်ပရိုးစ်အပေါ်တွင် သူ့အတွေးအခေါ်သည် များစွာ သြဇာပြုလွှမ်းမိုး ခဲ့သ ည်။
(၂) Camus, Albert (ကမျူး၊ အဲလ်ဘတ်) (၁၉ဝ၃­၆ဝ)
စာပေနိုဘယ် ဆုရ ပြင်သစ်တွေးခေါ်ရှင် ဖြစ်သည်။ သူ၏ ရှေးဦးပိုင်း အယူအဆများသည် နတ္တိဝါဒ (Nihilism) ဘက်သို့ ယိမ်းယိုင် ခဲ့၏။ ထို့ကြောင့် သူ့ကို ဖြစ်တည်မှုဝါဒီ မဟုတ်ကြောင်း ဝေဖန်ကြသည်။ သူကိုယ်တိုင်ကလည်း ယန်းပေါဆာ့တ်တို့၏ ဖြစ်တည်မှုဝါဒနှင့်သူသည် မသက်ဆိုင်ကြောင်း တရားဝင်ပြောခဲ့သည်။ ဒဿနတရပ်ကို ဝတ္ထုပုံသဏ္ဍန်ဖြင့် အနုပညာမြောက်စွာဖန်တီးရာ၌ စံထားအပ်သူဖြစ်၏။ ဒဿန စာပေနှင့်ပတ်သက်၍ သူ၏ The Myth of Sisyphus နှင့်The Rebel တို့သည် ထင်ရှား၏။
(၃) Descartes, Rene ဒေးကား၊ ရီနီ (၁၅၆၉­၁၆၅ဝ)
မော်ဒန် အနောက်တိုင်းဒဿန၏ ဖခင်ကြီးအဖြစ် သတ်မှတ်ခြင်းခံရသူ ပြင်သစ်တွေးခေါ်ရှင် ဖြစ်သည်။ သူသည် ကဲကုလသင်္ချာကို ဖော်ထုတ် ပေးခဲ့သော သင်္ချာပညာရှင်ဖြစ်သည်။ သင်္ချာနည်းကို ဒဿနပညာတွင်သုံး၍ သူ၏ ဆင်ခြင်မြင်အဓိကဝါဒ (Rationalism) ဒဿန စနစ် တရပ်ကို တည်ဆောက်ခဲ့သူဖြစ်သည်။ သူ၏ အယူအဆသည် မော်ဒန်ဒဿန၏ အဓိကလမ်းကြောင်းကြီးတရပ် ဖြစ်ခဲ့သည်။ သူ၏ Discourse on Method (၁၆၃၇)နှင့်Meditation (၁၆၄ဝ) တို့သည် မော်ဒန်ဒဿနတွင် မှတ်တိုင်ဖြစ်ခဲ့သော ဒဿနစာပေများ ဖြစ်ခဲ့၏။
(၄) Einsetein, Albert အိုင်းစတိုင်း အဲလ်ဘတ် (၁၈၇၉­၁၉၅၅)
ကမ္ဘာကျော် ဂျာမန်­ဂျူး ရူပဗေဒပညာရှင် ဖြစ်သည်။ မျက်မှောက်ခေတ် သိပ္ပံဒဿန ပညာရှင်ကြီးတဦးလည်းဖြစ်သည်။ ရှေးအစဉ်အလာလက်ခံခဲ့သည့် Absolute Time and Space အယူအဆကို ဆန့်ကျင်ပယ်ဖျက်ခဲ့သည့် သူ၏ နှိုင်းရဓမ္မသီအိုရီ (Relativity Theory) သည် နှစ်ဆယ်ရာစု တွေးခေါ်ပညာရှင်များအပေါ် များစွာလွှမ်းမိုးခဲ့သည်။
(၅) Hegel, George Willheim Friedrich ဟေဂယ်၊ ဂျော့ဝီဟမ် ဖရက်ဒရစ်ခ်ျ (၁၇၇ဝ­ ၁၈၃ဝ) မော်ဒန်အနောက်တိုင်းဒဿန၏ အထွဋ်အထိပ်တွင်ရှိခဲ့သော ဂျာမန်နာမ်ဝါဒီ တွေးခေါ်ရှင်ကြီးဖြစ်၏။ သူ၏ အနန္တဝိဉာဉ်ဝါဒ (Absolute Idealism) သည် နှစ်ဆယ်
