Saturday, December 5, 2020

ပြည်တွင်းစစ် ပြဿနာ (အပိုင်း၇)

0 comments

ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)

(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၇)

ဦးသိန်းဖေ (မြင့်) က ဦးကျော်ငြိမ်းလိုလည်း စတာလင်သေပြီးနောက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေရေး လမ်းစဉ်သစ်ကြောင့် အိန္ဒိယ၊ မလေး၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့က ရဲရဲဝံ့ဝံ့လက်နက်ချတယ်။ (ဗကပ) က ပြည်တွင်းစစ် ဆက်တိုက်နေတယ်လို့ မရေးပါ။ ဦးကျော်ငြိမ်းဟာ ဟိုတိုင်းပြည်တွေက သမိုင်းကြောင်းတွေမသိဘဲ ရမ်းတုတ်လိုက်ကြောင်း သူသိလို့ ဖြစ်ပါလိမ့်မယ်။

နိုင်ငံခြားရေးဝန်ကြီး ခဏခဏလုပ်ခဲ့တဲ့ ဦးကျော်ငြိမ်းဟာ လက်နက်ခဲယမ်း ရေသောက်မြစ်ရဖို့ပဲ အင်္ဂလိပ်၊ အမေရိကန်ဆီကို သွားခဲ့ပါတယ်။ အိန္ဒိယအကြောင်း လေ့လာခဲ့ဟန် မတူပါဘူး။ အဲဒီတိုင်းပြည်မှာ ပြည်တွင်းစစ် ဘယ်တုန်းကမှ မဖြစ်ပါ။

(ဗကပ) ဟာ ပြည်တွင်းစစ် နှစ် (၅၀) အတွင်းမှာ အစိုးရက ချီးမြှင့်တဲ့” ဘွဲ့ထူးဂုဏ်ထူးတွေ သိပ်ရခဲ့ပါတယ်။

မော်စကိုတပည့်” ဘွဲ့ကို စရပါတယ်။ ပီကင်းတပည့်” ဘွဲ့က ၁၉၆၇ နောက်ပိုင်းမှ ရပါတယ်။ အခုတော့ အဲဒီဘွဲ့တွေ မရှိတော့ပါ။

ပီကင်းတပည့်” ဘွဲ့တော့ အမေရိကန်ကပြန်ယူပြီး တခြားပေးလိုက်ပါတယ်။

ဖဆပလအစိုးရခေတ်မှာ (သကသ) သောင်းကျန်းသူဘွဲ့ ရပါတယ်။ (နဝတ) က ပြန်သိမ်းသွားပါတယ်။ ဝ တွေ၊ ကိုးကန့်တွေ၊ ကချင်တွေ၊ ပအို့ဝ်တွေ၊ မွန်တွေကို (အကသ) လို့ သွားခေါ်ရင် မိုးမီးလောင်မှာမို့ ပြန်သိမ်းသွားတာ ဖြစ်ပါတယ်။

(နဝတ) က (ဗကပ) ဆီက ပြန်သိမ်းတဲ့ထဲမှာ အမျိုးသား သစ္စာဖောက် ဘွဲ့လည်း ပါသွားပါတယ်။ NLD ကို ပေးပါတယ်။ (အခုတော့ စကားပြောပွဲ လုပ်တုန်းမို့ ပြန်သိမ်းထားပါတယ်။)

မူးယစ်ဆေးဝါးလုပ်တယ်ဆိုတဲ့ “ ဘိန်းရာဇာ ” ဘွဲ့ကတော့ (ဗကပ) ဆီက ပြန်သိမ်းပါတယ်။ တခြားဘယ်သူ့မှလည်း မပေးဝံ့လို့ သူတို့ပဲ ယူထားကြပါတယ်။

(ဗကပ) ရတဲ့ဘွဲ့ထဲမှာ ဓမ္မန္တရာယ် ဘွဲ့လည်း ပါပါတယ်။ ဒါကတော့ ကမ္ဘာမှာ ပေးနေကျဘွဲ့ပါ။

ပြည်တွင်းစစ်ကို ဇဒါးနော့ဗ် (ရုရှားကွန်မြူနစ်)၊ ရာနာဒီဗေး (အိန္ဒိယကွန်မြူနစ်) တို့ကြောင့် ဖြစ်လေဟန် ပြောကြရေးကြခြင်းဟာ (ဗကပ)ကို ပြည်တွင်းစစ်တရားခံအဖြစ် လုပ်ကြံစွပ်စွဲချင်လို့ပါပဲ။

ဗမာပြည် ပြည်တွင်းစစ်ဟာ ပြည်တွင်းဖြစ်စစ်စစ် ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ စစ်ပြီးခေတ် အခြေအနေကို ချုပ်ကြည့်လိုက်ရင်

