Friday, April 12, 2019

(သေချာကြည့်ရင်မြင်ပါတယ်) မျိုးမြင့်ချို

0 comments
(သေချာကြည့်ရင်မြင်ပါတယ်)
ဗိုလ်မင်းအောင်လှိုင်ကို တရုတ်ကခေါ်တွေ့တာပါ တရုတ် “အစိုးရဖိတ် နိုင်ငံတော်ဧည့်သည် State Visitor“ ဖြစ်ပါတယ်။။ တရုတ်သမ္မတကိုယ်တိုင် နိုင်ငံတော်ထိပ်တန်းအဆင့်ပြပြီး ၂ ယောက်တည်း သီးသန့်တွေ့တာပါ။ ဗိုလ်မင်းအောင်လှိုင်က သူ့ဘာသာ လက်ဦးအောင် သွားပြီး သံတော်ဦးတင်တာ မဟုတ်ပါ။

ဒေါ်စုက OBOR အစည်းအဝေးကို နိုင်ငံပေါင်း ၆ဝ လောက်နဲ့အတူ သွားတက်ရမှာပါ။ “အစည်းအဝေးဖိတ်“ ဖိတ်တာပါ။ ဒါပေမယ့် ဗမာပြည်ဟာ တရုတ်တို့အတွက် အရေးပါပါတယ်။ ဗမာမပါရင် တရုတ်နဂါးလမ်းက တပတ် ဘယ်လိုမှမပြည့်ပါ။ ဒါ့ကြောင့် နိုင်ငံအများနဲ့တရုတ်ပြည်အစည်းအဝေး OBI ပြီးရင် ဒေါ်စုနဲ့ တရုတ်သမ္မတ “အစည်းအဝေးပြင်ပ“ သတ်သတ်တွေ့မယ် မျှော်လင့်ရပါတယ်။ အစည်းအဝေးမှာ အများဆိုင်ကိစ္စတွေပြောကြဆိုကြ သဘောတူကြပြီး အစည်းအဝေးပြင်ပ သတ်သတ်စီတွေ့ကြတဲ့အခါ ၂ နိုင်ငံတည်းနဲ့ဆိုင်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စတာတွေပြောကြမှာပါ။ အဲ့ဒီတော့မှ မြစ်ဆုံအရေးလိုဟာမျိုးက ပါလာနိုင်ဖွယ်ရာရှိတယ်လို့ ယူဆကြရတာပါ။

ကာချုပ်ကို တရုတ်ကအရင်ခေါ်ပြီး တီးခေါက်ရင်း “မင်းတို့နောက်မှာ ငါရှိတယ်။ မင်းဟာ ငါတို့ရဲ့ “နဂို“ဖြစ်ကြောင်း“ ဒေါ်စုအပါအဝင် ကမ္ဘာကို အတိအလင်းအသိပေးတာပါ။ ဒေါ်စုကိုတော့ “ယာယီ“ဖြစ်တဲ့အလျှောက် စီးပွားရေးလုပ်ဖို့ ဆိုင်ဖွင့်ဖို့ မြို့တည်ဖို့ ဆည်ဆောက်ဖို့ စစ်တပ်ရဲ့ Sub-contractor တဆင့်ခံကန်ထရိုက်တာ ဒါမှမဟုတ် မြေငှားချပေးသူလောက်ပဲ သဘောထားတာပါ။

ယာယီတွေ(အရပ်သားလက္ခဏာ နည်းနည်းပါတဲ့အစိုးရတွေ) ဘယ်ယာယီတွေ ဘယ်လောက်တက်တက် စစ်အုပ်စုကိုကိုင်ထားနိုင်ရင် ပွဲကငြိမ်ပါတယ်။ တက်လာသမျှအစိုးရတိုင်းကို လက်မှတ်ထိုးခိုင်းနေလို့ရပါတယ်။ အဲ့သလိုငြိမ်နေဖို့ လက်မှတ်တွေထိုးထားခိုင်းနိုင်နေဖို့ စစ်အုပ်စုမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ ရှိနေရမယ်ဆိုတာရယ်၊ အဲ့ဒါဟာ စစ်အုပ်စုရဲ့အသက်ဗူးဆိုတာရယ်၊ အဲ့ဒါကို စစ်အုပ်စုက အသက်ပေးကာကွယ်မယ်ဆိုတာရယ်ကို တရုတ်ကသိပါတယ်။ ဒါ့ကြောင့် ၂ဝဝ ဖွဲ့စည်းပုံကိစ္စ တခွန်းမှ မဟတာပါ။