ရာစု အနောက်တိုင်းအတွေးအခေါ်ပညာရှင်များအပေါ် များစွလွှမ်းမိုးခဲ့၏။ သူ၏ ဒဿနစာပေများတွင် Science of logic (၁၈၁၂­၁၇) နှင့် Philosiphy of Right (၁၈၂၁) တို့သည် ထင်ရှား၏။ ဟေဂယ်၏ နောက်လိုက်များသည် ဟေဂယ် ကွယ်လွန်ပြီးနောက် လက်ယာဟေဂယ် ဝါဒီနှင့် လက်ဝဲ ဟေဂယ်ဝါဒီဟူ၍ နှစ်မျိုးကွဲသွားကြသည်။ ကမ္တာကျော်ရုပ်ဝါဒီကြီး ကားလ်မာက်စ်သည် ငယ်စဉ်က လက်ဝဲဟေဂယ်ဝါဒီ ဖြစ်ခဲ့သည်။
(၆) Heidegger, Martin ဟိုင်ဒေဂါ၊ မာတင် (၁၈၈၉­၁၉၇၆)
မျက်မှောက်ခေတ် ဂျာမန်ဒဿနပညာရှင်ဖြစ်၏။ ဘုရားမဲ့ဖြစ်တည်မှုဝါဒ အခြေခံများကို ချမှတ်ပေးသူအဖြစ် ထင်ရှားသည်။ သူကိုယ်တိုင်ကမူ ဖြစ်တည်မှုဝါဒီဟူသောအမည်ကို မနှစ်သက်၊ မခံယူခဲ့။ သူ၏ဒဿနသည် Being ကို ဗဟိုပြုထားသော အတွေးအခေါ်ဖြစ်သည်ဟု ပြောခဲ့သည်။ သိပ္ပံပညာ၏လောင်းရိပ်မှကင်းလွတ်သော အတွေးအခေါ်တရပ်ကိုဖော်ထုတ်ရန် အားထုတ်ခဲ့သည်။ Bring and Time (၁၉၂၇)နှင့် What is Metaphysics (၁၉၂၉) တို့သည် သူ၏ ထင်ရှားသောဒဿနကျမ်းများ ဖြစ်ကြသည်။
(၇) Heraclitus ဟေရာကလိုတပ်စ် (ဘီစီ ၅ ရာစု)
ရှေးဟောင်း ဂရိတွေးခေါ်ရှင် ဖြစ်သည်။ စကြာဝဠာကြီး၏ သဘောသဘာဝမှာ ပြောင်းလဲခြင်းတရားဖြစ်၏။ ပြောင်းလဲခြင်းသာလျှင် အစစ်အမှန်တရားဖြစ်၍ အရာရာတိုင်းသည် အစဉ်အမြဲပြောင်းလဲနေသည်ဟု သူက ခံယူခဲ့သည်။
(၈) Jasper, Karl ယာစ်ပါး၊ ကားလ် (၁၈၈၃­၁၉၆၉) ဘုရားရှိ ဖြစ်တည်မှုဝါဒီ ဂျာမန်တွေးခေါ်ရှင်ဖြစ်သည်။ ကဲကီးဂါးဒ်နှင့် နစ်ရှေးတို့၏ စိတ်ပညာအယူအဆများကို ဆက်ခံခဲ့၏။ အကြီးအကျယ်ထိတ်လန့်မှု (ဥပမာ သေခြင်းတရား)နှင့်နဖူးတွေ့ဒူး ရင်ဆိုင်လိုက်ရသော အချိန်တွင် လူသားသည် ဖြစ်တည်မှု၏ တကယ့်အစစ်အမှန်အဓိပ္ပါယ်ကို သိရှိနားလည်လာရသည်ဟုယူဆခဲ့သည်။ Philosophy of Existence (၁၉၃၈) သည် သူ၏ ထင်ရှားသောဒဿနစာပေ ဖြစ်၏။
(၉) Kierkegaard, Soren ကဲကီးဂါးဒ်၊ ဆိုရန် (၁၈၁၃­၁၈၅၅)