(၁) (ဗကပ) ဟာ စစ်တိုက်တဲ့အတွေ့အကြုံရှိတဲ့ပါတီ၊ ပြည်သူ့ရဲဘော်ကလည်း ဦးကျော်ငြိမ်းအဆိုအရဆိုရင် ၁၉၄၇ ခုနှစ်မှာ တော်လှန်ရေးလုပ်ခဲ့တဲ့ ရဲဘော် (၂ဝဝဝ) လောက်နဲ့ တပ်ဖွဲ့ဝင် (၂၀၀,၀၀၀) လောက် ရှိတယ်။ အစိုးရတပ်ထဲမှာလည်း ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်စတဲ့ ဆိုရှယ်လစ်ပါတီကိုမလိုလားတဲ့ တပ်မှူးကြီးတွေ၊ တပ်မှူးတပ်သားတွေ ရှိနေတယ်။ သူတို့က လက်ဝဲတွေ ပြည်ချစ်ဝါဒီတွေပဲ။

(၂) ဖက်ဆစ်တော်လှန်ရေးတုန်းက အချောင်ခိုနေကြပြီး လောလောဆယ် အာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်စုက အကြမ်းဖက်ဖိနှိပ်လာတယ်။

(၃) အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စတွေ တော်လှန်ရေးစိတ် အလွန် နိုးကြားနေချိန်ဖြစ်တယ်။

(၄) အင်္ဂလိပ် နဲ့စေ့စပ်ပြီးရထားတဲ့ လွတ်လပ်ရေး” က စိတ်ကြိုက်မဟုတ်ဘူး။ အင်္ဂလိပ်နှောင်ကြိုးတွေ တန်းလန်းနဲ့ ဖြစ်နေတယ်။ လက်ယာအင်အားစုတွေ၊ အလိုတော်ရိတွေ၊ ဗျူရိုကရက်ကြီးတွေကို ဖဆပလ အစိုးရက ချော့ပြီးပေါင်းနေရတယ်။

(၅) ကျေးလက်မှာ စစ်လက်ကျန်လက်နက်တွေ ရှိနေတယ်။ လယ်သမားသူပုန်ဆန်တဲ့ ဓားပြဂိုဏ်းကြီးတွေ ရှိနေတယ်။

ဒီလို အခြေအနေမှာ (ဗကပ) နဲ့ တခြားတော်လှန်ရေးအင်အားစုတွေကို တယောက်မှ မကျန်အောင် ရှင်းပစ်နိုင်ရင်တောင် ပြည်တွင်းစစ်က ပေါက်ကွဲလာမှာပဲ။

အထက်ပါ အခြေအနေမျိုး အိန္ဒိယမှာ၊ အရှေ့တောင်အာရှတိုင်းပြည်တွေမှာ မရှိဘူး။ အဲဒီလို အခြေအနေရှိတဲ့ ဗမာပြည်မှာ “ ကိုယ်က ဦးအောင်ချရေး ” ဟာ အလုပ်မဖြစ်နိုင်ပါဘူး။

ပေါ်လစီဟူသမျှ ဦးကျော်ငြိမ်းကလို့ပြောရင် တရားမျှတမှုမရှိပါ။ ဟုတ်လည်းမဟုတ်ပါ။ နိုင်ငံရေးအကွက်ဆင်တာ သူဖြစ်နိုင်ပါတယ်။ သူတို့ထဲမှာ ဦးနှောက်အလှုပ်ရှားဆုံးက သူပါ။ ပြည်ထဲရေးကိစ္စ သူ့လက်သူ့ခြေပါ။ ကာကွယ်ရေး၊ လုံခြုံရေး သူ့အခန်း အဓိကမဟုတ်ပါ။ “ မူ ” ကိုပဲ သူချပါတယ်။

နိုင်ငံခြားရေးမှာလည်း “ မူ ” ကိုသာ ကိုင်ပြီး ဦးတင်ထွဋ်ကို လွှဲထားပါတယ်။ တောင်သူလယ်သမားကိစ္စကျတော့ သခင်တင်တို့ အပိုင်စားရာနယ်ပယ်ပါ။ ကုလားအုပ်ကျောပေါ် နောက်ဆုံးကောက်ရိုးတစ တင်ပေး (သတင်းစာတိုက်ရိုက်ချိုး) တာမှာ သူ့ပယောဂ ပါပါတယ်။ တိုက်ရိုက်တော့မပါပါဘူး။ ဒဂုန်တာရာရဲ့ ဂျာနယ်ကျော်မမလေးရုပ်ပုံလွှာမှာ ဦးကျော်ငြိမ်းလို့ မပြောပါ။ ခြောက်လုံးပြူး ခါးကြားထိုးထားသူလို့ ဆိုပါတယ်။

ဦးကျော်ငြိမ်းက “ အတိုက်အခံဟူသမျှ ချေမှုန်းကြ ” ဆိုတဲ့ဆောင်ပုဒ် ချမှတ်သူ နဲ့ ဆော်ဩသူအဖြစ် တာဝန်ရှိပါတယ်။ (ဗကပ) ချေမှုန်းရေးအကွက်ဆင်သူအဖြစ် တာဝန်ရှိပါတယ်။