စစ်အုပ်စုနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်ပဲ အပစ်အခတ်ရပ်မရ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မရတာလည်း တရုတ်ကသိပါတယ်။ သူ့အကျိုးစီးပွားတွေ အုံနဲ့ကျင်းနဲ့ရှိနေတဲ့နေရာ(ဒေသ)တွေမှာ အပစ်ရပ်နေတာ၊ ယာယီစစ်ပြေငြိမ်းနေတာမျိုးလောက်ဆို တရုတ်အတွက်တော်ပါပြီ။ ပြည်တွင်းစစ်ကြီး ဆက်ပဲဖြစ်ဖြစ် မဖြစ်ဖြစ် တရုတ်ကဂရုမစိုက်ပါ။

တကယ့်တကယ် မလုပ်လို့မရတော့တဲ့အနေအထားရောက်လာလို့ အပစ်ရပ်ကိစ္စတွေ၊ နိုင်ငံရေးဆွေးနွေးတဲ့အဆင့်တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မယ့်ပြင်ဆင်မှုတွေ လုပ်လာခဲ့မယ်ဆိုရင်တောင် စစ်အုပ်စုကလုပ်တာမျိုး၊ စစ်အုပ်စုက ဦးဆောင်တာမျိုး၊ နံမည်ကောင်းယူတာမျိုးပဲလုပ်မှာပါ။ ဒေါ်စုကို ဘယ်သောအခါမှ အဲ့သလို နံမည်ကောင်းရဖို့အခွင့်အလမ်းမပေးပါ။

အဲ့ဒီထက် ပိုလက်ကွက်စိပ်တဲ့ ကောက်ကျစ်မှုကတော့ NLD လုပ်တဲ့အထဲမှာ စစ်တပ်အတွက် စစ်အုပ်စုအတွက် ကောင်းတာတွေအများကြီး ပါပါတယ် ငြင်းမရပါ။ ဒါပေမယ့် “ဒါတွေဟာ NLDကောင်းလို့ ဒေါ်စုကောင်းလို့ ငါတို့ ဒီလိုရနေတာ“ဆိုတဲ့အမြင်မျိုးလေး တစိုးတစေ့လောက်တောင် စစ်ဗိုလ်စစ်သားတွေစိတ်ထဲမဝင်အောင် အတွေးထဲမရောက် မတွေးမိအောင် အဘက်ဘက်က စနစ်တကျပြင်ဆင်ချေဖျက်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်ဗိုလ်စစ်သားတွေရဲ့စိတ်ထဲ ဒေါ်စုမဆိုးပါဘူး NLD မဆိုးပါဘူး ဆိုတာလောက်တောင် အဝင်မခံအောင်လုပ်ထားတာပါ။

ခု တရုတ်က စစ်တပ်ကိုအရင်ခေါ်တွေ့ပြတာက တရုတ်အာဏာပိုင်တွေက စစ်အုပ်စုပေါ် ဘယ်လိုသဘောထားတယ် ဘယ်လောက်အလေးအနက်ထားတယ် “နဂို“ ကို ဘယ်လောက် “နဂို“ပြုတယ်ဆိုတာ “ယာယီ“ သမားကို ပြထားတာပါ။ သံခင်းတမန်ခင်းအရ ဒေါ်စုနဲ့ NLD အစိုးရ အတော်အထိနာပါတယ်။ နိုင်ငံရေးအရ အောက်စီးရောက်ပါတယ်။
မျိုးမြင့်ချို
(ဧပြီ ၁၁၊ ၂ဝ၁၉)

0 comments:

Post a Comment