Monday, December 14, 2020

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၄)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၄)

 

မည်သို့ပင်ဖြစ်စေ တိရိစ္ဆာန်များ၏ အစီအစဉ်ရှိစွာ ကြိုတင်ကြံဆထားသောနည်းဖြင့် ပြုမူနိုင်စွမ်းရှိမှုကို ကျနော်တို့ အငြင်းမပွားလိုပေ။ ဆန့်ကျင်ဘက်အားဖြင့် သက်ရှိမူလရေကြည် (ဝါ) သက်ရှိ ဥအကာအရည်တည်ရှိသော တုန့်ပြန်သက်ရောက်သောအရာတိုင်းတွင်၊ ဆိုလိုသည်မှာ ပြင်ပမှ တစုံတရာထိုးဆွမှုကြောင့် အလွန့်အလွန်ရိုးစေကာမူ တစုံတရာလှုပ်ရှားသည့်အရာတိုင်းတွင် အစီအစဉ်ရှိသော လှုပ်ရှားမှုသည် အညှောင့် အတက်သဏ္ဌန်ဖြင့်တည်ရှိသည်။ ဤတုန့်ပြန်သက်ရောက်မှုသည် အာရုံကြောကလပ်စည်းရှိသောအရာမဆိုထားနှင့် မည်သည့်ကလပ်စည်းမျှ မရှိသေးသောအရာမှာပင်လျှင် တည်ရှိသည်။ ပိုးမွှားစားတတ်သောအပင်များ၏ ပိုးမွှားဖမ်းယူပုံမှာ လုံးလုံး အသိမရှိစေကာမူ တဘက်မှကြည့်လျှင် တစုံတရာ အစီအစဉ်ရှိသောပြုမူချက်ဖြစ်သည်။ တိရိစ္ဆာန်များတွင် အသိရှိသော၊ အစီအစဉ်ရှိသော ပြုမူနိုင်စွမ်းသည် အာရုံကြောစနစ် တိုးပွားမှုနှင့်အချိုးညီစွာတိုးပွားလာပြီး နို့တိုက်သတ္တဝါများအတွင်းတွင် ၎င်းသည် လွန်စွာမြင့်မားသော အဆင့်သို့ရောက်ရှိလာသည်။ အင်္ဂလန်ပြည်တွင် မြေခွေးများကိုလိုက်ရာ၌ မြေခွေးသည် လိုက်လံသူများကိုရှောင်တိမ်းရန် ဒေသကျွမ်းကျင်မှုအား မည်သို့အသုံးပြုရမည်ကို ကောင်းစွာသိရှိသည်ကို၎င်း၊ သူ့အတွက်အကျိုးရှိသော မြေအနေအထား အားလုံးကိုအသုံးပြုပြီး ခြေရာဖျောက်ရန် အဘယ်မျှပိုင်နိုင်စွာသိရှိသည်ကို၎င်း နေ့စဉ်တွေ့မြင်နိုင်ပေသည်။ လူနှင့်နီးစပ်မှုကြောင့် ပိုမိုမြင့်မားစွာဖြစ်ပေါ်တိုးပွားလာသော ကျနော်တို့မွေးမြူထားသောတိရိစ္ဆာန်များအတွင်း၌ ကလေးများနည်းတူ သွက်လက်သောအပြုအမူများပြုလုပ်သည်ကို နေ့စဉ်တွေ့မြင်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူ၏အမိဝမ်းတွင်းရှိ သန္ဓေဖြစ်ပေါ်တိုးပွားရာဖြစ်စဉ်သည် ပိုးကောင်မှအစပြု၍ ကျနော်တို့ဘိုးဘေးသတ္တဝါများ၏ ကိုယ်ခန္ဓာ တစတစပြောင်းလဲမှု၏ နှစ်သန်းပေါင်း များစွာရှည်ကြာသောသမိုင်းကို တဖန်ပြန်၍အကျဉ်းချုပ်ထားခြင်းသာလျှင်ဖြစ်သကဲ့သို့ ကလေးများ၏ စိတ်ပိုင်းဖြစ်ပေါ်တိုးပွားမှုသည်လည်း ဤဘိုးဘေးများ၊ ယုတ်စွအားဖြင့် အနီးကပ်ဆုံးဘိုးဘေးများ၏ အသိဉာဏ်ဖြစ်ပေါ်တိုးပွားမှုကို တဖန်ပို၍ အကျဉ်းခြုံးထားခြင်းသာ ဖြစ်သောကြောင့်တည်း။ သို့သော် တိရိစ္ဆာန်အားလုံး၏ အစီအစဉ်ရှိသောပြုမူမှုမှန်သမျှသည် သဘာဝအပေါ်တွင် သူတို့၏ဆန္ဒကိုခပ်နှိပ်ရန် မည်သည့်အခါမှ မစွမ်းဆောင်နိုင်ကြပေ။ ဤသည်ကို လူကသာလျှင်စွမ်းဆောင်နိုင်ပေသည်။