တခြားသတင်းစာတိုက်တွေ ရိုက်ချိုးအပြီးမှာ ကွန်မြူနစ်ပါတီရဲ့ “ ပြည်သူ့အာဏာ ” ဂျာနယ်နဲ့ “ ကွန်မြူနစ်နေ့စဉ် ” သတင်းစာတိုက်တွေ ရိုက်ချိုးဖို့ အစီအစဉ်ရှိပါတယ်။

ယူနီဖောင်းချွတ်ထားတဲ့ စစ်သားအုပ်နဲ့ ပုဂ္ဂလိကသတင်းစာတိုက် ရိုက်ချိုးလို့ဖြစ်ပေမယ့် (ဗကပ) ကို အဲဒီလိုလုပ်လို့ မဖြစ်တာ ဦးကျော်ငြိမ်းသိပါတယ်။ ဒါကြောင့် ဗိုလ်နေဝင်းကိုအရဆွယ်ပြီး စစ်တပ်အင်အားနဲ့ (ဗကပ) ဌာနချုပ် (ပုံနှိပ်တိုက်ရှိတယ်) ဝင်သိမ်းဖို့ စည်းရုံးခဲ့တာပါ။ (ဗကပ) ဌာနချုပ်မှာ လက်နက်အပြည့်အစုံနဲ့ တပ်ရင်းတရင်း လျှို့ဝှက်ချထားတယ်လို့ ဗိုလ်နေဝင်းကိုပြောပြီး စည်းရုံးတာပါ။

ဗိုလ်နေဝင်းက ကိုကျော်ငြိမ်း ဒီ အပေါင်ဆိုင် (ဗကပဌာနချုပ်ဟာ အရင်က အပေါင်ဆိုင်) ပေါ် ဘယ့်နှယ့်လုပ်ပြီး တပ်ရင်း တရင်း နေနိုင်ပါ့မလဲ” လို့ ပြန်ပြောရတယ်လို့ ဗိုလ်နေဝင်းကိုယ်တိုင် ပြောပါတယ်။

တကယ့်အဖြစ်မှန်က ပုဂ္ဂလိက သတင်းစာတိုက်တွေ ရိုက်ချိုးခံရတဲ့နေ့က ယူနီဖောင်းချွတ်လူအုပ်ကြီးလာရင် ရင်ဆိုင်ဖို့ ပါတီဌာနချုပ်က ရဲဘော်တချို့နဲ့ စမ်းချောင်းလူငယ်တွေပဲ စုစည်းထားခဲ့ပါတယ်။ အဲဒီနေ့က ထိပ်တိုက်မတွေ့ပါ။

နောက်မှ လိုရမယ်ရ သခင်တင်ထွန်းအစီအစဉ်နဲ့ ပျဉ်းမနားကရဲဘော် လေးငါးယောက် ခေါ်လိုက်ရတာဖြစ်တယ်။ လက်နက် ယူလာလို့ မဖြစ်ပါ။

(ဗကပ) ကို ချိုးဖို့ဆိုရင် ယူနီဖောင်းချွတ်လူအုပ်နဲ့ မဖြစ်ပါ။ ဉာဏ်နီဉာဏ်နက်များတဲ့ ဦးကျော်ငြိမ်းဟာ တပ်တွင်းဆိုရှယ်လစ်တွေနဲ့ မုချတိုင်ပင်ရပါမယ်။ လက်တွေ့အလုပ်ဖြစ်ရေးဝါဒသမား ဗိုလ်နေဝင်းက (ဗကပ) နဲ့တွေ့တုန်း အပိုအမိုပြောတယ်ထား- မတ်လ ၂၈ အလစ်ဖမ်းပွဲ စီမံကိန်းကို သူသိနိုင်ပါတယ်။ တခြားဆိုရှယ်လစ်ဗိုလ်တွေလည်း သိနိုင်ပါတယ်။

အဖြစ်အပျက်က (၅၄) နှစ် ရှိပါတော့မယ်။ ချေးခြောက်ရေနူးနေတာ မဟုတ်ပါ။ အဲဒီခေတ်က ဆိုရှယ်လစ်ပါတီထိပ်သီးတွေ အခုမရှိတော့ပေမယ့် ဆိုရှယ်လစ်ဗိုလ်တွေ ကျန်နေပါသေးတယ်။ တစုတစည်းတည်းတော့ မဟုတ်၊ ဟိုရောက်ဒီရောက်ပါ။ နိုင်ငံရေးပါတီတွေ (တချို့အစိုးရပါတီ၊ တချို့အတိုက်ခံပါတီ) ထဲမှာ ရှိနေပါတယ်။ မျိုးဆက်သစ်က ပြည်တွင်းစစ်ပြဿနာ ရှင်းမယ်ဆိုရင် သူတို့ အကူအညီ ရဖို့လိုလို့ ရေးနေခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment