Friday, April 5, 2019

(အာရုံအပြောင်းမှာ လည်မထွက်ဖို့ဆို) မျိုးမြင့်ချို

0 comments
(အာရုံအပြောင်းမှာ လည်မထွက်ဖို့ဆို) မျိုးမြင့်ချို
ဗဟိုအမေရိကနိုင်ငံတွေကနေ မက္ကဆီကို ကိုဖြတ်ပြီး အမေရိကန်ထဲဝင်လာတဲ့ ရဖြူဂျီနဲ့အင်မီးဂရန့်တွေကိုမထိန်းဘူးဆိုရင် “မက္ကဆီကိုနယ်စပ်တလျှောက်လုံး ပိတ်ပစ်မယ်“ ဆိုတဲ့ ဒေါ်နယ်လ်ထရမ့်ပ်တယောက် လေသံပြောင်းသွားပါတယ်။ အမေရိကန်-မက္ကဆီကို ကုန်သွယ်ရေးဟာ တနေ့တနေ့ ၁ ဒဿမ ၇ ဘီလီယံလောက် ရှိတာပါ။ ပိတ်လိုက်ရင် အမေရိကန်အတွက် ဗူးလေးရာဖရုံဆင့်ပြီး အထိနာမယ်လို့ သမ္မတရဲ့စီးပွားရေးအကြံပေးတွေ၊ အိမ်ဖြူတော်အသိုင်းအဝိုင်းနဲ့ ရီပတ်ဘလီကင်န်လွှတ်တော်အမတ်တွေကပါ ဝိုင်းဝေဘန်ကြလို့ အသာနောက်ပြန်ဆုတ်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗဟိုအမေရိက ၃ နိုင်ငံကို အမေရိကန်ကပေးနေတဲ့ အကူအအညီတွေ မပေးတော့ဘူး ရပ်လိုက်တော့မယ်တို့၊ အမေရိကန်ကိုဝင်နေတဲ့ မူးယစ်ဆေးတွေကို တနှစ်အတွင်း ရပ်အောင်လုပ်ရင်လုပ် မလုပ်ရင် မက္ကဆီကိုလုပ်ကားတွေအပေါ် သွင်းကုန်အခွန်တွေ တိုးကောက် မယ်တို့ဆိုပြီး ခြိမ်းခြောက်ပြန်ပါတယ်။ ဒါတွေ တကယ်သွားလုပ်ရင် ပက်လက်လှန်ပြီး တံတွေး ထွေးသလိုပဲဖြစ်မှာလို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြ ပါတယ်။

ထရမ့်ပ်လက်ထက်မှာ အောင်မြင်တဲ့ နိုင်ငံခြားရေး(နိုင်ငံရေးနဲ့စီးပွားရေး)ပေါ်တခုခု ခုထိ လက်ဆုပ်လက်ကိုင် မပြနိုင်သေးသလို ပြည်တွင်းမှာလည်း စီးပွားရေးဒုက္ခတွေ၊ လူမှုရေးမညီမျှတွေ၊ ကသောင်းကနင်းနဲ့ လူတွေအကြား အမုန်းတရားတွေ၊ လူမျိုးရေး ဘာသာရေးခွဲခြားမှုတွေ၊ ရဖြူဂျီနဲ့အင်မီးဂရန့်တွေအပေါ် အမြင်မကြည်လင်ရုံမက ရန်လိုမှုတွေပါ တိုးပွားလာနေပါတယ်။ Hate Groups လို့ခေါ်တဲ့ အစွန်းရောက်အယူသည်း အစုအသင်းတွေများလာသလို Hate Speeches အမုန်းစကားဖြန့်တာတွေ၊ Hate Crimes လို့ဆိုတဲ့ အမုန်းတရားအခြေခံ ကျူးလွန်တဲ့ရာဇဝတ်မှုတွေ တင်းကြမ်းဖြစ်လာနေပါတယ်။ သမ္မတကိုယ်တိုင်င်က White Supremacy လို့ဆိုတဲ့ လူဖြူကြီးစိုးရေးတွေကို ပရိုမိုးရှင်းလုပ်နေတာလို့ လူတွေက ထောက်ပြကြပါတယ်။