 

တိုတိုပြောရလျှင် တိရိစ္ဆာန်သည် ပြင်ပသဘာဝကိုအသုံးပြုရုံသာပြုပြီး ၎င်းတည်ရှိမှအရသာ ပြောင်းလဲစေခြင်းဖြစ်သည်။ လူကမူ သဘာဝကို ပြောင်းလဲပစ်ခြင်းနှင့် မိမိရည်မှန်းချက်အတွက် အလုပ်အကျွေးပြုစေပြီး သဘာဝကိုချုပ်ကိုင်လာခဲ့သည်။ ဤကား လူနှင့်အခြားသတ္တဝါများ အကြားမှ အဆုံးသတ်ဖြစ်သော အနှစ်သာရအရ ခြားနားချက်ဖြစ်သည်။ ဤခြားနားမှုကိုဖြစ်စေသည်မှာ အလုပ်ပင်ဖြစ်ပြန်သည်။

 

သို့စေကာမူ ကျနော်တို့လူသားများ သဘာဝအပေါ်အောင်ပွဲရသည့်အတွက် အလွန်အမင်းကျေနပ်မနေကြပါနှင့်။ ဤသို့အောင်ပွဲရတိုင်း သဘာဝ က ကျနော်တို့အပေါ် လက်စားချေခဲ့၏။ ပထမတွင် ကျနော်တို့ခန့်မှန်းထားသော အကျိုးသက်ရောက်မှုများကို ရရှိလိုက်သည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် ဒုတိယနှင့်တတိယတွင်မူ ပထမအကျိုးဆက်များကိုပင် မကြာခန ဖျက်သိမ်းပစ်လေ့ရှိသည်။ လုံးဝမတူသော ကြိုတင်မမြင်သည့် အကျိုးသက်ရောက်မှုများကို ရရှိလိုက်၏။ မက်ဆိုပိုတေးမီးယား၊ ဂရိ၊ အာရှမိုင်းနားနှင့် အခြားနေရာများတွင် လူများသည် ထွန်ယက်စိုက်ပျိုးမြေရရှိရန် သစ်တောများ ပြုန်းသွားသည်အထိ ခုတ်ထွင်ပစ်ကြသည်။ ရေခိုးရေငွေ့စုဆောင်းထိန်းသိမ်းရာ အချက်အခြာဖြစ်သော သစ်တောများဆုံးပါးသွားသဖြင့် ထိုတိုင်းပြည်များတွင် မျက်မှောက်၌ တောပြုန်းသောအခြေအနေသို့ရောက်သွားရန် အုတ်မြစ်ချနေကြကြောင်းကို မည်သည့်အခါကမှ သူတို့ အိပ်မက် မမက်ခဲ့ကြပေ၊ ၄* အဲ့လ်ပ်တောင်တန်းများပေါ်ရှိ အီတလီများသည် ထင်းရှူးတောများကို မြောက်ဘက်တောင်စောင်းတွင် ဂရုတစိုက်ကာကွယ်ပေးခဲ့ရင်း တောင်ဘက်စောင်း၌ ခုတ်ထွင်ပစ်လိုက်ကြသည်။ သူတို့သည် ဤသို့လုပ်ခြင်းဖြင့် မိမိဒေသရှိ နို့စားတိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းအား အရင်းအမြစ်မှဖျက်ဆီးပစ်နေကြောင်းကို ထိုစဉ်က အနည်းငယ်မျှမသိရှိခဲ့ကြပေ။ သူတို့သည် ဤသို့ဖြင့် တနှစ်၏အများပိုင်းတွင် တောင်ကျစမ်းရေများခမ်းခြောက်စေပြီး မိုးရာသီ၌ တောင်ကျရေများ မြေပြန့်သို့ ဒလဟောထိုးဆင်းသွားစေသည်ကို ပို၍ပင်မသိခဲ့ပေ။ ဥရောပတွင် အာလူးမျိုးပြန့်ပွားစေသူများသည် ကဆီဓာတ်များသော ဤသစ်ဥနှင့် တပါတည်းတွင် ကြပ်နာရောဂါဖြန့်ဖြူးနေသည်ကို သတိမမူမိခဲ့ကြပေ။ သို့ဖြင့် ကျနော်တို့သည် သဘာဝအပေါ် အုပ်စိုးသည်မှာ တိုင်းတပါးသားအပေါ်အောင်နိုင်သူ၊ သဘာဝ ပြင်ဘက်တွင်ရှိနေသူကဲ့သို့အလျဉ်းမဟုတ်ပဲ ဆန့်ကျင်စွာပင် ကျနော်တို့နှင့် ကျနော်တို့အသွေးအသားနှင့်ဦးနှောက်တို့သည် သဘာဝနှင့်သက်ဆိုင်ပြီး သဘာဝအတွင်းတည်ရှိသည်ကို အစဉ်သတိရကြရမည်။  သဘာဝအပေါ် ကျနော်တို့၏ချုပ်ကိုင်မှုတရပ်လုံးမှာ အခြားသတ္တဝါအားလုံးထက် သဘာဝတရားများကိုသိရှိရာတွင်၎င်း သာလွန်ခြင်းပင်ဖြစ်၏။