ဒိန်းမတ်လူမျိုး တွေးခေါ်ရှင် ဘာသာရေးဗေဒပညာရှင် စာရေးဆရာဖြစ်သည်။ သူ့ခေတ်ကာလတွင် လွှမ်းမိုးထားသော နာမ်ဝါဒီကြီး ဟေဂယ်၏ ဒဿနစနစ်တည်ဆောက်ရေးကို အပြင်းအထန်ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ အမှန်တရားသည် ပုဂ္ဂလလူသား၏အတွင်း အဇ္ဈတ္တ သဘောနှင့် နက်ရှိုင်းစွာဆက်စပ်နေသည်ဟု ယုံကြည်ခဲ့သည်။ မော်ဒန် ဖြစ်တည်မှုဝါဒကို အခြေတည်ပေးသူအဖြစ် သတ်မှတ်ကြသည်။ သူ၏ ထင်ရှားသောဒဿနစာပေများမှာ Either/or (၁၈၃၄)၊ The Concept of Dread (၁၈၄၄)နှင့်Cuoncluing Unscientific Postcrip (၁၈၄၆) တို့ ဖြစ်ကြသည်။
(၁ဝ) Marcel, Gabriel မာစယ်၊ ဂါဘရီးယယ် (၁၈၈၉­၁၉၇၃) ဘုရားရှိ ဖြစ်တည်မှုဝါဒကို ဦးဆောင်ခဲ့သောပြင်သစ်တွေးခေါ်ရှင်ဖြစ်၏။ ဒုတိယကမ္ဘာစစ်အပြီးတွင် ပြင်သစ်ဒဿနလောက၌ ယန်းပေါဆာ့တ်နှင့်ခေတ်ပြိုင်ထင်ရှားသူလည်း ဖြစ်သည်။ ဝတ္ထု၊ ပြဇာတ်များရေး၍ သူ၏ ဒဿနကိုဖော်ထုတ်ခဲ့သည်။ Being and having (၁၉၃၅)၊ The Mystery of Being (၁၉၅ဝ) တို့သည် သူ၏ ထင်ရှားသောဒဿန လက်ရာများဖြစ်၏။
(၁၁) Marx, Karl မာ့က်စ်၊ ကားလ် (၁၈၁၈­၁၈၈၃)
ထင်ရှားသော ခေတ်သစ် ဂျာမန် ရုပ်ဝါဒီဖြစ်သည်။ ငယ်စဉ်က ဂျာမန် နာမ်ဝါဒီကြီးဟေဂယ်၏ လွှမ်းမိုးမှုကိုများစွာ ခံခဲ့ရသည်။ ကွန်မြူနစ် စနစ်၏ အခြေခံဒဿနဖြစ်သော ဒိုင်ယာလက်တစ်နည်းကျရုပ်ဝါဒကို ဖော်ထုတ်ခဲ့သူဖြစ်သည်။ ဤအမည်ကို အစွဲပြုထားသော မာက့်စ်ဝါဒ သည် နှစ်ဆယ်ရာစုကမ္ဘာ၏ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များတွင် အထူးအရေးပါပြီးတွင်ကျယ်ခဲ့သည်။ သူ၏ ထင်ရှားသော ဒဿနစာပေ များမှာ The German Idiology (၁၈၄၆)၊ The porerty of Philosophy ( ၁၈၄၇)နှင့် Manifesto of the communist party (၁၈၄၈)တို့ ဖြစ်ကြသည်။
(၁၂) Nietzche,Friedrich နိရှေး၊ ဖရက်ဒရစ်(၁၈၄၄­၁၉ဝဝ) ဂျာမန်တွေးခေါ်ရှင် ယဉ်ကျေးမှုဝေဖန်ရေးဆရာ ဖြစ်သည်။ ရှေးရိုးစဉ်လာ ခရစ်ယာန်ကိုယ်ကျင့်နီတိနှင့် လူတိုင်းသာတူညီမျှဖြစ်သည်ဟူသော လူထုအခြေပြုလူ့အဖွဲ့အစည်းခံယူချက်တို့ကို ပြင်းထန်စွာဆန့်ကျင် တိုက်ဖျက်ခဲ့သူဖြစ်သည်။ သူ၏ ထူးချွန်သူ လူ့ထက်လူ(Superman) အယူအဆသည် အလွန်ကျော်ကြားခဲ့သည်။ သူ၏ အတွေးအခေါ်သည် နှစ်ဆယ်ရာစု အနောက်တိုင်းစာပေအပေါ် များစွာလွှမ်းမိုးခဲ့ပြီး သူ့ကို ဘုရားမဲ့ ဖြစ်တည်မှုဝါဒ၏ အခြေခံတွေးခေါ်ခေါ်ရှင်အဖြစ် လက်ခံ ထားကြသည်။ သူ၏ Thus Spoke Zarathustra (၁၈၈၃)နှင့်Beyond Good and Evil (၁၈၈၆) တို့သည် ထင်ရှားသည်။