မနေ့ကပဲ သတင်းလိုလိုဖန်တီးပြီး လှုံ့ဆော်သွေးထိုးချက်တခု သတိထားမိလိုက်ပါတယ်။ ဘာလဲဆိုတော့ Hate Group တခု စစ်တမ်းလုပ်ကြည့်ရာမှာ “လူဖြူအမေရိကန် White Americans တွေဟာ အာရှအမေရိကန် Asian Americans ထက် လုင်ငန်းခွင်တွေမှာ အနှိမ်ခံနေရတယ်၊ အလုပ်တာဝန်တူတာတောင် လုပ်ခနည်းပြီးရနေကြတယ်၊ သူတို့တွေက ငါတို့အလုပ်တွေ၊ ငါတို့ဝင်ငွေတွေကို လာပြီး လုယက်နေသလိုပဲ ခံစားရတယ်၊ လူဖြူတွေ ထူထောင်ထားတဲ့ပြည်မှာ လူညို လူဝါတွေက အခွင့်အရေးပိုရ၊ မျက်နှာသာ ပိုအပေးခံရနေတာတွေ တွေ့နေရတယ်“လို့ ဆိုပါတယ်။

မျက်ရည်လည်ရွဲနဲ့ လူဖြူမိန်းကလေးတယောက်ကို အင်တာဗျူးတိုလေးလုပ် တင်ထားပါသေးတယ်။ ကောင်မလေးက “အာရှကနေ ရောက်လာကြတဲ့လူတွေ၊ ရဖြူဂျီတွေ၊ အင်မီးဂရန့်တွေက ငါတို့ထက် လုပ်ခဝင်ငွေတွေ ပိုရနေသလို၊ ရောက်ပြီး သိတ်မကြာဘူး ကိုယ်ပိုင်အိမ်နဲ့ဘာနဲ့ ဖြစ်ကုန်ကြတယ်၊ ငါတို့ကတော့ ကိုယ့်တိုင်းပြည်မှာနေပြီး ဒီလောက် အလုပ်လုပ်နေတဲ့ကြားက လူလုံးမလှဘဝတွေမို့ ရင်နာတယ်“ဆိုပြီး “ထဲ့“သွားတာပါ။ သတင်းအောက်က မှတ်ချက်တိုတွေဖတ်ရတာ ကြက်သီး မွှေးညှင်းထစရာတွေပါ။ အမုန်းတရားတွေ၊ ရန်လိုသွေးဆာသံတွေ၊ ပြန်မောင်းထုတ်ပစ်ဆိုတဲ့ ကြိမ်းမောင်းသံတွေနဲ့ ကြောက်ခမန်းလိလိပါပဲ။

ဒါဟာ အာဘော်ဖန်တီးမှုဖြစ်ပါတယ်။ ဂျူးတွေကို ဟစ်တလာနဲ့နာဇီတွေလုပ်သလိုမျိုး၊ ပါလက်စတိုင်းတွေကို ဂျူးတွေလုပ်သလိုမျိုး၊ ရိုဟင်ဂျာတွေကို ရခိုင်အစွန်းရောက်တွေ၊ သီတဂူအပါအဝင် မဘသဦးပြည်းတွေနဲ့ စစ်အုပ်စုပေါင်းလုပ်သလိုမျိုး အပြောအဆို၊ လုပ်ဟန်၊ လှုံ့ဆော်ဝါဒဖြန့်မှုတွေနဲ့ တထေရာတည်း တလေသံတည်းဖြစ်နေတာ သတိထားမိပါတယ်။