 

ထို့ပြင် အမှန်မှာ ကျနော်တို့သည် နေ့စဉ်နှင့်အမျှသဘာဝတရားများကို ပိုမိုမှန်ကန်စွာနားလည်လာကြပြီး သဘာဝ၏ဖြစ်ရိုးဖြစ်စဉ်လမ်းကြောင်း ကို ကျနော်တို့ကစွက်ဖက်မှုကြောင့်ဖြစ်ပေါ်လာသည့် ပိုမိုနီးကပ်သောအကျိုးသက်ရောက်မှုများနှင့် ပိုမိုဝေးကွာသောအကျိုးသက်ရောက်မှု နှစ်ခုစလုံးကို သိမြင်လာနေ၏။ အထူးသဖြင့် ဤရာစုနှစ်ရှိ သဘာဝဝိဇ္ဇာပညာ တက်လှမ်းမှုကြီးများ၏နောက်ပိုင်းတွင် ကျနော်တို့သည် အနည်း ဆုံးအားဖြင့် သာမန်အဖြစ်ဆုံး ထုတ်လုပ်ရေးပြုမူမှုများ၏ ပိုမိုဝေးကွာသော သဘာဝအကျိုးသက်ရောက်မှုများကိုသိရှိပြီး၊ ထိုမှတဆင့် ချုပ်ကိုင်လာနိုင်သော အဆင့်နေရာသို့ ရောက်ရှိလာသည်။ သို့သော် ဤသို့ဖြစ်လေလေ လူများသည် သဘာဝနှင့်တသားတည်းဖြစ်မှုကို ခံစားမှုရှိရုံမက သဘောပေါက်လာလေလေဖြစ်သည်။ ထို့ပြင် စံတင်ရှေးခေတ် ပြိုကွဲပြီးနောက် ဥရောပတိုက်၌ပေါ်ထွက်ခဲ့သော ခရစ်ယာန် ဘာသာတွင် အမြင့်ဆုံး ချဲ့ကားဖော်ပြထားသည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်း၊ လူသားနှင့်သဘာဝ၊ ဝိဉာဉ်နှင့်ခန္ဓာကိုယ်ကြား အတိုက်အခံ ဖြစ်နေသည်ဟူသော အဓိပ္ပါယ်ကင်းမဲ့ပြီး သဘာဝမကျသည့် ဤသို့သောယူဆချက်များသည် ပို၍မဖြစ်နိုင်တော့ပေ။

 

