Sunday, April 14, 2019

(ကျောင်းသားတွေရွှေတိဂုံတက်တာက)

0 comments
(ကျောင်းသားတွေရွှေတိဂုံတက်တာက)
ကျောင်းသားအကြောင်းပြောလျှင် ကျောင်းအကြောင်းပြောရမည်၊ ကျောင်းအကြောင်းပြောလျှင် ကိုလိုနီနှစ်များအကြောင်းပြောရမည်။
ယခုပြောနေကြသည့်စာသင်ကျောင်း ယခင်ကအခေါ် အတန်းကျောင်းဆိုသည်မှာအရင်းရှင်နယ်ချဲ့တို့ ယူဆောင်လာသည့် အရာများစွာထဲကတခုဖြစ်သည်။

ဗမာ့လူ့အဖွဲ့စည်း၏ အရင်းရှင်စနစ်ဖြစ်ထွန်းလာပုံမှာ ဥရောပနိုင်ငံများလို ပဒေသရာဇ်စနစ်ထဲမှေ ပေါက်ဖွားကာ တဖြည်းဖြည်း ရှင်သန်ကြီးထွားလာရင်း နောက်ဆုံးပဒေသရာဇ်စနစ်ကို ပြန်ဖြိုချရာမှ ထွက်ပေါ်လာခြင်းမဟုတ်။ ဗမာပဒေသရာဇ်ကို ဗြိတိသျှနယ်ချဲ့က နန်းလာချပြီး အရင်းရှင်စနစ်ကို တင်သွင်းလာခြင်းပင်။
ထိုအခါ အရင်းရှင်နယ်ချဲ့တို့နှင့်အတူ ပိုမိုသစ်လွင်သည့် အရာများစွာပါလာခဲ့သည် ထိုအထဲတွင် လူစာကိုသင်သည့်ကျောင်းများပါ ပါလာသည်။ ထို့မတိုင်က ဘုရားစာသင်သည့် ဘုန်းကြီးကျောင်းသာရှိ၏။

လူစာသင်ရသည့် ကိုလိုနီကျောင်းများတွင်တက်နေသည့် ဗမာကျောင်းသားတို့မှာ ကိုလိုနီဆန့်ကျင်ရေးစိတ်ဓာတ်များ ပေါက်ဖွားလာကြသည်။ ဤသည်မှာ ထူးခြားချက်ဖြစ်သလို ဖြစ်တတ်သည့်သဘောဟုလည်းပြောနိုင်ပါသည်။

ပြင်သစ် အင်္ဂလန်တို့ပညာသင်သွားခဲ့သော၊ ထိုသူတို့နှင့်ထိစပ်လုပ်ကိုင်ရသော ဗမာအမှူးအမတ်များထဲတွင် ပဒေရာဇ်စနစ်ပြုပြင်ရေး ခေတ်မီရေးအယူအဆများပေါ် ထွန်းလာခဲ့သည့်နည်းတူပင်။

ဝံသာနုလှုပ်ရှားမှုဆိုသည်မှာလည်း အရင်းရှင်နယ်ချဲ့စနစ်ကို မင်းညီမင်းသား မင်းဆွေမင်းမျိုးများ၏အာခံမှုမှ ပညာတတ်တို့၏ အများလက္ခဏာဆောင်သည့် လှုပ်ရှားမှုသို့ရွေ့သွားခြင်းပင်။ ၁၉၂ဝ ကျောင်းသားသပိတ်သည် အမျိုးဘာသာ သာသနာ ပညာကြွေးကြော်သံနှင့်လှုပ်ရှားနေကြသည့် ပညာတတ်ဝံသာနုများလက်မှ ကျောင်းသားများလက်သို့ နိုင်ငံရေးကိုပြောင်းယူလိုက်ခြင်းပင်ဖြစ်၏။

တနည်းပြောရလျှင် ကုန်သည်ပွဲစားကြီးများ၏ ဝံသာနုအစည်းအခန်းထဲမှနိုင်ငံရေးကို ရွှေတိဂုံဘုရားပေါ်သို့ ထုတ်ယူလာခြင်းပင်ဖြစ်သည်။ ထိုကစ၍ ဆန္ဒပြသမားများ နိုင်ငံရေးသမားများ ရွှေတိဂုံတက်သည့်အစဉ်အလာဖြစ်ခဲ့၏။

ထိုအထဲတွင် အင်္ဂါသမီးကြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေး ဆုတောင်းမှုဟုအကြောင်းပြကာ နော်အုန်းလှတို့တတွေ အပတ်စဉ်အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားတက်ဆုတောင်းသည့် လှုပ်ရှားမှုအထိပါ၏။

သမ္မတဦးဝင်းမြင့်လည်း ရွှေတိဂုံဘုရားတက်၏။ ရွှေတိဂုံဘုရား စိန်ဖူးတော် အနီးကပ်တက်ဖူးမျှော်သည်ဆို၏။ စစ်အုပ်စု စစ်အာဏာရှင်ဆန့်ကျင်ရေးလက္ခဏာ တချက်မှမပါချေ။ မှိုင်းတိုက်ရုံသက်သက်မျှ။
မျိုးမြင့်ချိ
ဧပြီ ၁၂၊ ၂ဝ၁၉

0 comments:

Post a Comment