ဒုက္ခသည်စခန်းတွေကနေ အဝတ်တထည်ကိုယ်တခု လက်ဗလာခြေဗလာနဲ့ အမေရိကန် ရောက်လာကြပြီး လေးငါးနှစ်အတွင်း ကိုယ်ပိုင်အိမ်လေးခြံလေးနဲ့နေကြတဲ့ ဗမာပြည်ဖွားမိသားစုတွေ အများကြီး ရှိပါတယ်။ ဘာလို့ အဲသလို နေနိုင်သွားကြသလဲဆိုတော့ “ဘယ်အလုပ်ရရ အလုပ်မရွေးဘဲ ရရာအလုပ်တွေ ကြိုးကြိုးစားစားလုပ် အချိန်ပိုတွေဆင်း၊ (တချို့ဆို ခုထိ တနေ့ ၁၂ နာရီ၊ တပတ် ၆ ရက် လုပ်နေကြတာပါ)၊ အပြင်ထွက်ပြီးဆိုင်တွေမှာ မစားသလောက်ပါပဲ။ စားလည်း ဗမာပြည်ဖွားဆိုင်တွေလောက် ဘူဖေးဆိုင်တွေလောက်ပဲများပါတယ်။ ဈေးသက်သာတာကိုး။ ပါတီပွဲတွေလည်း (ခလေး မွေးနေ့လောက်ကလွဲပြီး)သိတ်မလုပ်၊ အိမ်မှာ ချက်ပြုတ်စား၊ အရက်သောက်သူတွေတောင် ဈေးပေါပေါအရက်ဘီယာလောက်ပဲသောက်၊ အပိုပစ္စည်းတွေမဝယ် အပိုတွေမဖြုန်း၊၊ ခြိုးခြိုးခြံခြံနေ၊ စစ်စစ်ကုပ်ကုပ်သုံး၊ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုတော့ ခနနဲ့ အိမ်လေးခြံလေးဖြစ်သွားကြတဲ့အကြောင်း“ ကျနော် ဖို့တ်ဝိန်းမြို့ အိုးအိမ်ဦးစီးဌာနကလုပ်တဲ့ပွဲတပွဲမှာ အကျဉ်းခြုံးပြီး ရှင်းပြခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းကလည်း အစည်းအဝေးမှာ လူဖြူတယောက်က မလိုတမာလေသံနဲ့ မသင်္ကာတဲ့အမူအယာနဲ့ “မင်းတို့ ဗမာရဖြူဂျီတွေ ရောက်တာမှမကြာသေးဘူး၊ ဒီနှစ်ထဲ မြို့တောင်ပိုင်းမှာ အိမ်တွေ ဝယ်လိုက်ကြတာမှ မြင်မကောင်းဘူး၊ ပိုက်ဆံတွေ ဘယ်ကရသလဲ၊ ရိုးရိုးသားသားမှ ဟုတ်ရဲ့လား“လို့ ထမေးတော့ အိုးအိမ်ဌာနတာဝန်ရှိသူက “မျိုး မင်း ဒီကိစ္စကို အချိန် ၁၀ မိနစ်လောက်နဲ့ ရှင်းပြပေးလို့ရမလား“လို့ မေတ္တာရပ်ခံတာနဲ့ အပေါ်က အတိုင်း ကျနော်ရှင်းပြခဲ့ပါတယ်။ အဲ့ဒီမှာတော့ နည်းနည်း ဖြည်ဖြည်ဖြန့်ဖြန့်လေး ရှင်းရတာပေါ့လေ။ ဥပမာအနေနဲ့ “ကျနော်တို့ လင်မယား အီတလီဆိုင်မှာ တပတ်ကို ၂ ကြိမ်လောက် ညစာ ထွက်စားတတ်ပါတယ်။ တခါစား လင်မယား ၂ ယောက်စာအတွက် (တစ်ပ်ပေးရတာအပါအဝင်) ဒေါ်လာ ၄၀ လောက်ကျပါတယ်။ ဒါတောင် နေတာကလည်း တောမြို့၊ စားတဲ့ဆိုင်ကလည်း သားသားနားနားကြီးမဟုတ်လို့ ဒီလောက်ပဲကျတာပါ။ လင်မယား ၂ ယောက်သာရှိတဲ့ ဗမာပြည်ဖွားမိသားစုဆို အဲ့ဒီ ကျနော်တို့တနပ်စာဟာ သူတို့ အိမ်မှာချက်စားရင် တပတ်စာလောက်ရှိပါတယ်။ ကျနော့်ဇနီးက အိုင်းရစ်ရှ်မ အဖြူမ အမေရိကန်မပါ“ ဆိုပြီး ပြောခဲ့ပါတယ်။