သို့သော် ထုတ်လုပ်ရေးကိုဦးတည်ထားသော ကျနော်တို့၏ပြုမူမှုများ၏ ပိုမိုဝေးကွာသော သဘာဝအကျိုးသက်ရောက်မှုများကို တစုံတခုသော အတိုင်းအတာအထိ ခန့်မှန်းတတ်ရန် နှစ်ထောင်ပေါင်းများစွာ ရှည်ကြာခဲ့သောအလုပ်လိုအပ်ပါလျှင် ဤပြုမူမှုများ၏ ပိုမိုဝေးကွာသော လူ့အဖွဲ့ အစည်းဆိုင်ရာ အကျိုးသက်ရောက်မှုအတွက်ဆိုပါက ပို၍ပင်ခက်ခဲပေသည်။ အာလူးနှင့် ၎င်းကြောင့်ဖြစ်ပေါ်လာသော ကြပ်နာပြန့်ပွားမှု အကြောင်းကို ကျနော်တို့ ဖော်ပြခဲ့ပြီးပါပြီ။ သို့သော် အလုပ်သမားများ အာလူးကိုသာ စားနေရသောအဖြစ်သို့ ကျဆင်းသွားရခြင်းကြောင့် တိုင်းပြည်နှင့်ချီ၍ ပြည်သူလူထုကြီး၏ ဘဝအခြေအနေအပေါ် အကျိုးသက်ရောက်မှုနှင့်နှိုင်းယှဉ်ပါလျှင် သို့မဟုတ် ၁၈၄၇ ခုနှစ်က(ခုနှစ် မထင်ရှားပါ) အိုင်ယာလန်တွင် အာလူးပိုး ကျသောကြောင့် အာလူးစားသော၊ အာလူးသက်သက်ကိုသာစားသော အိုင်ယာလန်သား. လူတသန်းခန့်သေကြေပြီး နှစ်သန်းခန့်မှာ ပင်လယ်ရပ်ခြားသို့ထွက်ပြေးရသောအငတ်ဘေးနှင့် နှိုင်းယှဉ်လျှင် ထိုကြပ်နာသည် မည်သို့နည်း။ အာရပ်များသည် အရက်ချက်တတ်မြောက်လာကြစဉ်က ထိုအချိန်အထိ ရှာဖွေမတွေ့ရှိသေးသော အမေရိကတိုက် ဒေသခံလူမျိုးများအား ချေမှုန်းရန်အထိ အဓိက လက်နက်များအနက် တခုကို သူတို့ဖန်တီးနေသည်ဟု မည်သို့မျှ စဉ်းစားမိကြမည်မဟုတ်။ နောင်တွင် ကိုလန်ဘာ့စ်သည် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိလိုက်ခြင်းဖြင့် ဥရောပတိုက်တွက် ကြာမြင့်စွာကတည်းက ဇျက်သိမ်းပြီးဖြစ်သော ကျေးကျွန်စနစ်အား ပြန်လည်အသက်သွင်းပေးနေသည်ကို၎င်း၊ ကပ္ပလီကျွန်ရောင်းဝယ်မှုအတွက် အုတ်မြစ်ချနေသည်ကို၎င်း သူမသိခဲ့ပေ။ ၁၇နှင့် ၁၈ ရာစုနှစ်များဆီက ရေနွေးငွေ့စက် ဖန်တီးလုပ်ဆောင်ခဲ့သောသူများသည် မည်သည့် အခြားအရာများထက်မဆို ကမ္ဘာနှင့်အဝှမ်း လူ့အဖွဲ့အစည်းဆိုင်ရာအကြောင်းအချက်များကို တော်လှန်ပစ်မည့်ကိရိယာအား သူတို့ဖန်တီးနေကြသည်ကို မသိရှိကြပေ။ အထူးသဖြင့် ဥရောပတိုက်တွင် လူနည်းစုလက်ထဲ၌ ဓနဥစ္စာများ စုစည်းသွားစေပြီး ဧရာမအများစုကြီးအား ပိုင်ဆိုင်မှုကင်းမဲ့စေလိုက်ခြင်းဖြင့် ဤကိရိယာသည် ရှေးဦးစွာ ဓနရှင်လူတန်းစားအား လူမှုရေးနှင့်နိုင်ငံရေးစိုးမိုးမှု ရစေလိုက်၏။ ထို့နောက်တွင် ဓနရှင်လူတန်းစားနှင့် ပစ္စည်းမဲ့လူတန်းစားအကြားရှိ လူတန်းစားတိုက်ပွဲကို ပေါ်ထွက်လာစေသည်။ ဤတိုက်ပွဲသည် ဓနရှင်လူတန်းစားအားဖြိုချခြင်းနှင့် လူတန်းစားရန်ဘက်ဖြစ်မှုအားလုံး ဖျက်သိမ်းမှသာ အဆုံးသတ်နိုင်ပေလိမ့်မည်။ သို့သော် ဤနယ်ပယ်တွင်လည်း ရှည်ကြာသော အကြိမ်ကြိမ် ခါးသီးသောအတွေအကြုံအရ၎င်း၊ သမိုင်းဆိုင်ရာအချက်အလက်များကို စုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်၎င်း ကျနော်တို့သည် ကျနော်တို့၏ ထုတ်လုပ်ရေးပြုမူလှုပ်ရှားမှု၏ သွယ်ဝိုက်သော ပိုမိုဝေးကွာသော လူ့အဖွဲ့အစည်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ရှင်းလင်းစွာမြင်ရန် တဖြည်းဖြည်း သင်ယူတတ်မြောက်နေပေသည်။ သို့ဖြစ်၍ ဤ အကျိုးသက်ရောက်မှုများကို ကျနော်တို့က ချုပ်ကိုင်ခြင်း၊ ထိန်းညှိခြင်းများလည်း ဖြစ်နိုင်ဘွယ်ရာအကြောင်း သိရှိလာပေသည်။

 

သို့စေကာမူ ဤထိန်းညှိမှုကိုဆောင်ရွက်ရန်မှာ သိမြင်မှုသက်သက်ဖြင့် မလုံလောက်ပေ။ ကျနော်တို့၏ ယနေ့ထိတည်ရှိနေသော ထုတ်လုပ်ရေး နည်းနာ၊ ၎င်းနှင့်တပါတည်း ရှိရင်းစွဲလူနေမှုစနစ်တခုလုံးကို တော်လှန်ပြောင်းလဲပစ်ရန်လိုအပ်ပေသည်။

0 comments:

Post a Comment