(၁၃) Plato ပလေတို(၄၂၈­၃၄၇)
ထင်ရှားသော ဂရိတွေးခေါ်ရှင် နာမ်ဝါဒီကြီးဖြစ်၏။ အနောက်တိုင်းတွင် ဒဿနပညာကို စနစ်တကျဖြစ်အောင် စတင် ဖော်ဆောင်ပေးသူ ဖြစ်၏။ ယနေ့ အနောက်တိုင်းတက္ကသိုလ်များ၏ မူလအစဖြစ်သော'အကယ်ဒမီကျောင်းတော်'ကိုဂရိနိုင်ငံ အေသင်မြို့တွင် တည်ထောင်ခဲ့ပြီး ဒဿနပညာ၊ သင်္ချာပညာနှင့်စာပေပညာတို့ကို သင်ကြားပို့ချခဲ့သည်။ သူ၏ စိတ်ကူးထည်သီအိုရီ(Theory of Idea) သည် အနောက်တိုင်း တွေးခေါ်ရှင်အဆက်ဆက်အပေါ် သြဇာပြုလွှမ်းမိုးခဲ့သည်။ ဆွေးနွေးပွဲဒဿနကျမ်းများစွာ ရေးသားပြုစုခဲ့သည်။ အထင်ရှားဆုံးမှာ 'သမ္မတနိုင်ငံတော်(The Republic)' ဖြစ်သည်။
(၁၄) Sartre, Jean­Paul ဆာ့တ်၊ ယန်းပေါ(၁၉ဝ၅­၈ဝ)
စာပေနိုဘယ်ဆုရ ပြင်သစ်တွေးခေါ်ရှင် စာရေးဆရာဖြစ်သည်။ သူ၏ ဘုရားမဲ့ဖြစ်တည်မှုဝါဒသည် မျက်မှောက်ခေတ် ဒဿန သမိုင်းတွင် အင်အားကြီးမားသော ဒဿနလှုပ်ရှားမှုတရပ် ဖြစ်သည်။ လွတ်လပ်မှုနှင့်ပတ်သက်သော သူ၏ အတွေးအခေါ်များအပေါ် ဂျာမန်တွေးခေါ်ရှင် ဖိခ်ျတေ (Fichte) ၏ လွှမ်းမိုးမှု များစွာရှိခဲ့သည်။ Being and Nothioness (၁၉၄၃) သည် သူ၏ အထင်ရှားဆုံး ဒဿနကျမ်း ဖြစ်သည်။
(၁၅)Socrates ဆောခ့ရတ္တိ ၄၇ဝ­၃၉၉ ဘီစီ)
ရှေး ဂရိ တွေးခေါ်ရှင်ကြီး ဖြစ်သည်။ အနောက်တိုင်းအတွေးအခေါ်သမိုင်းတွင် သဘာဝအခြေပြုဒဿနလမ်းကြောင်းမှ လူသား အခြေပြုဒဿနလမ်းကြောင်းသို့ တဆစ်ချိုးပြောင်းလဲစေခဲ့သူဖြစ်သည်။ သူ၏တွေးခေါ်ကြံဆနည်းသည် ဆောခ့ရတ္တိနည်းဟူ၍လည်းကောင်း၊ ဒိုင်ယာလက်နည်းဟူ၍လည်းကောင်း ထင်ရှား၏။ သူကိုယ်တိုင် မည်သည့်ဒဿနကျမ်းကိုမျှ မရေးသားခဲ့။ သို့သော် သူ၏တပည့်ရင်း ပလေတို၏ 'ဆွေးနွေးပွဲကျမ်းစာမှတဆင့် အတွေးအခေါ်များကို သိရှိရသည်။

0 comments:

Post a Comment