ချမ်းလည်းချမ်းသာ၊ လူလည်းနည်း၊ လူဖြူတွေအများစုလည်းနေ၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းကောင်းတဲ့ Welfare States နိုင်ငံတွေမှကျတော့ “ရဖြူဂျီတွေ အင်မီးဂရန့်တွေဟာ ငါတို့ဆီလာပြီး မျှောလိုက်နေကြတယ်၊ ရေသာခိုအချောင်လိုက်ပြီး၊ ရသမျှအခွင့်အရေး လက်မလွတ်တမ်းယူပြီး အချောင်ထိုင်စားနေကြတယ်“ လို့ အာဘော်ဖန်တီးတတ်ပါတယ်။ အမေရိကန်လိုနိုင်ငံကျ အဲ့ဒီနိုင်ငံတွေလို လူမှုဖူလုံရေးတွေက မကောင်းတဲ့အပြင် ရောက်လာသမျှလူတွေဟာ လူခံအမေရိကန်တွေနဲ့အတူ ဒိုးတူပေါင်ဘက် နင်လားငါလား အလုပ်လုပ်ကြရတာပါ။ ဒီတော့ ဟိုနိုင်ငံတွေမှာလို ပြောလို့မရတော့ “ငါတို့အလုပ်တွေ ငါတို့ဝင်ငွေတွေလာလု“ ဆိုပြီး လုပ်ကြတာမျိုးပါ။

အမေရိကန်အလုပ်သမားတွေထဲမှာ အချိန်ပိုဆင်းတဲ့လူရှိပေမယ့် ရဖြူဂျီတွေနဲ့ယှဉ်ရင် အလွန်နည်းပါတယ်။ လုပ်အားပြိုင်ဆိုင်မှုထက် အလုပ်တာဝန်ကြေ နာရီပြည့်ရုံလောက်လုပ်တာ များပါတယ်။ ရဖြူဂျီတွေကတော့ ငွေလည်းလိုနေ၊ အလုပ်လောဘကလည်းကြီး၊ အငြီးအငြူ အတိုင်အတောကလည်း သိတ်မထူ၊ ခိုင်းသမျှ သိမ်းကြုံးလုပ်၊ တသက်နဲ့တကိုယ် ခုလိုဝင်ငွေမျိုးလည်း မရကြဖူးသူတွေဆိုတော့ အလုပ်တွေနင်းကန်တွန်းထိုး လုပ်ကြတာပါ။ ဒီတော့ အရင်းရှင်တွေက ဒီလို အလုပ်သမားမျိုးတွေကို အသေကြိုက်ပါတယ်။ ဒီတော့ အလုပ်ကြမ်းတွေမှာ အဖြူတွေ အမည်းတွေနဲ့ယှဉ်ပြီး အလုပ်သမားရွေးရင် ရဖြူဂျီတွေ အင်မီးဂရန့်တွေကို ရွေးချင်ကြပါတယ်။ ဒီတော့ အလုပ်တွေ ရကြတယ်။ စက်ရုပ်တွေလို အလုပ် လုပ်ကြတယ်။ အဲ့သလိုလုပ်ရင်းကနေ လုပ်ငန်းခွင်အတွင်း သေတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ကျန်းမာရေးချို့ယွင်းသွားတာတွေအထိ ဖြစ်ကြတာရှိပါတယ်။ ပိုက်ဆံကရနေတော့ အလုပ်နောက်လိုက်ရင်း ကြာတော့ ဘုန်းဘုန်းလဲတဲ့သဘောပါပဲ။

ပြန်ကောက်ရရင် စီးပွားရေးတွေကျဆင်းနေကြတာချင်းအတူတူ ချမ်းသာ၊ လူနည်း၊ လူမှုဖူလုံရေးကောင်းတဲ့ပြည်တွေမှာ ရဖြူဂျီတွေနဲ့အင်မီးဂရန့်တွေကို “ငါတို့ဆီလာပြီး အချောင်ခို အခွင့်အရေးယူ“ လို့ ပြစ်တင်ပြီး အမေရိကန်လိုပြည်မှာကျတော့ “ငါတို့အလုပ် ငါတို့ဝင်ငွေလာလု“လို့ လှုံ့ဆော်ပေးတာ အခြေခံလူတန်းစားအချင်းချင်း၊ ဘဝတူတွေအချင်းချင်း၊ အလုပ်သမားအချင်းချင်း လှည့် “တည်“ ပေးတာ ဖြစ်ပါတယ်။ တကယ်အရင်းအမြစ်က အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုကနေစတဲ့ လူမှုရေးစီးပွားရေး မညီမျှမှုတွေ အကျပ်အတည်းတွေကြောင့်ဖြစ်ရတဲ့ လူထုမကျေနပ်မှုတွေကို လူမျိုးရေး၊ ဘာသာရေးအပြင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ဒုက္ခသည်တွေကြောင့်ဆိုပြီး လမ်းလွှဲရန်တိုက်ပေးပြီး လူတွေကိုအာရုံပြောင်းတဲ့ အရင်းရှင်ကြီးတွေရဲ့ လုပ်နေကြလုပ်ရပ်ဖြစ်ပါတယ်။

စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး မညီမှမှုတွေ မတရားမှုတွေဖြစ်၊ လူတွေဆင်းရဲလာတဲ့အခါ လူတွေမှာ မကျေနပ်စိတ်တွေနဲ့အတူ ဇာတိပုည ဂုဏ်မာနတွေပါ ထိပါးလာတယ်လို့ ခံစားရတတ်ပါတယ်။ လုချင်ယက်ချင် ဖျက်ချင်စီးချင်စိတ်ကြမ်း စိတ်မိုက်တွေဖြစ်လာပါတယ်။ ဒီအခါ အမျိုးသားရေးတို့၊ ဇာတိမန်တို့၊ မျိုးချစ်စိတ်တို့ဆိုတာတွေ ဟုန်းဟုန်းတောက်လာပါတယ်။ မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိတာမျိုးတွေပါပဲ။ ဒီစိတ်အခံမျိုးတွေဟာ ပြဿနာကိုမီးမွှေးရ အလွန်လွယ်ပါတယ်။ ဗမာပြည်မှာဖြစ်တာလည်း ဒီလို အရင်းခံပြဿနာပါ။ ပြဿနာရဲ့အရင်းအမြစ်ကို မသိမမြင်၊ မကိုင်တွယ် မဖြေရှင်းနိုင်ရွေ့ လူမျိုးရေး၊ ဘာသာရေး၊ ဒုက္ခသည်တွေနဲ့ ပြောင်းရွှေ့ဝင်ရောက်လာသူတွေကို လက်ညှိုးထိုး အပြစ်ဖို့ ရမယ်ရှာပြီး မီးတွေမွှေးနေကြဦးမှာပါပဲ။

ခု ဒေါ်နယ်လ်ထရမ့်ပ်နဲ့ အမေရိကန်အရင်းရှင်ကြီးတွေလုပ်နေတာလည်း ဒါပါပဲ။
မျိုးမြင့်ချို
ဧပြီ ၅၊ ၂ဝ၁၉

0 comments:

Post a Comment